သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထ္ထုပ္ပတ္တိရေးသူ Peter Popham ဒေါ်စုအကြောင်း ဘယ်လိုသုံးသပ်


အထ္ထုပ္ပတ္တိရေးသူ Peter Popham ဒေါ်စုအကြောင်း ဘယ်လိုသုံးသပ်
အထ္ထုပ္ပတ္တိရေးသူ Peter Popham ဒေါ်စုအကြောင်း ဘယ်လိုသုံးသပ်

ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ The Lady and the Peacock ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထ္ထုပ္ပတ္တိစာအုပ်တအုပ် စတင်ဖြန့်ဖြူးတဲ့ အခမ်းအနားကို ပြီးခဲ့တဲ့တပတ်က ဗြိတိသျှပါလီမန်မှာ ပြုလုပ်ခဲ့ပါတယ်။ နိုဘယ်ငြိမ်းချမ်းရေးဆိုရှင် Anglican ဘုန်းတော်ကြီး Desmond Tutu, ဗြိတိန်ရုပ်ရှင်မင်းသမီးကြီး Joanna Lumley စတဲ့ ထင်ရှားကျော်ကြားတဲ့ပုဂ္ဂိုလ်များက ချီးကျူးပြောဆိုထားတဲ့ ဒီစာအုပ်နဲ့ ပတ်သက်ပြီး စာရေးဆရာ Peter Popham ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ Peter ပထမဦးဆုံး စာအုပ်နံမည်က စပြီး ဆွေးနွေးကြရအောင်ပါ။ The Lady and the Peacock ဆိုတော့ the Lady က ဒေါ်အောင်ဆန်းစုကြည် ကို ပြောမှန်းအားလုံး လူတိုင်းသိပါတယ်။ Peacock ဆိုတဲ့ ဥဒေါင်းငှက်က ဘာကိုတင်စားပြီး ပြောလိုတာပါလဲ။ မြန်မာနိုင်ငံမှာ ဥဒေါင်းနဲ့ ပတ်သက်တဲ့ သင်္ကေတတွေက အများကြီးရှိပါတယ်။ ကျောင်းသားတွေဆိုလည်း သူတို့ရဲ့ လှုပ်ရှားမှုကို ခွပ်ဒေါင်း striking peacock လို့ တင်စားပြီး ပြောဆိုကြပါတယ်။ Peter ရဲ့ စာအုပ်ထဲမှာ peacock ဆိုတာ ဘာကိုရည်ရွယ်ပြောသလဲဆိုတာကို ပထမဦးဆုံး ရှင်းပြပေးပါ။

Peter Popham ။ ။ ဒေါင်းဟာ မြန်မာနိုင်ငံမှာ သိပ်အရေးပါတဲ့ အဓိပ္ပါယ်ကြွယ်ဝတဲ့ နမိတ်ပုံတခု၊ သင်္ကေတတခုလို့ ကျနော်ယူဆပါတယ်။ လွန်ခဲ့သော ရာစုနှစ်တွေဆီက ဘုရင်တွေရဲ့ သင်္ကေတပါ။ ဗြိတိသျှလက်ထက်မှာတော့ တော်လှန်သောကျောင်းသားတွေရဲ့ အမှတ်အသားပါ။ နောက်ပိုင်းမှာတော့ ဒါဟာ အန်အယ်လ်ဒီရဲ့ သင်္ကေတ ဖြစ်လာပါတယ်။ ဒါကြောင့် ကျနော်အနေနဲ့ လွှမ်းခြုံသုံးသပ်မိတာက ဒေါင်းဟာ မြန်မာနိုင်ငံရဲ့ သမိုင်းခေတ်တွေအရ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနဲ့ တော်လှန်အုံ့ကြွမှုတွေကို ကိုယ်စားပြုတယ့်အချက်ပဲ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ Peter ရဲ့ အခုစာအုပ်မတိုင်မီကလည်း ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရေးထားကြတာတွေ တွေ့ရပါတယ်။ ဆိုတော့ အခု Peter ရေးတဲ့စာအုပ်က အရင်ရှိတဲ့ စာအုပ်တွေနဲ့ ဘာခြားနားမှု ရှိပါသလဲဆိုတာကို ရှင်းပြပေးပါ။

