သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေးနဲ့ ဗမာအစိုးရတပ်


မူးယစ်ဆေးနဲ့ ဗမာအစိုးရတပ်

လွန်ခဲ့တဲ့နှစ်က ရာသီဥတု မကောင်းတဲ့အတွက် ရှမ်းပြည်နယ်မှာ ဘိန်းအထွက်နှုန်း ကျဆင်းသွားတာကို ဗမာစစ်အစိုးရရဲ့  မူးယစ်ဆေးတိုက်ဖျက်ရေး အောင်မြင်နေသလိုလို သတင်းပေးပို့ ကြပါတယ်။ လက်တွေ့ကတော့ ရှမ်းပြည်နယ်က မြို့ နယ်အများစုမှာ ဘိန်းစိုက်ပျိုးနေကြကြောင်း ရှမ်းသံတော်ဆင့်သတင်းဌာနရဲ့  အောက်တိုဘာလထုတ် မူးယစ်ဆေး စောင့်ကြည့်ရေး (၂၄) မျက်နှာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လက်နက်ခဲယမ်း ၀ယ်ယူဖို့အတွက် လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တွေက မူးယစ်ဆေးအများအပြား ထုတ်လုပ်ရောင်းချနေတယ်လို့ အင်္ဂလိပ်သတင်းဆောင်းပါးတပုဒ်မှာ မကြာမီက ဖော်ပြထားတာဟာ အဖြစ်မှန်ကို ဖုန်းကွယ်သလို ဖြစ်နေပါတယ်။

ရှမ်းမူးယစ်ဆေး စောင့်ကြည့်ရေးအဖွဲ့ဟာ ရှမ်းပြည်နယ်က မြို့ နယ် (၅၅) ခုကို သွားရောက်လေ့လာတဲ့အခါမှာ မြို့ နယ် (၄၆) ခုမှာ ဘိန်းစိုက်ပျိုးနေတာ တွေ့ရပါတယ်။ ဘိန်းစိုက်ပျိုးတဲ့ မြို့ နယ်အများစုဟာ ဗမာအစိုးရတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေ ဖြစ်ပါတယ်။ စစ်အစိုးရရဲ့  မူးယစ်ဆေးတိုက်ဖျက်ရေး စိမံကိန်းကို အကောင်အထည် ဖော်နေတဲ့ အရိပ်လက္ခဏာ မတွေ့ရဘဲ ဘိန်းစိုက်ပျိုးသူတွေကို အစိုးရတပ်သားတွေက အခွန်ကောက်ယူနေတာကိုသာ တွေ့ရပါတယ်။

ဗမာစစ်အစိုးရအလိုကျ လိုက်လုပ်နိုင်တဲ့ ကေဒီအေ (KDA) ကချင်ကာကွယ်ရေးတပ်လို အဖွဲ့အစည်းမျိုးကို မူးယစ်ဆေးဝါး တိုက်ဖျက်သူအဖြစ် ချီးကျူးပြီး အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ် မလုပ်ချင်တဲ့ ကိုးကန့် နဲ့ ၀ ကို မူးယစ်ဆေးထုတ်လုပ်သူအဖြစ် အစိုးရစာနယ်ဇင်းက သတင်းလွှင့်ပါတယ်။ ထိုင်း-မြန်မာ နယ်စပ်ဒေသမှာ အစိုးရတပ် လက်အောက်ခံပြည်သူစစ်တွေ တည်ဆောက်ထားတဲ့ မူးယစ်ဆေးလုပ်ငန်း (၅၀) ကျော်ရှိကြောင်း သိရပါတယ်။ အထူးသဖြင့် မိုင်းဆတ်နဲ့ တာချီလိတ်မြို့ နယ်က ပြည်သူ့စစ်တွေဟာ မူးယစ်ဆေးလုပ်ငန်းမှာ ထင်ရှားပါတယ်။ ဘိန်းစိုက်ချင်တွေ လိုအပ်တဲ့ အရင်းအနှီးကို ပြည်သူ့စစ်က ထုတ်ချေးပြီး ထွက်တဲ့ဘိန်းနဲ့ အကြွေးဆပ်ရပါတယ်။ မူးယစ်ဆေးထုတ်လုပ်ရာမှာ လိုအပ်တဲ့ပစ္စည်း ကိရိယာနဲ့ ဓါတုဆေးဝါးကို ထိုင်းလုပ်ငန်းရှင်တွေက စိုက်ထုတ်ပေးတာမျိုးလည်း ရှိပါတယ်။

မဆလပါတီ ဥက္ကဌကြီး ဦးနေ၀င်းလက်ထက်မှာ ကာကွယ်ရေးအမည်ခံ ပြည်သူ့စစ်တွေက ဘိန်းမှောင်ခိုလုပ်ပြီး အစိုးရတပ်က စစ်ဗိုလ်အချို့ နဲ့ ဝေစားမျှစားလုပ်ခဲ့သလို ကြံ့ဖွံ့ဥက္ကဌကြီး ဦးသန်းရွှေလက်ထက်မှာလည်း အစိုးရတပ်လက်အောက်ခံ ပြည်သူ့စစ်ဟာ မူးယစ်ဆေးလုပ်ငန်းကို လက်ဝါးကြီးအုပ်ပြီး စစ်တပ်ကို ဝေစုခွဲပေးနေတာ ဖြစ်ပါတယ်။ ကွဲပြားခြားနားတာကတော့ ဦးနေ၀င်း လက်ထက်မှာ ခိုးကြောင်ခိုးဝှက်လုပ်ခဲ့တဲ့ မူးယစ်ဆေးလုပ်ငန်းကို ဦးသန်းရွှေလက်ထက်မှာ ဗြောင်လုပ်နေကြတာပါ။

