သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် ရေအားလျှပ်စစ်


ရခိုင်ပြည်နယ် ရေအားလျှပ်စစ်
ရခိုင်ပြည်နယ် ရေအားလျှပ်စစ်

ရခိုင်ပြည်နယ်မှာ သဘာဝဓါတ်ငွေ့ အများအပြားထါက်ပြီး မြစ်ချောင်းတွေပေါများပေမယ့် လျှပ်စစ်ဓါတ်အားသုံးစွဲမှုမှာ ပြဿနာရှိနေတဲ့အတွက် အခြားဒေသတွေထက် မီတာခ ပိုပေးနေရပါတယ်။ ရခိုင်ပြည်နယ်ဟာ အမျိုးသားလျှပ်စစ်ဓါတ်အားလိုင်း စနစ်ထဲမှာမပါဝင်ဘဲ တသီးတခြား ဖြစ်နေတာကြောင့် မြို့နယ် (၂၈) နယ်က ဓါတ်အားပေးစက်တရာမှာ သုံးဖို့အတွက် ဒီဇယ်ဆီဂါလံ (သုံးသိန်းခွဲ) ကျော် နှစ်စဉ်တင်ပို့နေရတယ်လို့ အမှတ် (၂) လျှပ်စစ်စွမ်းအင်ဝန်ကြီးက မတ်လ (၁၄) ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ပြောသွားပါတယ်။ တနေ့ နှစ်နာရီသာ ဓါတ်အားရတဲ့မြို့နယ် (၁၃) ခုရှိပြီး ရခိုင်ပြည်နယ်ကို လျှပ်စစ်ဓါတ်အားပေးတာကြောင့် အစိုးရမှာ ကျပ်ငွေသန်း (၄၅၀) ကျော် မနှစ်က အရှုံးပေါ်တင်လို့ ဆိုပါတယ်။

ဒါပေမဲ့ ရခိုင်ကမ်းလွန်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ကိုတော့ ရခိုင်ပြည်နယ်အတွက်သုံးဖို့ မရည်ရွယ်ကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအင်ဝန်ကြီးက အမျိုးသားလွှတ်တော်မှာ စက်တင်ဘာ (၁၉) ရက်နေ့က သွယ်ဝိုက်ပြောဆိုသွားပါတယ်။ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓါတ်အားသုံးစွဲရေးအတွက် သူဌေးချောင်း၊ အမ်း၊ လေးမြို့ နဲ့ စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းတွေကို လေ့လာဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ ဒီနှစ်ရှည် စီမံကိန်းတွေရဲ့ ပတ်ဝန်းကျင်အကျိုးသက်ရောက်မှု လေ့လာချက်ကို ပြည်သူလူထုသိရအောင်ထုန်ပြန်ကြေညာမယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်က ရေအားလျှပ်စစ်စီမံကိန်း (၄) ခုထဲမှာ အလားအလာအရှိဆုံးဟာ သူဌေးချောင်း ရေအားလျှပ်စစ်ဖြစ်ပါတယ်။ သံတွဲအရှေ့ဘက် (၁၂) မိုင်အကွာမှာတည်ရှိပြီး ရှေ့နှစ် (၂၀၁၂) မှာ ပြီးစီးလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ၂၀၀၅ မှာ စီမံကိန်းကို စတင်ပြင်ဆင်ပြီး ၂၀၀၇ အောက်တိုဘာလမှာ ဒေါ်လာသန်း (၆၀) ချေးဖို့ အိန္ဒိယက သဘောတူခဲ့တာကြောင့် အကောင်အထည်ဖော်နိုင်တာ ဖြစ်ပါတယ်။ အလျားပေ (၂၀၀၀) ကျော် အမြင့်ပေ (၃၀၀) ရှိတဲ့ သူဌေးချောင်းရေကာတာဟာ မဲဂါဝပ်တရာကျော် ထုတ်လုပ်နိုင်မှာဖြစ်လို့ ရခိုင်ပြည်နယ်တောင်ပိုင်းတခုလုံးကို လျှပ်စစ်ဓါတ်အားပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ ဦးသိန်းစိန်စတဲ့ ပုဂ္ဂိုလ်တွေ သွားရောက်စစ်ဆေးတဲ့ စီမံကိန်းဖြစ်ပါတယ်။ သံတွဲချောင်းနဲ့ ကျိန်တလီချောင်းမှာလည်း ရေအားလျှပ်စစ်ဆောက်ဖို့ ရည်ရွယ်တာကို အစိုးရသတင်းစာမှာ (၂၀၀၄ ဒီဇင်ဘာ ၃ ရက်က) ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေကို လျှပ်စစ်ဓါတ်အားပေးဖို့ စိုင်းတင်ရေအားလျှပ်စစ်ကို တည်ဆောက်ရေး အစီအစဉ်ရှိကြောင်း ၂၀၀၉ ဇန်နဝါရီလက ဝန်ကြီးချုပ်ဦးသိန်းစိန်ပြောတာကို မြန်မာ့အလင်းမှာ ဖော်ပြပါတယ်။ စိုင်းတင်ရေအားလျှပ်စစ်ကို တရုတ် ဒါတန်ကုမ္မဏီ၊ မြန်မာရွှေတောင်ကုမ္မဏီ နဲ့ အမှတ် (၁) လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်မယ်လို့ ဒီနှစ် ဇန်နဝါရီလ (၂၀) ရက်နေ့ထုတ် မြန်မာ့အလင်းမှာ ဖော်ပြပါတယ်။ စိုင်းတင်ရေအားလျှပ်စစ်ဟာ ဘူးသီးတောင် အရှေ့ဘက် (၁၀) မိုင်ကွာ စိုင်းတင်ချောင်းမှာ တည်ရှိပါတယ်။ ဓါတ်အား (၇၅) မဲဂါဝပ် ထုတ်လုပ်ဖို့ ရည်ရွယ်ပါတယ်။ ဦးနု အစိုးရလက်ထက်ကတည်းက ကြံစည်းခဲ့တဲ့ စီမံကိန်းအဖြစ် လူသိများပါတယ်။