Peter Popham ။ ။ ဟုတ်ပါတယ်။ အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်အကြောင်း အထ္ထုပ္ပတ္တိ လေးငါးအုပ်လောက် ရှိပါတယ်။ ဘာခြားနားသလဲဆိုရင် ကျနော်စာအုပ်က up to date ဖြစ်ပါတယ်။ နောက်ဆုံးအခြေအနေအထိ ရေးထားတာပါ။ ဒေါ်စုကို ၂၀၀၂ ခုနှစ်မှာ အင်တာဗျူးလုပ်ခဲ့ပါတယ်။ တခါ ဒီနှစ် အစောပိုင်းမှာလည်း ထပ်တွေ့ခဲ့ပါတယ်။ သူထိန်းသိမ်းခံရက လွတ်လာပြီးခါစမှာပါ။ ပြီးတော့ ကျနော်က မြန်မာနိုင်ငံကို ခြောက်ကြိမ် ခုနှစ်ကြိမ် ရောက်ဘူးပါတယ်။ ၁၉၉၁ ခုနှစ်ကစပြီး စတင်သွားရောက်ခဲ့တာပါ။ Tourist အနေနဲ့ သွားခဲ့တာပါ။ ကရင်နယ်မြေ မာနယ်ပလောကိုလည်း ရောက်ခဲ့ဘူးပါတယ်။ ဒါကြောင့် ကျနော်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အတွေ့အကြုံအတော်လေး များပါတယ်။ တခြားတခြားသော biographer အထ္ထုပ္ပတ္တိ ရေးသူတွေထက်သာပါတယ်။ ဘယ်သူမှ မမြင်မတွေ့ဘူးသေးတဲ့ အထောက်အထားတွေလည်း အများကြီး ကျနော်မှာ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြီးတော့ Peter ဟာ သတင်းထောက်တယောက်အနေနဲ့လည်း မြန်မာပြည်အကြောင်းကို စောင့်ကြည့်ရေးသားခဲ့တယ်ဆိုတာ ဟုတ်ပါတယ်နော်။

Peter Popham ။ ။ မှန်ပါတယ်။ ကျနော် မြန်မာပြည်ကို ၁၉၉၁ ခုနှစ်တုန်းက သွားခဲ့တာ Independent မဂ္ဂဇင်းအတွက် သတင်းဆောင်းပါးရေးဖို့ သွားခဲ့တာပါ။ နောက်ပိုင်းမှာ ကျနော်က the Independent သတင်းစာအတွက် တောင်အာရှဆိုင်ရာ သတင်းထောက်ဖြစ်လာခဲ့ပါတယ်။ ဒေလီမှာ အခြေစိုက်ပါတယ်။ မြန်မာပြည်ဟာ ကျနော် cover လုပ်ရမယ့် သတင်းယူရမယ့် နယ်မြေထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် ၂၀၀၂ ခုနှစ်က ဒေါ်စု လွတ်လာတုန်းကလည်း ကျနော် ရန်ကုန်သွားပြီး အင်တာဗျူးလုပ်ခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ သတင်းသမား ရှုထောင့်က မေးခွန်းတခုကို ကျနော် စမေးချင်ပါတယ်။ Objectivity လို့ခေါ်တယ့် ဓမ္မဓိဋ္ဌာန်ကျတဲ့ မေးခွန်းပါ။ ကမ္ဘာပေါ်မှာ သူတော်စင်လိုမျိုး လေးစားကြည်ညိုခြင်း ခံကြရတဲ့ Nelson Mandela လို့လို၊ ဒေါ်အောင်ဆန်းစုကြည် တို့လို ပုဂ္ဂိုလ်တွေအကြောင်းကို ရေးရတာ ပြောရတာ ကျနော်တို့ journalists တွေအတွက် အင်မတန် တာဝန်ကြီးပါတယ်။ သူတို့ကို ဝေဖန်တာတွေ၊ အားသာချက်တွေနဲ့အတူ အားနည်းချက်တွေကို ထည့်ပြောဖို့ဆိုတာ အင်မတန် အခက်အခဲ တွေ့ရတတ်ပါတယ်။ ဒီလို အခက်အခဲမျိုး အခုအခါ Peter တွေ့ရပါသလား။ Peter ရဲ့ စာအုပ်ဟာ ဓမ္မဓိဋ္ဌာန်ကျတယ်လို့ အခိုင်အမာ ပြောနိုင်ပါသလား။

