သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌရဲ့ ဖြေရှင်းချက်


မြန်မာ့လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌရဲ့ ဖြေရှင်းချက်
မြန်မာ့လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌရဲ့ ဖြေရှင်းချက်

ဒီတပတ် မြန်မာ့အရေး သတင်းသုံးသပ်ချက် ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဦးဝင်းမြ ကို ဦးကျော်ဇံသာ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အခြေအနေ၊ လုပ်ကိုင်ဆောင်ရွက်မှုဆိုင်ရာများကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးကတော့ လူ့အခွင့်အရေး ကော်မရှင်ဆိုတာ ဖွဲ့စည်းလိုက်ကတည်းက ကြိုဆိုသင့်တဲ့ သတင်းတရပ်ပါ။ ဒါပေမဲ့ တချို့က သံသယအများကြီး ရှိနေပါတယ်။ အထူးသဖြင့် ဒီအဖွဲ့က အာဏာပိုင်တွေရဲ့ ပရောဂ၊ အာဏာစက်ကွင်းအောက်က လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ ပြောကြသူတွေရှိသလို။ ပုဂ္ဂိုလ်ရေးအားဖြင့်လည်း ဦးဝင်းမြ တို့လို ပုဂ္ဂိုလ်မျိုးတွေဟာ ဗမာနိုင်ငံရဲ့ သံအမတ်အဖြစ်နဲ့ နိုင်ငံတကာ forum တွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှု မရှိပါဘူးဆိုပြီး ကာကွယ်နေရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတဲ့အတွက်ကြောင့် ဒီ ပုဂ္ဂိုလ်တွေဟာ လူ့အခွင့်အရေးအတွက် တကယ်ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပါမလား မေးခွန်းထုတ်နေတဲ့ လူတွေလည်း အများကြီးရှိပါတယ်လို့ ဘယ်လို ပြန်ပြောလိုပါတယ်။

ဦးဝင်းမြ ။ ။ ကျနော်တို့ ဘာဘဲကိုင်တွယ်ကိုင်တွယ် သံသယစိတ်နဲ့ လုပ်တာတော့ မကောင်းပါဘူး။ ခင်များ ပြောခဲ့သလိုပဲ လူ့အခွင့်အရေးကော်မရှင်ဆိုတာ ဒါ ပထမဆုံးအကြိမ် ဖွဲ့စည်းထူထောင်ပြီးတော့ ဆောင်ရွက်စေနိုင်တာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီအဖွဲ့အစည်းအနေနဲ့ ဘယ်လောက် အကျိုးပြုအောင် ဆောင်ရွက်ပေးနိုင်မယ် ဆိုတာမျိုးကို အပြုသဘောဖက်ကနေတော့ ကြည့်ရှုပေးနိုင်မယ်ဆိုရင်တော့ အားရှိတာပေါ့။ ကျနော်တို့ ကုလသမဂ္ဂမှာလည်း လုပ်ခဲ့ဘူးတဲ့အတွက်ကြောင့်မို့ ကျနော်တို့ confident building measure, mutual trust ဒီစကားလုံးတွေ အများကြီးသုံးကြပါတယ်။ ဒီလို အပြုသဘောနဲ့ လုပ်သွားမယ်ဆိုရင်တော့ ကျနော်တို့ အောင်မြင်မှုအတွက် အများကြီး အထောက်အကူဖြစ်စေမယ်လို့ ကျနော်တို့ မြင်ပါတယ်။ နောက်တခုကတော့ ကျနော်တို့ သံအမတ်ကြီးနဲ့ ထမ်းဆောင်ခဲ့တဲ့အခါမှာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိဘူးလို့ ကျနော်တို့ ပြောဆိုခဲ့တာ မရှိပါဘူး။ ကျနော်တို့ ပြောတဲ့ဟာက နိုင်ငံတော်အနေနဲ့ လူ့အခွင့်အရေးတိုးတက်အောင်၊ လူ့အခွင့်အရေးကို ကာကွယ်အောင် ဆောင်ရွက်နေတယ်ဆိုတဲ့ သဘောကိုသာ ပြောပါတယ်။ ဒီနှစ်ချက်ကို ခွဲခြားသိဖို့တော့ လိုပါတယ်။ နိုင်ငံတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှု မရှိဘူးလို့ ဘယ်လိုမှပြောလို့မရဘူး။ ကျနော်တို့ကို စွပ်စွဲနေတဲ့ နိုင်ငံကြီးတွေမှာတောင် လူ့အခွင့်အရး ချိုးဖောက်မှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ ကျနော်တို့က နိုင်ငံတော်ရဲ့ ကိုယ်စားလှယ်အနေနဲ့ နိုင်ငံတော်အစိုးရအနေနဲ့တော့ လူ့အခွင့်အရေးကို တက်အားသရွေ့ကာကွယ်ဖို့၊ တိုးတက်ထွန်းကားအောင်လုပ်ဖို့ ဆောင်ရွက်နေတယ်ဆိုတဲ့ သဘောမျိုးကိုသာ ပြောပါတယ်။ ဒါကြောင့်မို့ ဒီနှစ်ချက်ကို ခွဲခြားသိတတ်ဖို့ လိုပါတယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံတကာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကြည့်မယ်ဆိုရင် အာဏာရှိတဲ့ အသိုင်းအဝိုင်းက ချိုးဖောက်တာတွေ အများကြီးတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေ။ စစ်တပ်ပဲ ပြောလိုတာမဟုတ်ပါဘူး။ လက်နက်ကိုင်ပြီး ပုန်ကန်နေတဲ့ သူပုန်အဖွဲ့အစည်းတွေကြားမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပါတယ်။ နှစ်ဖက်လုံးမှာ ရှိပါတယ်။ ဆိုတော့ ဒီလိုကိစ္စတွေကို ဦးဝင်းမြတို့ရဲ့ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းနိုင်မယ့် အနေအထား ရှိပါသလား။