ဦးနု အစိုးရလက်ထက် ပြည်တော်သာစီမံကိန်း ရေးဆွဲခဲ့တဲ့ အမေရိကန် ကေတီအေကုမ္မဏီက ၁၉၅၆ မှာ စိုင်းတင်ချောင်း လေ့လာရေးလုပ်ခဲ့ပေမယ့် သူပုန်လှုပ်ရှားနေတဲ့ နယ်မြေဖြစ်လို့ စီမံကိန်းကို ရပ်ဆိုင်းလိုက်ပါတယ်။ ရခိုင်ပြည်သူလူထုက မျှော်လင့်တောင့်တနေတဲ့ လျှပ်စစ်ထုတ်လုပ်ရေးဖြစ်တယ်လို့ အောက်တိုဘာ (၇) ရက်ထုတ် နိရဉ္ဖရာ (နရင်ဇရာ) စာစောင်မှာ ဖော်ပြထားပါတယ်။ စိုင်းတင်စီမံကိန်းအတွက် အမှတ် (၁) လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနဲ့ အနာဂတ်စွမ်းအင် မြန်မာကုမ္မဏီတို့ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးထားပေမယ့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နံှမှု ရယူမယ်လို့ ဝန်ကြီးဦးဇော်မင်းက ဆိုပါတယ်။ ဒါပေမဲ့ စိုင်းတင်ရေအားလျှပ်စစ်ဟာ ဒီဇိုင်းဆွဲတဲ့ အဆင့်သာရှိနေသေးကြောင်းကိုလည်း လွှတ်တော်မှာ ဖြေကြားသွားတာကြောင့် အကောင်အထည်ပေါ်ဖို့ အလှမ်းဝေးနေပါတယ်။

ရခိုင်ပြည်နယ် ရေအားလျှပ်စစ်စီမံကိန်းတွေထဲမှာ လေးမြို့ရေအားလျှပ်စစ်ဟာ မဲဂါဝပ် (၅၀၀) ရှိမှာမို့ အကြီးဆုံး ဖြစ်ပါလိမ့်မယ်။ မိုင် (၁၆၀) ကျော်ရှည်လျားတဲ့ လေးမြို့မြစ်ဟာ ချင်းပြည်နယ် မတူပီမှာ မြစ်ဖျားခံပြီး ပေါက်တော်မြို့နယ်မှာ ကလတန်မြစ်ထဲ စီးဝင်သွားပါတယ်။ လျှပ်စစ်ဓါတ်အား ပြဿနာရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လေးမြို့ရေအားလျှပ်စစ်ကို အရင်ဆုံး စိတ်ဝင်စားတာ ဖြစ်ပေမယ့် အကောင်အထည်ဖော်တာ မတွေ့ရပါဘူး။ နောက်မှ ဒေါ်လာသန်းတထောင်ကျော် ရင်းနှီးပြီး မဲဂါဝပ် (၅၀၀) နဲ့ (၉၀) ရှိတဲ့ လေးမြို့ရေအားလျှပ်စစ် (၂) ခုကို တရုတ် ဒါတန်ကုမ္မဏီနဲ့ မြန်မာရွှေတောင်ကုမ္မဏီတို့ ပူးတွဲတည်ဆောက်မယ့်အကြောင်း ဇန်နဝါရီလနှောင်းပိုင်းက အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။

လေးမြို့ရေအားလျှပ်စစ်ကထွက်မယ့် လျှပ်စစ်ဓါတ်အားကို ကျောက်တော၊ စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ဘူးသီးတောင် နဲ့ မောင်တောမြို့တွေကို ဖြန့်ဝေဖို့ လျာထားတယ်လို့ အမှတ် (၂) လျှပ်စစ်စွမ်းအင်ဝန်ကြီးက လွှတ်တော်မှာ ဖြေကြားသွားပါတယ်။ အမ်းမြို့မြောက်ဘက် အမ်းချောင်းမှာ မဲဂါဝပ် (၁၀) ရေအားလျှပ်စစ် တည်ဆောက်ပြီး ရခိုင်ပြည်နယ်အလယ်ပိုင်းကို မီးပေးဖို့ ရည်ရွယ်ထားပါတယ်။ လွှတ်တော်အမေးအဖြေကိုကြည့်ရင် သူဌေးချောင်းကလွဲပြီး ကျန်ရေအားလျှပ်စစ်တွေ အကောင်အထည်ပေါ်ဖို့ နှစ်အတော်ကြာဦးမယ်ဆိုတာကို သိနိုင်ပါတယ်။

XS
SM
MD
LG