Peter Popham ။ ။ ခင်များ သိတဲ့အတိုင်းပါပဲ သတင်းလောကမှာ ဓမ္မဓိဋ္ဌာန်ဆိုတာ ခက်ခဲတဲ့ကိစ္စရပ်တခုပါ။ လုံးဝဥဿုံမျှမျှတတ ဖြစ်ဖို့ဆိုတာ ခက်ခဲပါတယ်။ တဘက်ဘက်ရဲ့ အယူအဆ၊ အမြင်ကို ပြတ်ပြတ်သားသား မတင်ပြရင် ကိုယ့်ရဲ့ ထင်မြင်ချက်ကို ပီပီပြင်ပြင် ဖော်ပြနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီစာအုပ်မှာ ကျနော့်ရဲ့ ထင်မြင်ချက် ရှင်းရှင်းလင်းလင်း တင်ပြထားပါတယ်။ စာအုပ်တအုပ်လုံးဟာ လုံးဝဓမ္မဓိဋ္ဌာန် မကျပါဘူး။ ကျနော်အမြင်မှာ ဒေါ်စုဟာ အလွန်အရေးပါ အရာရောက်ပြီး အာဏာပိုင်တွေရဲ့ ဆိုးဝါးတဲ့ အပြုအမှု ဆက်ဆံခြင်းကို နှစ်ပေါင်းများစွာ ခံလာခဲ့ရသူပါ။ ဒါကြောင့် ကျနော်ဟာ ဒီကိစ္စမှာ ဓမ္မဓိဋ္ဌာန်ကျအောင် မလုပ်နိုင်ခဲ့ပါဘူး။ မလိုအပ်တော့ဘူးလို့လည်း ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုရင် မြန်မာနိုင်ငံက အာဏာပိုင်တွေကိုရော ဒီစာအုပ်ထဲမှာ ဘယ်လို ပုံဖော်ခြယ်မှုန်းထားပါသလဲ။

Peter Popham ။ ။ တဆင့်ပြီးတဆင့်ပါပဲ။ ၁၉၈၈ အုံကြွမှုနဲ့ ဗိုလ်ချုပ်ကြီးနေဝင်း က ပြုပြင်ပြောင်းလဲရေး လုပ်ရတော့မယ်ဆိုတာ လေသံပြစ်လာကတည်းကစရင်ပေါ့။ ပြီးတော့ ဗိုလ်ချုပ်ကြီးစောမောင် ခေတ်၊ သူစိတ်ဓါတ်ချို့ယွင်းလာတာ၊ ဖယ်ရှားခံရတာ။ အဲဒီနောက် ဗိုလ်ချုပ်ခင်ညွှန့် နဲ့ ဗိုလ်ချုပ်သန်းရွှေရဲ့ အားပြိုင်ပွဲကာလက ဆယ်နှစ်လောက်ရှိမယ်။ အခုတခါတော့ မျက်နှာသစ်တွေ တက်လာတဲ့အချိန်။ အခု ဦးသိန်းစိန်တို့ရဲ့ စိတ်ဝင်စရာအချက်အလက်တွေပေါ့။ ဒါတွေနဲ့ ပတ်သက်ပြီး လူမျိုးစုံနဲ့ တတ်နိုင်သမျှ တွေ့ဆုံပြီး ပြီးခဲ့တဲ့ နှစ် (၂၀) ကျော် ကာလကို ဖော်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီလို အာဏာပိုင်တွေ ခေတ်အဆက်ဆက်ကို နောက်ခံကားလို ခြယ်မှုန်းပြီး ဒီအပေါ်မှာမှ ဒေါ်အောင်ဆန်းစုကြည် ကို အကောင်းဆုံး၊ အလှပဆုံး၊ အပြစ်ကင်းဆုံးဖြစ်အောင် ပုံဖော်ထားတဲ့ သဘောလား။ သူကို ဝေဖန်တဲ့၊ အားနည်းချက်ကို ထောက်ပြတဲ့အချက်တွေ ဘာလုပ်ထားပါသလဲ။