ဦးဝင်းမြ ။ ။ ပြဿနာတိတိကျကျပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ကိုင်တွယ်ဆောင်ရွက်နိုင်မှာပါ။ ကျနော်တို့ လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းတယ်ဆိုတာက လူ့အခွင့်အရေး ချိုးဖောက်ချက်နဲ့ ပတ်သက်တဲ့ တိုင်တန်ချက်များကို စီစစ်ပြီးတဲ့အခါကြတော့ ဒါတွေ ချိုးဖောက်မှုတွေ ရှိမယ်ဆိုရင် အစိုးရပိုင်းကို ကျနော်တို့က အကြံပြုတင်ပြဖို့အပိုင်းပဲ ပါပါတယ်။ အဲဒီတော့ ဒီအပိုင်းမှာ အဖွဲ့အစည်းတခုကဖြစ်ရင် သူ့ရဲ့ ဆောင်ရွက်ချက်တွေဟာ လူ့အခွင့်အရေးကို ချိုးဖောက်နေတယ်ဆိုတဲ့ အနေအထားမျိုးဖြစ်လို့ တိုင်ကြားလာတာမျိုး ရှိရင်တော့ ကျနော်တို့အနေနဲ့ စဉ်းစားဆောင်ရွက်သင့်လို့ရှိရင် စဉ်းစားဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လို့ တိုင်ကြားချက်ဆိုတဲ့ နေရာမျိုးမှာ တချက်တည်း တိုင်ကြားလို့ ဆောင်ရွက်လို့ ရမှာမျိုးမဟုတ်ဘူး။ တချို့ကိစ္စတွေမှာ အရေးကြီးတာကို - တကယ်ဖြစ်နေလား၊ မဖြစ်နေလား ဆိုတာကို ကျနော်တို့က ခိုင်ခိုင်မာမာ သိရှိဖို့လိုတယ်။ ဒါကြောင့် ကုလသမဂ္ဂမှာလည်း ကျနော်တို့ သုံးတဲ့စကားလုံး တသမတ်တည်း ထိုးဖောက်နေခြင်း persistent violation, consistent violation စသဖြင့် ဒီလို စကားလုံးလေးတွေ သုံးပါတယ်။ ချိုးဖောက်တယ်လို့ ပြောတိုင်း ကျနော်တို့ ဆောင်ရွက်ဖို့ မလွယ်ဘူးလို့ ထင်ပါတယ်။ အစောက persistent violation, consistent violation စသဖြင့် ဒီလိုဟာမျိုး ဖြစ်လာတဲ့အခါမှာသာ ကိုင်တွယ်တာမျိုး ရှိပါတယ်။ အဲဒီတော့ ဦးကျော်ဇံသာ မေးသွားတဲ့မေးခွန်းမှာ လက်နက်ကိုင်အဖွဲ့အစည်းဖက်ကို မေးထားတာလေး ကျနော်တွေ့ရတယ်။ အဲဒီတော့ ကျနော်တို့ ပတ်သက်လို့ စွပ်စွဲတဲ့အပိုင်းမှာလည်း ဒီအပိုင်းကို အများကြီး စွပ်စွဲတာမျိုးကို တွေ့ရတယ်။ အဲဒီတော့ ဒါ ဘယ်လောက်မှန်သလဲ၊ မမှန်လဲဆိုတဲ့ အနေအထားက သေချာ field trip တို့ ဘာတို့ သွားပြီးတော့ စစ်ဆေးတဲ့အခါကြမှ သိရှိနိုင်တာမျိုး ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီလို field trip သွားပြီး စစ်ဆေးဖို့ အစီအစဉ်လည်း ရှိတယ်ပေါ့ခင်များ။