အစိုးရတပ်ကို ဘိန်းစိုက်တဲ့ကျေးရွာတွေ ဆက်ကြေးပေးနေတာကြာပါပြီ။ ဆက်ကြေးပေးသူကို စစ်တပ်က ကာကွယ်စောင့်ရှောက်ပါတယ်။ နေပြည်တော်ရဲ့  မူယစ်ဆေးတိုက်ဖျက်ရေး လှုပ်ရှားမှု ရောက်လာတော့မယ်ဆိုရင် စစ်တပ်က ကြိုတင်အကြောင်းကြားတဲ့အတွက် အထွက်ညံ့တဲ့ ဘိန်းခင်းကို ဖျက်ဆီးနိုင်အောင် စီစဉ်ဖို့ အချိန်အလုံအလောက် ရရှိပါတယ်။ ရှမ်းပြည်နယ် နမ့်ခမ်းမြို့ နယ်မှာ တရွာ (၃) သိန်း စစ်တပ်ကို ဆက်ကြေးပေးရပါတယ်။ လာရှိုးမှာတော့ တရွာ (၆) သိန်းအထိ စစ်တပ်က ဘိန်းခွန်ကောက်လေ့ ရှိပါတယ်။ ဒါကြောင့် ဆက်ကြေးပေးနိုင်ဖို့အတွက် အတတ်နိုင်ဆုံး အများဆုံး စိုက်ပျိုးကြပါတယ်။

လွန်ခဲ့တဲ့နှစ်က ဘိန်းစိုက်ခင်းတွေ အကြီးအကျယ် တိုးပွားလာပေမယ့် ရာသီဥတု ဖောက်ပြန်တဲ့အတွက် ဘိန်းအထွက်နည်းသွားပါတယ်။ တရုတ်-မြန်မာ နယ်စပ်ဒေသကလွဲပြီး ရှမ်းပြည်နယ်တခွင်လုံး ဘိန်းစိုက်ခင်းတွေ တိုးပွားနေပါတယ်။ နမ့်ခင်းမြို့ နယ်မှာ ပြည်သူ့စစ် (၁၇) ဖွဲ့ ရှိတာကြောင့် နောတိုင်းမှာ ဘိန်းခင်းကို တွေ့နိုင်ပါတယ်။ ၀ နဲ့ မိုင်းလားတပ်ဖွဲ့ ချုပ်ကိုင်တဲ့ဒေသလွဲရင် ဘယ်နေရာမှာမဆို ဘိန်းစိုက်နိုင်ပါတယ်။ ထိုင်း-မြန်မာနယ်စပ် မိုင်းဆက်နဲ့ မိုင်းတုံမှာ ဘိန်းစိုက်သူတွေဟာ ၀ တပ်ဖွဲ့ ပိုက်နက်ထဲအထိ ဘိန်းခင်းတွေ မရောက်အောင် အထူးသတိထားနေရပါတယ်။

တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသ၊ ၀ ဒေသနဲ့ မိုင်းလားဒေသက မြို့ နယ် (၁၀) ခုမှာ ဘိန်းစိုက်ပျိုးမှု ကင်းရှင်းသွားပေမယ့် ကျန်တဲ့မြို့ နယ် (၄၀) ကျော်မှာ ဘိန်းစိုက်ပျိုးနေတာ တွေ့ရပါတယ်။ လာမယ့် ၂၀၀၄ ခုနှစ်ရောက်ရင် မြန်မာပြည်မှာ မူးယစ်ဆေး ကင်းရှင်းစေရမယ်လို့ ဗမာစစ်အစိုးရ ကြွေးကြော်နေပေမယ့် ရှမ်းပြည်နယ်မှာ (၂၀) ရာခိုင်နှုန်းကသာ ဘိန်းမဲ့ဒေသဖြစ်ပြီး (၈၀) ရာခိုင်နှုန်းမှာ ဘိန်းစိုက်ပျိုးနေကြပါတယ်။ ကိုးကန့် ၀ နဲ့ မိုင်လားနယ်မြေဟာ ဘိန်းမဲ့ဒေသဖြစ်သွားပေမယ့် မူးယစ်ဆေးလုပ်ငန်းမှာတော့ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေ ပါဝင်နေတုန်းပဲလို့ ဆိုပါတယ်။

ဒါပေမဲ့ မူးယစ်ဆေးလုပ်ငန်းမှာ ကြီးစိုးနေသူတွေကတော့ စစ်အစိုးရ ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေပါ။ ရှမ်းပြည်နယ် အုပ်ချုပ်ရေးကို မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ ပိုင်း စသဖြင့် ခွဲခြားထားပါတယ်။ မြောက်ပိုင်းမှာတင် ပြည်သူ့စစ်အဖွဲ့ (၄၀၀) နီးပါးရှိပြီး အင်အား (၈၀၀၀) ကျော်နဲ့ အရန် တသောင်းခွဲ လောက်ရှိပါတယ်။ မူးယစ်ဆေး ခေါင်းဆောင် (၁၁) ဦး အမည်ကိုလည်း ဖော်ပြထားပါတယ်။ ဗမာစစ်အစိုးရရဲ့  မူးယစ်ဆေး တိုက်ဖျက်ရေးလုပ်ငန်းဟာ နိုင်ငံရေး ပြိုင်ဘက်တွေကို ထိုးနှက်တဲ့ စီမံကိန်းသာ ဖြစ်တာမို့ ဘိန်းခင်းတွေ တိုးပွားနေကြောင်း အောက်တိုဘာလထုတ် ရှမ်း မူးယစ်ဆေး စောင့်ကြည့်ရေး သတင်းစဉ်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG