ဗမာစစ်အစိုးရကို ရာဇဝတ်ကြောင်းနဲ့ အရေးယူဖို့ အနောက်တိုင်း ဒီမိုကရေစီအုပ်စုတွေ ကုလသမဂ္ဂမှာ ကြိုးပမ်းနေချိန်မှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နဲ့ အဖွဲ့ဟာ အိန္ဒိယ၊ တရုတ် နဲ့ လာအို စတဲ့ အိမ်နီးချင်းနိုင်ငံတွေကို အစိုးရဧည်သည်တော်အဖြစ် သွားရောက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံကိုတော့ သွားစရာမလိုဘူးလို့ ယူဆပုံ ရပါတယ်။ ထိုင်းဝန်ကြီးချုပ် နေပြည်တော်သွားပြီး ဂါရဝပြုတာဟာ ဒီအချက်ကို သက်သေပြရာ ရောက်နေပါတယ်။ ထိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်း ကလည်း သူတို့ စီစဉ်ထားတဲ့ နိုဝင်ဘာ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ သေချာတယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောဆိုပါတယ်။ အိမ်နီးချင်းတွေရဲ့  ကူညီထောက်ပံ့မှုကြောင့် ပြောအားရှိနေတာ ဖြစ်ပုံရပါတယ်။
တပါတီ အာဏာရှင်အစိုးရတွေဖြစ်တဲ့ တရုတ် နဲ့ လာအို တို့က ဗမာစစ်အစိုးရရဲ့  နိုဝင်ဘာ ရွေးကောက်ပွဲကို အပြည့်အဝ ထောက်ခံကြပြီး အိန္ဒိယနဲ့ ထိုင်းကတော့ ကောင်းမွန်တဲ့ အလားအလာအဖြစ် ကြိုဆိုကြပါတယ်။ တပါတီ အာဏာရှင်စနစ် ကျင့်သုံးတဲ့ လာအိုအစိုးရက ပုဂ္ဂလိကပိုင် လုပ်ငန်းနဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကို ထောက်ခံအားပေးလို့ တိုင်းပြည်စီးပွားရေး တိုးတက်လာတာ ဗမာအစိုးရ အားကျစရာပါ။ မြန်မာနဲ့ လာအိုဟာ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် ဖြစ်ကြပေမယ့် လာအိုဟာ နှစ်အနည်းငယ်အတွင်း အဆင်းရဲဆုံးစာရင်းက ထွက်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
လာအိုနိုင်ငံဟာ တရုတ်နဲ့ ဗိယက်နမ်ကို မှီခိုရုံတင်မကဘဲ ဂျပန်၊ ဆွီဒင်၊ ပြင်သစ်၊ သြစတေးလျ စတဲ့ ဒီမိုကရေစီနိုင်ငံတွေရဲ့  စီးပွားရေး အကူအညီကိုလည်း ရယူနေပါတယ်။ အမေရိကန်ကြီးစိုးတဲ့ ကမ္ဘာဘဏ် (World Bank)၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) စတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေရဲ့  ငွေကြေးအကူအညီလည်း ရယူနိုင်ပါတယ်။ ဒီ အဖွဲ့အစည်းနဲ့ အစိုးရတွေရဲ့  အကူအညီရဖို့ အခက်အခဲရှိပါတယ်။ တရုတ် အကူအညီကိုောတ့ ပြည်တွင်းပြုပြင်ရေးမလုပ်ဘဲ ရယူနိုင်တာမို့ အချိန်ကြာလာတာနဲ့အမျှ တရုတ် လွှမ်းမိုးမှု ကြိးမားလာဖို့သာ ရှိပါတော့တယ်။
လာအိုနိုင်ငံကို လွှမ်းမိုးနိုင်အောင် ထိုင်း၊ ဗိယမ်နမ် နဲ့ တရုတ်ပြိုင်ဆိုင်ကြရာမှာ တရုတ်က အနိုင်ရမယ်ပုံ ပေါ်နေပါတယ်။ လာအိုနိုင်ငံမြောက်ပိုင်းမှာ တရုတ် ကုမ္မဏီကို မျက်နှာသာပေးနေတယ်လိုပ ယူနန် တက္ကသိုလ်ပါမောက္ခ လူဂွမ်ရှင်း က ဆိုပါတယ်။ သတ္တူတူးဖော်ရေးမှာ နိုင်ငံခြားကုမ္မဏီတွေ လိုင်စင်ရဖို့ အခက်အခဲ ရှိပေမယ့် တရုတ်ဟာ သူနည်းနဲ့ သူဟန်နဲ့ အလုပ်ဖြစ်နေပါတယ်။ စိုက်ပျိုးရေး ရေအားလျှပ်စစ် သတ္တုတွင်း စတာတွေမှာ တရုတ် အရင်းအနှီး တိုးပွားနေတာဟာ ထိုင်း စီးပွားရေးကြီးစိုးမှုကို တန်ပြန်တာဖြစ်တယ်လို့ မြင်ပါတယ်။ လာအို ကွန်မြူနစ်ဟာ အရင်က ဗိယမ်နမ်မှာ သဘောတရားသင်တန်းကျောင်း တက်ခဲ့ပေမယ့် အခုတော့ ယူနန်ပြည်နယ် ကုမင် မှာ သင်တန်းတက်နေပါတယ်။ အမေရိကန်ဟာ လာအိုအစိုးရနဲ့ သဘောထားအမြင် ကွဲပြားခြားနားပေမယ့် အချို့ နေရာတွေမှာ ပူးပေါင်းဆောင်ရွက်နေတာ တွေ့ရပါတယ်။ အမေရိကန်-လာအို ကုန်သွယ်ရေး ပမာဏဟာ မပြောပလောက်ပေမယ့် တိုးပွားနေပါတယ်။
ကရင်၊ ကရင်နီ၊ မွန် နဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့တွေ ထိုင်း-မြန်မာ နယ်စပ်မျာ လှုပ်ရှားကြသလို လာအိုနိုင်ငံက မှုန် (Hmong) လူမျိုးစုဟာ ထိုင်း ဒုက္ခသည်စခန်းမှာ အခြေစိုက်ပြီး လာအိုပြည်ထဲ ဝင်ရောက်တိုက်ခိုက်လေ့ရှိတဲ့အတွက် ထိုင်းအစိုးရကို လာအိုနဲ့ ဗမာအစိုးရက ယုံကြည်တာ မဟုတ်ပါဘူး။ ထိုင်း-မြန်မာ နဲ့ ထိုင်း-လာအို အစိုးရတပ်တွေ နယ်စပ်တိုက်ပွဲဖြစ်တဲ့ အစဉ်အလာ ရှိကြပါတယ်။ မှုန်လူမျိုးစုကို ထိုင်းအစိုးရက လာအိုကို ပြန်ပို့သလို မြန်မာဒုက္ခသည်တွေကိုလည်း ရွေးကောက်ပွဲပြီးရင် ပြန်ပို့ဖို့ အစီအစဉ် ရှိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မကြာမီက ပြောဆိုသွားပါတယ်။ မှုန်လူမျိုးစုနဲ့ မြန်မာလူမျိုးစု ဒုက္ခသည်တွေကို အမေရိကန်ပြည်ထောင်စုက အများဆုံး လက်ခံထားပါတယ်။
ပင်လယ်ထွက်ပေါက် မရှိဘဲ ကုန်းပတ်လည်ဝိုင်းနေတဲ့ လာအိုနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေကို မှီခိုအားထားနေရသလို အပယ်ခံ ဗမာစစ်အစိုးရဟာလည်း အိမ်နီးချင်းနိုင်ငံတွေရဲ့  ကူညီထောက်ပံ့မှုကို အားကိုးနေရပါတယ်။ မြန်မာနဲ့ လာအိုမှာ တရုတ် စီးပွားရေး ရင်းနှီးမြုပ်နှံမှုဟာ အများဆုံးဖြစ်တဲ့အလျှောက် တရုတ်သြဇာ အရှိန်အဝါလည်း ကြီးမားနေပါတယ်။ လာအိုနိုင်ငံမှာ တရုတ်-ထိုင်း နဲ့ ဗိယက်နမ်ဟာ စီးပွားရေးပြိုင်ဘက်တွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ မြန်မာနဲ့ လာအို ခေါင်းဆောင်ပိုင်းဟာ ထိုင်းအစိုးရကို သိပ်ပြီး အယုံအကြည်ရှိတာ မဟုတ်တဲ့အတွက် ရေရှည်မှာ တရုတ်လွှမ်းမိုးဖို့သာ အလားအလာရှိပါတယ်။
တရုတ်က အရှေ့ တောင်အာရှဒေသနဲ့ ကုန်လမ်းဆက်သွယ်ရေး တိုးချဲ့  ရာမှာ မြန်မာနဲ့ လာအိုဟာ ပေါင်းကူးတံတာဖြစ်သလို ကြားခံနယ်မြေလည်း ဖြစ်နေတာဟာ တရုတ်အကျိုးစီးပွားအတွက် အရေးကြီးတဲ့နေရာက ပါဝင်နေပါတယ်။ မြန်မာနဲ့ လာအိုနိုင်ငံက သဘာဝသံယဇာတနဲ့ ရေအားလျှပ်စစ်ကိုလည်း အိမ်နီးချင်း ထိုင်းနဲ့တရုတ်ကပဲ ထုတ်ယူသုံးစွဲနေတာကြောင့် မြန်မာနဲ့လာအို အစိုးရဟာ အခွန်ကောက်ယူပြီး အာဏာတည်မြဲရေးအတွက်သာ ဆက်လက် ကြိုးပမ်းဖွယ် ရှိပါတယ်။ တိုင်းရင်းသားကိစ္စကြောင့် ပြည်တွင်းစစ် မဖြစ်မချင်း အိမ်နီးချင်း ဆက်ဆံရေးဟာ လက်ရှိအတိုင်းသာ ဖြစ်ဖို့များပါတယ်။