ဦးဝင်းမြ ။ ။ အစီအစဉ်ဆိုတာက အခြေအနေတရပ်က တောင်းဆိုလာလို့ရှိရင်တော့ ကျနော်တို့ လုပ်ပိုင်ခွင့်ထဲမှာ ပါဝင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ လူ့အခွင့်အရေးအဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ဥပမာ တရားရုံးတရုံးက ပြစ်ဒဏ်ချမှတ်ပြီကိစ္စဆိုရင် မပါဝင်ဘူးဆိုတာ ပြောထားတဲ့သဘောကိုလည်း တွေ့ရပါတယ်။ ဆိုတော့ မြန်မာနိုင်ငံ တရားစီရင်ရေးအပေါ် လုံးဝယုံကြည်ထားတဲ့သဘောမျိုး ရှိတယ်လို့လည်း အဓိပ္ပါယ်ကောက်ယူကြပါတယ်။ ဆိုတော့ မြန်မာနိုင်ငံ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေလည်း အများကြီးပါ။ extra judicial အရေးယူတာတွေ တွေ့ရတယ်။ တခါ judicial miscarriage တွေ တရားစီရင်ရေး ယိုးယွင်းပျက်စီးမှုတွေ အများကြီးရှိတယ်လို့ စွပ်စွဲပြောဆိုခံနေရတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီကိစ္စတွေကို ဘယ်လိုဆောင်ရွက်ပါမလဲ။

ဦးဝင်းမြ ။ ။ ကျနော်တို့ တရားစီရင်ရေးနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ လေ့လာသိရှိရသလောက်တော့ နိုင်ငံအများမှာပဲ သူ့လမ်းကြောင်းနဲ့သူ၊ သူ့မဏ္ဍိုင်တရပ်အနေနဲ့ သူသီးခြား ဆောင်ရွက်ပိုင်ခွင့် ရှိပါတယ်။ တကယ်လို့ မျှမျှတတ မရှိဘူးဆိုရင်တောင် Lower Court မှာ ဆုံးဖြတ်ခဲ့တဲ့ကိစ္စကို Supreme Court ထိတောင် တင်ပြပြီး ဆောင်ရွက်လို့ရတဲ့ လမ်းကြောင်းတွေ ရှိတယ်။ ဒါကြောင့်မို့ တရားဥပဒေပိုင်းနဲ့ ပတ်သက်ပြီးတော့ ပါဝင်မစွပ်ဖက်သင့်ဘူးဆိုတဲ့ ရပ်တည်ချက်ကို ယူထားရခြင်း ဖြစ်ပါတယ်။ ကျနော်တို့ပဲ လုပ်တာမဟုတ်ဘူး တခြားနိုင်ငံတွေမှာ ဆောင်ရွက်တာတွေကို လေ့လာပါတယ်။ ဒါပေမဲ့လို့ တရားဥပဒေလမ်းကြောင်းကြီးက လုပ်နေတာတွေက တကယ်ပဲ မှားယွင်းနေတဲ့ အနေအထားမျိုး ဖြစ်လာတာမျိုး ရှိရင်တော့။ လိုအပ်လာလို့ရှိရင် ဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ဆိုတဲ့ အကြံပြုချက်မျိုးကိုတော့ ပေးလို့ရတယ်။ အဲဒီတော့ ဒါတွေမှာ ဖောက်လွှဲဖောက်ပြန် ရှိမှုတွေဟာ တကယ်ပဲ ဖြစ်နေတာလား။ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးအရ နာကြည်းမှုတွေကြောင့်၊ စွပ်စွဲမှုတွေကြောင့် သက်သက်ဖြစ်နေတာလားဆိုတာကိုတော့ ကျနော်တို့ တိတိကျကျ သိဖို့လိုပါတယ်။ အဲဒီတော့ ကျနော်တို့ ကော်မရှင်အနေနဲ့ ဆောင်ရွက်တဲ့အခါမှာ အခု တိုင်ကြားမှုလေးတွေမှာ ကျနော်တို့ တချို့တွေ့ရပါတယ်။ အဲဒီလို ကြည့်လိုက်တဲ့အခါမှာ တချို့က အမှုတောင်မပြီးသေးဘူး စွပ်စွဲချက်တွေ တင်နေတာမျိုးတွေ သွားတွေ့ရပါတယ်။ ဒီလိုနေရာမျိုးမှာတော့ ကျနော်တို့ မဝင်သင့်ဘူးလို့ ယူဆပါတယ်။ ဒါပေမဲ့လို့ ဥပဒေဆောင်ရွက်ချက်က တကယ်ပဲ မှားမှားယွင်းယွင်း ဖြစ်နေတဲ့ အနေအထားမျိုးရှိရင်တော့ ကျနော်တို့က တနေ့မှာ ဒါကိုပြန်လည်း သုံးသပ်ပြီးတဲ့အခါမှာ ပြင်ဆင်သင့်ရင် ပြင်ဆင်ဖို့ အကြံပြုချက် တင်ပြလို့ ရပါတယ်။ လုံးဝဥပက္ခာပြုထားတဲ့ အနေအထားတော့ မရှိပါဘူး။ ယေဘုယျအားဖြင့်ဆိုရင်တော့ ဥပဒေလမ်းကြောင်းဟာ သူ့အတိုင်းပဲ သူသွားသင့်ပါတယ်။ တကယ်လိုအပ်လာတဲ့ အနေအထားတခုမှာတော့ ကျနော်တို့အနေနဲ့ ပြုပြင်ဖို့အတွက်ကို အကြံပြုတင်ပြပိုင်ခွင့် ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ဥပဒေရေး သီးခြားပြဌာန်းဖို့ မလိုအပ်ဘူးလား။ သီးခြားပြဌာန်းဖို့ အစီအစဉ် ရှိပါသလား။ အခုလောလောဆယ် လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေ၊ ဘောင်တွေ သတ်မှတ်ပြဌာန်းပေးထားတာ ရှိပါသလား။

ဦးဝင်းမြ ။ ။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ဖို့ ပြဌာန်းထားတာတွေ ရှိပါတယ်။ လုပ်နည်းကိုင်နည်းကို အသေးစိတ် ရေးဆွဲပြီးတော့ အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ရဖို့ ကျနော်တို့ ဆောင်ရွက်နေပါတယ်။ ဘာကြောင့်ဆိုတော့ ကျနော်တို့က ဖွဲ့တော့ဖွဲ့စည်းလိုက်ပြီးပြီ။ ဖွဲ့စည်းလိုက်ပြီးပြီဆိုပေမယ့် လုပ်နည်းလုပ်ဟန် အသေးစိတ်က လိုအပ်ပါသေးတယ်။ ဒါကိုတော့ ကျနော်တို့က ရေးဆွဲပြီးတော့ အစိုးရအဖွဲ့ကို တင်ပြထားပါတယ်။ အတည်ပြုလာတဲ့အခါကြတော့ ကျနော်တို့ အများကိုလည်း လိုအပ်တဲ့အပိုင်းတွေကို အသိပေးသွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ အစိုးရအဖွဲ့ကို တင်ပြတယ်ဆိုတာကတော့ ကျနော်တို့ရဲ့ လုပ်ဆောင်မှုကို ဥပဒေအကြောင်းအရ ခိုင်ခိုင်မာမာ တဖတ်က အသိအမှတ်ပြုပေးဖို့ ပြဌာန်းပေးဖို့ လိုအပ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ လူ့အခွင့်အရေး ထွန်းကားဖို့ဆိုတာ တကယ်တော့ ပြည်သူလူထုကိုယ်တိုင်ကလည်း လူ့အခွင့်အရေး၊ သူတို့ အခွင့်အရေးကို သိရှိနားလည်းဖို့၊ တပါးသူရဲ့ အခွင့်အရေးကို ကာကွယ်ချင်တဲ့ စိတ်ရှိဖို့။ အဲဒီ အသိတွေ နိုးကြားလာဖို့ awareness တွေ အများကြီးလိုတယ် ထင်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံ ပြည်သူလူထုဟာ လူ့အခွင့်အရေး အသိဉာဏ် ပိုမိုရင့်သန်လာအောင် ပညာပေးမယ့် အစီအစဉ်တွေ၊ ကျောင်းမှာ လူ့အခွင့်အရေး ဘာသာရပ် ပြဌာန်းပေးမယ့် အစီအစဉ်တွေ ရှိပါသလား။