Peter Popham ။ ။ မဟုတ်ပါဘူး။ ကျနော်က သူကို အတော်လေး ဝေဖန်ထားပါတယ်။ ဗြိတိန်နိုင်ငံထုတ် သတင်းစာတချို့က ဒါကို သတိပြုမိကြပါတယ်။ သတင်းစာတစောင်ကဆိုရင် ကျနော်စာအုပ်ဟာ warm, but objective လို့ ဖော်ပြပါတယ်။ သူတို့က ဓမ္မဓိဋ္ဌာန်ကျတဲ့ ရေးသားချက်လို့ ဆိုထားပါတယ်။ ကျနော်ကလည်း သူ့ရဲ့ နိုင်ငံရေးလုပ်ရပ်ကို ဝေဖန်ဖို့ဆိုတာ အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒီစာအုပ်ဟာ ချီးမွမ်းထောပနာပြုထားတဲ့ စာအုပ်တအုပ်၊ ကြည်ညိုကိုးကွယ်ဖွယ်ဖြစ်အောင် ရေးထားတဲ့ စာအုပ်တအုပ် မဟုတ်ပါဘူး။ သရုပ်မှန်အတိုင်း ခြယ်မှုန်းထားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးထဲ ဝင်ရောက်လာတုန်းက သူဟာ နိုင်ငံရေးဆိုတာ တလုံးမှ နားမလည်းပါဘူး။ ဒါပေမဲ့ သူစတင် သင်ယူပါတယ်။ သင်ယူတာကလည်း အင်မတန်မှ လျှင်လျှင်မြန်မြန်နဲ့ သင်ယူနိုင်ပါတယ်။ ကျနော့် စာအုပ်မှာလည်း သူမရဲ့ နိုင်ငံရေးနဲ့ အတွေးအခေါ်တွေ ဘယ်လိုတိုးတက်လာတယ်ဆိုတာ ပေါ်လွှင်စေတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုလက်ရှိ ဦးသိန်းစိန် အစိုးရက လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကို လူတော်တော်များများက အပြုသဘောဆောင်တယ်လို့ လက်ခံနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ဒါကို လက်ခံတယ်။ ပိုမိုပြီးတော့ ဒါတွေ အရှိန်ရအောင် လုပ်ရမယ်ဆိုတဲ့ သဘောနဲ့ သူပူးပေါင်းပါဝင်မယ်ဆိုတဲ့ သဘောနဲ့ ခြေလှမ်းတွေလည်း လှမ်းလာတာ တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဘယ်လိုသုံးသပ်ထားပါသလဲ။

Peter Popham ။ ။ အခု အချိန်က သိပ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ အချိန်ပါ။ ကျနော် သတိထားမိသလောက် ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်ကစပြီး ဒေါ်စုဟာ သိပ်သတိထား ပြောဆိုလုပ်ကိုင်တာကို တွေ့ရပါတယ်။ ဥပမာ ပဲခူးကို သွားတာ၊ ပုဂံကို သွားရောက်လည်ပတ်တာလောက်ပဲ လုပ်ပါတယ်။ နယ်လှည့် စည်းရုံးရေးလုပ်ဖို့ သိပ်အလောတကြီး မလုပ်ပါဘူး။ ဒါကို သူသိပ်သတိထားတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါဟာ အစိုးရသစ်ထဲက သဘောထားပျော့ပျောင်းသူတွေရဲ့ မေတ္တာရပ်ခံချက်ကြောင့် ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ ဆုံးဖြတ်ချက်မှန်ကန်ရေးအတွက် ဒေါ်စုအပေါ်မှာ အင်မတန် ကြီးမားတဲ့ တာဝန်ကြီး ရှိနေပါတယ်။ အခုအချိန်က မြန်မာ့နိုင်ငံရေးမှာ ၁၉၈၈ နောက်ပိုင်းကစပြီး အရေးအကြီးဆုံးအချိန် ရောက်နေတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။

