ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ အရှေ့ တောင်အာရှနိုင်ငံများအသင်း အာဆီယံက အသင်းဝင် မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်မှာ ဥက္ကဋ္ဌတာဝန် ပေးအပ်ဖို့ ရှိနေပါတယ်။ ဒီလို တာဝန်ပေးအပ်လိုက်တာ သင့်တော်ပါရဲ့ လား။ ဥက္ကဋ္ဌ တာဝန်ယူလာရတဲ့အတွက် မြန်မာနိုင်ငံအတွက် တိုးတက်မှုတွေ၊ အကျိုးကျေးဇူးတွေ ဘာတွေများ ရလာနိုင်မယ့် အလားအလာတွေ ရှိလာပါသလဲ။ စတဲ့အချက်အလက် အကြောင်းအရာတွေကို အာဆီယံဒေသအတွင်း မြန်မာ့အရေး ဦးဆောင်လှုပ်ရှားနေသူ မခင်ဥမ္မာ နဲ့ မြန်မာ့အရေး စောင့်ကြည့်အကဲခပ်နေသူ ဗဟုအဖွဲ့မှ ကိုအောင်သူငြိမ်း တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံကို ၂၀၁၄ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ရာထူးပေးဖို့အတွက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့  အစည်းအဝေး သဘောတူညီပြီး ဆုံးဖြတ်လိုက်ကြပါတယ်။ အဲဒါကို သူတို့က ထိပ်သီးအစည်းအဝေးကို ထောက်ခံတင်ပြမယ်။ နောက် ကြေညာချက်ထုတ်မယ်။ ဒီသတင်းကို ကြားလိုက်ရတဲ့အခါမှာ ပထမဦးဆုံး မခင်ဥမ္မာတို့ အနေနဲ့ ဘယ်လိုပြောလိုပါသလဲ။
မခင်ဥမ္မာ ။ ။ ကျမအနေနဲ့ကတော့ မအံ့သြပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အာဆီယံအနေနဲ့က သူတို့လုပ်ထုံလုပ်နည်းတွေထဲမှာ ပထမအကြိမ် မေလမှာတုန်းက ငြင်းဆိုခဲ့ပြီးကာလမှာ နောက်တကြိမ်မှာ ထပ်ငြင်းဆိုဖို့ တော်တော် ခက်ခဲတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း အခု ဒီကာလအတွင်းမှာ ပြောင်းလဲမှုဆိုတဲ့ဟာ တစုံတရာကို မြင်နိုင်တဲ့ဟာဖြစ်အောင်လို့ သူတို့ဘက်ကနေ အင်ဒိုနီးရှားဝန်ကြီးကိုယ်တိုင်လာတာတို့။ ကင်တားနား သွားနိုင်ဖို့အတွက် တိုက်တွန်းနှိုးဆော်ပြီးတော့မှ ကြိုးစားတာတို့ ဒါမျိုးတွေ အများကြီးလုပ်တာတွေကို ကျမတို့ တွေ့ရတယ်။ ဒါပေမဲ့ စိတ်ပူစရာကောင်းတာတခုပဲ ကျမတို့ မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် အဲဒါကိုပဲ မေးချင်ပါတယ်။ အာဆီယံဘက်က ဆုံးဖြတ်ချက်ကတော့ သူတို့လည်း မလွှဲသာလို့ ဆုံးဖြတ်တယ်လို့ မခင်ဥမ္မာ က သုံးသပ်တယ်။ အဲဒါက အံ့သြစရာ မဟုတ်ဘူး။ ဒါပေမဲ့ မခင်ဥမ္မာတို့အဖွဲ့အနေနဲ့ ဒီဆုံးဖြတ်ချက်ကို ဘယ်လိုသဘောထားပါသလဲ။
မခင်ဥမ္မာ ။ ။ ကျမတို့အနေနဲ့ကတော့ ဒီဆုံးဖြတ်ချက်က စောလွန်တယ်လို့ထင်တယ်။ ဒါကြောင့်မို့လည်း ကျမတို့ တောက်လျှောက် သူတို့ကို အကြောင်းကြားပါတယ်။ ဒီအချိန်မှာတော့ ပေးခြင်းကော၊ မပေးခြင်းကော ဘာကိုမှမဆုံးဖြတ်ပါနဲ့။ စောလွန်ပါသေးတယ်။ ဦးသိန်းစိန်အစိုးရအနေနဲ့ တကယ်လုပ်ရမယ့် အလုပ်တွေ၊ တကယ်ပြောင်းလဲရမယ့်ကိစ္စတွေ၊ တကယ် သူတို့ဘက်ကနေ ထင်သာမြင်သာရှိအောင် ကြိုးစားပြရမယ့်၊ လုပ်ပြရမယ့်ဟာတွေကို အရင်ဆုံးလုပ်ပါစေအုံး။ နှုတ်ကတိတွေပဲ ပြောနေတာ မဟုတ်ဘဲ၊ လက်တွေ့ လုပ်ပြမယ့်ဟာတွေကို ထင်သာမြင်သာဖြစ်အောင် စောင့်ကြည့်ပါအုံး။ အဲဒါပြီးမှသာလျှင် ဆုံးဖြတ်ချက်ကိုလုပ်ပါလို့ ကျမတို့ တိုက်တွန်းတာပါ။ အခုအချိန်မှာ အခုလို ဆုံးဖြတ်လိုက်တယ်ဆိုလို့ရှိရင် ဆုံးဖြတ်မယ်ဆိုရင် ဦးသိန်းစိန်အစိုးရရဲ့  တကယ် နိုင်ငံရဲ့ အာဏာကို ချုပ်ကိုင်ထားတဲ့ စစ်ခေါင်းဆောင်တွေအနေနဲ့က ဒါဆိုလို့ရှိရင်တော့ လိုချင်တာတော့ရပြီ။ ဘာမှလည်းထပ်ပြီးတော့မှ အချိန်မြန်မြန်နဲ့ တကယ်ပြုပြင်ပြောင်းလဲရေးလုပ်ရမယ့် ကိစ္စတွေကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ရမယ့်ကိစ္စတွေကို မဆောင်ရွက်ဘဲနဲ့ ဘိုနေမြဲကျားနေမြဲ ဆက်နေသွားနိုင်တဲ့ အခြေအနေမျိုး ဖြစ်တဲ့ ဖြစ်နိုင်တဲ့ အခြေအနေပေါ်မှာတော့ ကျမတို့ အများကြီးစိုးရိမ်တယ်။ ဒါတွေကိုလည်း ကျမတို့ တင်ပြခဲ့ပါတယ်။
ဦးကျော်ဇံသာ ။ ။ မေးစရာ နှစ်မျိုးရှိပါတယ်။ မခင်ဥမ္မာတို့အနေနဲ့ ဦးသိန်းစိန်ကို စစ်ခေါင်းဆောင်အနေနဲ့ ဆက်လက်ပြီးတော့ ယူဆထားပါသလား။ စစ်တပ်အပေါ်မှာ ဦးသိန်းစိန်ရဲ့  သြဇာလွှမ်းမိုးမှု ရှိနေသေးတယ်လို့ ထင်ပါသလား။ အကျဉ်းချူံးဖြေပေးပါ။
မခင်ဥမ္မာ ။ ။ ကျမမြင်တာကတော့ စစ်ဗိုလ်ချုပ် မဟုတ်တော့တဲ့ ဦးသိန်းစိန်အနေနဲ့က လက်ရှိ စစ်ခေါင်းဆောင်တွေအပေါ် သြဇာအာဏာ ပြောင်းလဲမှုရှိတယ်လို့တော့ မတွေ့ဘူး။ မတွေ့လို့လည်း အခုအချိန်အထိ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အသံထွက်လာလိုက်။ မလွှတ်တာတွေဖြစ်လိုက်။ ငြိမ်းချမ်းရေးကို ဦးသိန်းစိန်က ပြောနေလိုက်။ ကချင်ပြည်နယ်တို့ဘာတို့မှာလည်း စစ်တပ်တွေ ပိုပြီးတော့ လွှတ်ပြီး တိုက်ခိုက်၊ တိုက်ပွဲတွေ ပိုဖြစ်လိုက် ဒါတွေကို ကျမတို့ တွေ့နေရတယ်။ ဒါကြောင့်မို့ ကျမတို့ မြင်တာက တကယ်တမ်းက ကာကွယ်ရေးနဲ့ လုံခြုံရေး ကာလုံ (၁၁) ဦး ကော်မတီကသာလျှင် နိုင်ငံရဲ့  အချုပ်အခြာအာဏာ၊ အဓိကကျတဲ့ ဆုံးဖြတ်ချက်တွေကို ဆက်ကိုင်ထားတာကို တွေ့ရတော့ ဘာပဲလုပ်လုပ် သမ္မတဦးသိန်းစိန် တယောက်တည်းမပြီးဘူးဆိုတာကို