ဦးဝင်းမြ ။ ။ ဒါကတော့ ဦးစားပေး လုပ်ရမယ့် လုပ်ငန်းအနေနဲ့တောင် ကျနော်တို့ စဉ်းစားထားပါတယ်။ ဒီနေ့တောင်မှ ကော်မရှင်က အစည်းအဝေးလေး ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာဆိုရင် နောင်တချိန် ကျင်းပတဲ့ အစည်းအဝေးမှာ ကျနော်တို့ ပညာပေးရေးအပိုင်းနဲ့ ဘယ်လို ဆောင်ရွက်မယ်ဆိုတာလေးကို brain storming ညှိနှိုင်းဆွေးနွေးကြပြီးတဲ့အခါမှာတော့ အတွေးအခေါ်၊ အယူအဆလေးတွေ စုဆောင်းပြီးတဲ့အခါမှာ အကြံပြုချက်တခု တင်ပြမယ်လို့၊ စီမံချက်တခု တင်ပြမယ်လိုတောင် ရည်ရွယ်ထားပါတယ်။ ဘာကြောင့်လည်းဆိုရင် ကျနော်တို့လို အထူးသဖြင့် ဒီလို နိုင်ငံမျိုးမှာ လူ့အခွင့်အရေး ပတ်သက်ပြီး ဂဃနဏ သိရှိဖို့ လိုပါတယ်။ လူ့အခွင့်အရေးဆိုတာ တောင်းဆိုနေရုံနဲ့လည်း မရပါဘူးခင်များ။ ဘယ်လို အခွင့်အရေးမျိုးတွေကို ခံစားသင့်တယ်။ ဘယ်လို အခွင့်အရေးမျိုးတွေကို ရရှိသင့်တယ်။ ဘယ်လို အခွင့်အရေးမျိုးတွေကိုတော့ မတောင်းဆိုသင့်ဘူး စသဖြင့် သေသေချာချာ သိရှိမှသာ ကျနော်တို့ အစိုးရပိုင်းကလည်း ပေးရမယ်။ ပြည်သူလူထုကလည်း ရရှိရမယ်။ ကျနော်တို့ ရရှိမယ့် အန်ဂျီအို အဖွဲ့အစည်းတွေ၊ သက်ဆိုင်တဲ့ civil society တွေကလည်း အားလုံးပူးပေါင်း ဆောင်ရွက်နိုင်မှသာ လူ့အခွင့်အရေးကို ခံစားနိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ကျနော်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပိုချနေတဲ့ basic diplomatic course ဆိုတဲ့ သင်တန်းတခု ရှိပါတယ်။ အခြေခံ သံတမန်ရေးရာ သင်တန်းလို့ ခေါ်ပါတယ်။ အဲဒီ သင်တန်းမှာ ကျနော် လူ့အခွင့်အရေး ဘာသာရပ်နဲ့ ပတ်သက်ပြီးတော့ ပို့ချနေရပါတယ်။ ကျနော်တို့ အမြဲပြောလေ့ရှိတယ် လူ့အခွင့်အရေးဆိုတာ ပြောနေရုံနဲ့ မရဘူး။ ကျနော်တို့ နိုင်ငံ၊ ကျနော်တို့အခြေအနေနဲ့ ကိုက်ညီတဲ့ အနေအထားတခုကို မူတည်ပြီးတဲ့အခါမှာ ဖော်ထုတ်ကျင့်သုံးဖို့ လိုတယ်။ အခု ပြောနေတာက လူ့အခွင့်အရေးလိုသာ ပြောနေတာ ဒီအခွင့်အရေးထဲမှာ လွတ်လပ်မှု freedom of expression, freedom of opinion, liberty, freedom ဒီစကားလုံးတွေဟာဆိုရင် ကျနော်တို့နဲ့ သင့်လျော်အောင် ဖော်ထုတ်မကျင့်သုံးနိုင်ရင် အဓိပ္ပါယ်ဘာမှ မရှိဘူးလို့ မြင်ပါတယ်။ ဒါလေးတွေကို ကျနော်တို့ အကျိုးအတွက် ဖော်ထုတ်ကျင့်သုံးနိုင်တဲ့ အလေ့အထလေးတွေကို ကျနော်တို့ ပျိုးထောင်ပေးရမယ်ဆိုတာကို ကျနော် အမြဲပြောတယ်။ ဒါ အစောကပြောသလို လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ပညာပေးရေး၊ ဖြန့်ဖြူးရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားနိုင်မယ်ဆိုရင်တော့ တဖြည်းဖြည်း ရရှိခံစားနိုင်မယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးတခု မေးပါရစေ။ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေအကြောင်းလည်း လူတွေ စိုးရိမ်နေကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးဝင်းမြတို့ရဲ့ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ တစုံတရာ ဆောင်ရွက်ဖို့ ရှိပါသလား။