ဦးကျော်ဇံသာ ။ ။ ခင်များရဲ့ စာအုပ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့လူ့အဖွဲ့အစည်းကို ကိုယ်ကျင့်သိက္ခာ ပြည့်ဝသော ဒီမိုကရေစီလူ့ဘောင်အဖွဲ့အစည်းဖြစ်အောင် အားထုတ်နေတယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီ လူ့ဘောင်ဆိုတာကတော့ ဟုတ်ပါပြီ။ ကိုယ်ကျင့်သိက္ခာ ပြည့်ဝသောဆိုတဲ့ အသုံးအနှုန်းကို ရှင်းပြပါ။

Peter Popham ။ ။ အစကတည်းက သူက စိတ်ဓါတ်ရေးရာ တော်လှန်ရေးဆိုတာ ပြောခဲ့ပါတယ်။ သူ့ရဲ့ မြန်မာပြည်က ပေးစာများထဲမှာ မြန်မာနိုင်ငံကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ပြည်သူတွေက ကြောက်ရွံမှုကို တိုက်ဖျက်နိုင်ရမယ်။ စိတ်ဓါတ်ရေးရာ တော်လှန်ရေးတရပ် ဆင်နွှဲရမယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် သူ့ရဲ့ လုပ်ဆောင်ချက်ထဲမှာ ကိုယ်ကျင့်သိက္ခာပိုင်းဟာ သိပ်အရေးကြီးတဲ့ နေရာက ပါဝင်နေတယ်လို့ ထင်ပါတယ်။ ဥပမာ သူဟာ အကြမ်းဖက်မှုကို အစဉ်တစိုက် ဆန့်ကျင်ပြီး non violence အကြမ်းမဖက်ရေးကိုသာ ပြောဆိုလာပါတယ်။ ဒါဟာ သိပ်အရေးကြီးတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ လေ့လာချက်အရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနာဂတ်အခန်းကဏ္ဍကို ဘယ်လိုမြင်ပါသလဲ။ ကိုယ်ကျင့်သိက္ခာတော်လှန်ရေးလို ကိစ္စမျိုးကို အလေးထားတဲ့ ပြယုဂ်ခေါင်းဆောင်တဦးပဲ ဖြစ်လာမလား။ ဒါမှမဟုတ် တိုင်းပြည်ကို ဦးဆောင်စီမံခန့်ခွဲရတဲ့ တကယ့် ထိရောက်တဲ့ နိုင်ငံရေးခေါင်းဆောင်တယောက် ဖြစ်လာနိုင်သလားဆိုတာကို ခန့်မှန်းပေးပါ။

Peter Popham ။ ။ ကျနော်က အထ္ထုပ္ပတ္တိ ရေးသားသူပါ။ ဗေဒင်ဆရာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒေါ်စုဟာ တက်ကြွတဲ့ နိုင်ငံရေးအခန်းကဏ္ဍက ဆက်လက်ပါဝင်သွားဖို့ လမ်းကို ရွေးထားတယ်ဆိုတာကတော့ သိသာပါတယ်။ သူဟာ သူ့ရဲ့ အနာဂတ်ကို အင်္ဂလိပ်ဘုရင်မကြီးလို အခန်းကဏ္ဍမျိုးအတွက် ရည်ရွယ်လိမ့်မယ်လို့တော့ မထင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဗေဒင်ဆရာ မဟုတ်ပေမယ့် biographer အနေနဲ့ ဖြေနိုင်မယ့် မေးခွန်းတခုကိုတော့ ကျနော် ထပ်မေးချင်ပါသေးတယ်။ နိုင်ငံရေးခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် အနာဂတ်မှာ အကြီးမားဆုံး စိန်ခေါ်မှုက ဘယ်အရာလို့ ထင်ပါသလဲ။

Peter Popham ။ ။ အကြီးမားဆုံး စိန်ခေါ်မှုကတော့ အစိုးရအဖွဲ့ထဲ ပါလာတဲ့အခါ အဲဒီ အစိုးရအဖွဲ့ကို သူလိုချင်တဲ့ လမ်းကြောင်းဆီ၊ ဦးတည်ချက်ဆီ တည်မတ်ပေးရမယ့် အရေးဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်ရုံနဲ့ နှစ်ပေါင်း (၅၀) ကျော် ရက်ရက်စက်စက်၊ ကြမ်းကြမ်းကြုတ်ကြုတ် အုပ်စိုးလာတဲ့ အုပ်ချုပ်ရေးတရပ်ရဲ့ အပြုအမှုတွေ၊ မူဝါဒတွေကို ပြောင်းလဲရေးဟာ ဘာမှမဆိုင်သေးပါဘူး။ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရအုံးမယ့် ပြဿနာတွေက ကျန်နေပါသေးတယ်။

ဦးကျော်ဇံသာ ။ ။ သူလိုချင်တဲ့ ဦးတည်ချက်လမ်းကြောင်းဆိုတာကို နည်းနည်း အသေးစိတ်ပြောပါ။

Peter Popham ။ ။ တိုင်းရင်းသားများ သဟဇာတဖြစ်ရေး၊ လူထုသာယာဝပြောရေး၊ ကျန်းမာရေး၊ ပညာရေး အများကြီးပါပဲ။ များမြောင်းလာတဲ့ မူဝါဒတွေကို သူပြောင်းလဲချင်မှာပါ။ ဒါကြောင့် သူ့အတွက် နိုင်ငံရေး စိန်ခေါ်မှုတွေက ကြီးမားလွန်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါနဲ့ တိုင်းရင်းသားများ သဟဇာတဖြစ်ရေးဆိုလို့ Peter အင်တာဗျူးလုပ်ခဲ့တဲ့အထဲမှာ၊ ဒီစာအုပ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းရင်းသားရေးရာ မူဝါဒကို တိတိကျကျ ဖော်ပြထားပါသလား။

Peter Popham ။ ။ သိတဲ့အတိုင်းပါပဲ ပြီးခဲ့တဲ့ တနှစ်ကျော် သူပြန်လွတ်လာခဲ့တဲ့အချိန်ကစပြီး တိုင်းရင်းသားတွေ ပါဝင်တဲ့ ပင်လုံညီလာခံတရပ် ခေါ်ယူရေးကို ကြွေးကြော်လာခဲ့တာပါ။ ဒီတိုင်းရင်းသားပြဿနာဆိုတာ အာဏာပိုင်တွေက သိပ်တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့ ပြဿနာပါ။

ဦးကျော်ဇံသာ ။ ။ အဲဒီ ဒုတိယ ပင်လုံညီလာခံကိစ္စကို အခု သိပ်မပြောတော့ပါဘူး။ ဒါဟာ လက်ရှိ အစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်ချင်လို့ အဲဒါကို စတေးလိုက်တယ်လို့ ဆိုနိုင်ပါသလား။

Peter Popham ။ ။ ဒီလို ယူဆတာ မှန်တယ်လို့ မထင်ပါဘူး။ ဒေါ်စုဟာ မူဝါဒရေးရာ အလျှော့ပေးမှု အကြီးအကျယ် တစုံတရာ မလုပ်ဘဲ စေ့စပ်ဆွေးနွေးနိုင်ဖို့ အင်မတန်ခက်ခဲတဲ့ ပွဲတပွဲကို ကစားနေရတာပါ။ ဒါကြောင့် ဒီအချိန်မှာ ဒါကို တစုံတရာ ပြောဆိုဝေဖန်နေဖို့ အင်မတန် စောလွန်နေပါသေးတယ်။ အခုအထိ သူဘက်က ချဉ်းကပ်မှုဟာ သိပ်မှန်သိပ်ကောင်းနေပါတယ်။ ဒီအချိန်မှာ အဓိက စိန်ခေါ်မှုက ဒီအစိုးရကို အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လုပ်နေသော အစိုးရတရပ်ဖြစ်လာအောင် ဆွယ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။

XS
SM
MD
LG