ဦးဝင်းမြ ။ ။ ကျနော်တို့ သိသလောက်ပေါ့ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ကိစ္စတွေမှာ နိုင်ငံတော်အပိုင်းက ဆောင်ရွက်နေလို့ တိုးတက်မှုရတဲ့ အနေအထားလေးတွေ ရှိတယ်လို့ ကျနော်တို့ သိရပါတယ်။ ဘာလို့လည်းဆိုတော့ ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းထားတာလည်း ရှိတယ်ပေါ့။ အဲဒီတော့ နိုင်ငံတော်အပိုင်းက ဆောင်ရွက်လို့ တိုးတက်မှု ရှိနေတဲ့ အနေအထားတခုမှာ မလိုအပ်သေးဘဲနဲ့တော့ ကျနော်အနေနဲ့တော့ ဝင်ပြီးဆောင်ရွက်တာ မလိုသေးဘူးလို့ မြင်တယ်။ လိုအပ်လာလို့ရှိရင်တော့ လူ့အခွင့်အရေးပိုင်နဲ့ ပတ်သက်တဲ့ဟာကတော့ လိုအပ်လာလို့ရှိရင်တော့ ဆောင်ရွက်ရမှာပေါ့။ ကျနော် ဆိုလိုတဲ့ဟာက progress တော့ ဖြစ်ချင်ဖြစ်မယ်။ ရှိနေတဲ့ အနေအထားမျိုးမှာ ဝင်ပြီးတော့ မလိုအပ်ဘဲ ဝင်လိုက်ခြင်းအားဖြင့် တန့်သွားနိုင်တယ်လို့ မြင်တယ်။ တချို့ကိစ္စလေးတွေမှာတော့ ကျနော်တို့ ဝင်လိုက်တဲ့အနေအထား မှန်သွားလို့ရှိရင်လည်း တိုးတက်မှုက ရသွားတယ်။ အခု ကျနော်တို့ မေတ္တာရပ်ခံစာ တင်သွင်းသလိုပေါ့။ တချို့က မေးကြတယ်။ ကျနော်တို့ တင်လိုက်တယ်။ နောက်တနေ့မှာ အစိုးရကနေ လွှတ်ပေးလိုက်တယ်။ ဘယ်လိုလုပ်တာလဲ။ timing က ချိတ်ထားသလား စသဖြင့် မေးကြတယ်။ ကျနော်ကတော့ အဲဒီလို မမြင်ဘူး။ ဒါနဲ့ လွှတ်ပေးဖို့ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်ကလည်း ပြောထားတယ်။ နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်ကလည်း ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ပြောသွားတယ်။ ဒါတွေ တောင်းဆိုနေတာလည်း ရှိတယ်။ ဒီအချိန်မှာ ကျနော်တို့ကနေ ကျနော်အမြင်သက်သက်ပေါ့ timing ဝင်သွားတယ်လို့ပဲ သုံးသပ်ချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အချိန်ကိုက် ညှိနှိုင်းပြီးတော့ လုပ်ကြတာ မဟုတ်ဘူးပေ့ါ။

ဦးဝင်းမြ ။ ။ ဒီလိုတော့ မဟုတ်ဘူးပေါ့။ ကျနော်တို့ timing ကိုက်သွားတယ်လို့ ပြောချင်တာပေါ့။ ကျနော်ဆိုလိုတာကတော့ ဘာပဲဖြစ်ဖြစ် အရေးကြီးတဲ့ကိစ္စတခုကို ဆောင်ရွက်တဲ့အခါမှာ timing က သိပ်အရေးကြီးတယ်လို့ ကျနော်မြင်ပါတယ်။ စောလွန်ရင်လည်း မေ့သွားမယ်။ နောက်ကျလွန်ရင်လည်း ကျန်နေခဲ့မယ်။ Right time မှာ လုပ်လိုက်တဲ့အခါမှာကြတော့ right result ကို ရတဲ့သဘောပါ။

XS
SM
MD
LG