ကျမတို့ လက်တွေ့မြင်နေရတယ်။ ဒါကြောင့်မို့လည်း ကျမတို့ စိတ်ပူတာပါ။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ပိုင်းမှာ ဘာဆက်ဆွေးနွေးချင်သလဲဆိုတော့ အာဆီယံက မြန်မာနိုင်ငံကို ဥက္ကဋ္ဌအဖြစ် အသိအမှတ်ပြုလိုက်ခြင်းဟာ မြန်မာနိုင်ငံမှာ ခပ်ရေးရေး မြင်နေရပြီးဆိုတဲ့ ပြုပြင်ပြောင်းလဲရေးအလားအလာတွေကို ပိုပြီးအရှိန်အဟုန်မြှင့်ပေးလာတဲ့ သဘောမဖြစ်နိုင်ဘူးလား။ သူတို့လုပ်ချင်တဲ့ဆိုတဲ့ ယုတ်စွအဆုံး ဦးသိန်းစိန် လုပ်ချင်တယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးတွေအတွက် ပိုပြီး အဟန့်အတား ဖြစ်သွားစေသလားဆိုတာကို ဆက်ပြီးဆွေးနွေးချင်ပါတယ်။ အဲဒါ မဆွေးနွေးခင်မှာ ကိုအောင်သူငြိမ်းကို နည်းနည်းမေးချင်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ပထမဦးဆုံး ဘယ်လိုသဘောရပါသလဲ။ မဥမ္မာကတော့ အံ့သြစရာ မဟုတ်ပါဘူးဆိုပြီး ပြောပါတယ်။
ကိုအောင်သူငြိမ်း ။ ။ ဒီသတင်းနဲ့ ပတ်သက်လို့ကတော့ အခုန မဥမ္မာလိုပါပဲ သိပ်တော့ အံ့သြစရာမရှိပါဘူး။ ဒါပေမဲ့ သွားခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့  နိုင်ငံခြားရေးဝန်ကြီး မာတီ က ဘာပြောသလဲဆိုတော့ အခုမြန်မာနိုင်ငံမှာရှိတဲ့ အပြောင်းအလဲတွေဟာ irreversible ပြန်ပြီးတော့ နောက်ပြန်လှည့်လို့ မရတဲ့ အပြောင်းအလဲမျိုးဆိုတာကို သုံးသပ်ပါတယ်။ တကယ်မိုလို့ အာဆီယံအဖွဲ့မှာ အခုလိုဒီလို မြန်မာအစိုးရအပေါ် တာဝန်ပေးလိုက်တဲ့အတွက်လည်း မြန်မာပြည်မှာရှိနေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ နောက်ပြန်မဆုတ်အောင် အာဆီယံအနေနဲ့ ပိုပြီးတော့ စောင့်ကြပ်ကြည့်ရှုဖို့ တာဝန်ရှိသွားတယ်လို့ ကျနော်မြင်တယ်။
ဦးကျော်ဇံသာ ။ ။ မဥမ္မာ အနေနဲ့ အဲဒီလို မထင်ဘူးလား။ အာဆီယံပြောသလို မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြုပြင်ပြောင်းလဲရေးဟာ ပြန်ပြီး နောက်ပြန်လှည့်လို့မရနိုင်တဲ့ ပြုပြင်ပြောင်းလဲရေးလို့ မသုံးသပ်ဘူးလား။
မခင်ဥမ္မာ ။ ။ ကျမကတော့ အဲဒီလို မမြင်ဘူးရှင့်။ အင်မတန် စောပါသေးတယ်။ နိုင်ငံတနိုင်ငံမှာ အသွင်ကူးပြောင်းရေးကာလတခုကြားထဲမှာ လုပ်ပြီဆိုလို့ရှိရင် ဒီလောက် လပိုင်းကာလလောက်ထဲမှာ အခု ထင်သာမြင်သာရှိတဲ့ အပြောင်းအလဲတွေ မဖြစ်လာသေးတဲ့အချိန်မှာ အခုဖြစ်နေတဲ့ အပြောင်းအလဲတွေက irreversible နောက်ပြန်မလှည့်တော့ဘူးဆိုတာ ပြောဖို့အတွက်၊ သုံးသပ်ဖို့အတွက် အင်မတန်မှ အချိန်စောလွန်တယ်။ အထူးသဖြင့် ကျမတို့လို နိုင်ငံမျိုး နိုင်ငံရေးအခြေအနေ အင်မတန်မှ ရှုပ်ထွေးပြီးမှ တကယ်ကို ဆယ်စုနှစ်များစွာ မဖြေရှင်းနိုင်တဲ့ တိုင်းပြည်ရဲ့  အဓိက နိုင်ငံရေးပြဿနာတွေက လက်ရှိအာဏာယူထားတဲ့လူတွေက ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာရှိအောင် ဖြေရှင်းဖို့အစီအစဉ်ကို အခုအချိန်ထိ ပြောနေတာကို ကျမတို့ မကြားရသေးဘူး။ အမျိုးသားပြန်လည် ရင့်ကြားစေ့ရေးကိစ္စ၊ တွေ့ဆုံဆွေးနွေးရေးကိစ္စ။ ဒါတွေ ဘာမှပြောနေတာ၊ လုပ်နေတာတွေ မကြားရသေးတဲ့ကာလမှာ ကျမအမြင်တော့ အချိန်စောလွန်တယ်။
ဦးကျော်ဇံသာ ။ ။ မာတီ ကတော့ တချိန်တည်းမှာပဲ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ဘာညာဆိုတာလည်း သူပြောထားတာကို တွေ့ပါတယ်။ ထောက်ခံတင်ပြတဲ့ အချက်ထဲမှာ။ ကိုအောင်သူငြိမ်းအနေနဲ့ ပြန်လည်ပြီး နောက်ပြန်မလှည့်နိုင်တော့တဲ့ အပြောင်းအလဲဆိုတဲ့ အချက်အလက်တွေက ဘယ်လိုတွေကို ထောက်ပြကြမလဲ။ ဘယ်လို အချက်တွေကို လက်ဆုပ်လက်ကိုင် ပြကြမလဲ။ ဘယ်လို တိုးတက်မှုတွေကို ပြကြမလဲ။
ကိုအောင်သူငြိမ်း ။ ။ ကျနော်တို့ ဒီနိုင်ငံ အတော်များများမှာ အပြောင်းအလဲတွေ ဖြစ်တဲ့အခါမှာကြတော့ တသမတ်တည်းသွားတဲ့ သဘောထား မရှိဘူး။ အပြောင်းအလဲတွေက နောက်ပြန်ဆုတ်တာလည်း ရှိတယ်။ သေးနေတာလည်းရှိတယ်။ လမ်းကြောင်း လွဲထွက်သွားတာလည်း ရှိပါတယ်။ အခုအနေအထားမှာတော့ မြန်မာပြည်မှာ ဖြစ်လာတဲ့ အပြောင်းအလဲတွေက လောလောဆယ် ကြည့်မယ်ဆိုရင်တော့ အပြောင်းအလဲတချို့  စမြင်လာရပါတယ်။ ဒါပေမဲ့လည်း တကယ်ခိုင်မာပြီးလားဆိုရင် ပြောဖို့ ခက်သေးတဲ့အနေအထားမျိုး ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ ဘယ်အချက်အလက်တွေလို့ နည်းနည်း နမူနာပေးပါ။ မြင်နေရတဲ့ အပြောင်းအလဲတချို့ ဆိုတာ ဘယ်ဟာကို ပြောလိုတာပါသလဲ။
ကိုအောင်သူငြိမ်း ။ ။ မြင်နေရတဲ့ အပြောင်းအလဲဆိုတာကတော့ အထူးသဖြင့် အခုအချိန်မှာ နိုင်ငံရေးအကျဉ်းသားတချို့  လွတ်လာတာတွေရှိတယ်။ နောက်တခုကတော့ လက်ရှိ အတိုက်အခံတွေပေါ်မှာ သည်းခံပြီး ဆက်ဆံလာတဲ့အနေအထားမျိုးတွေ ဒါတွေက အရင်ထက်ဆရင် တော်တော်များများ ပြောင်းလဲတဲ့အနေအထားပါ။ နောက်တခုကတော့ သတင်းစာတွေ၊ ဂျာနယ်တွေမှာ တော်တော်လေး လွတ်လွတ်လပ်လပ် ရေးသားခွင့် ရလာတဲ့အနေအထားတွေ ရှိပါတယ်။ နောက်တခါ စီးပွားရေးဘက်မှာလည်း ပြုပြင်ပြောင်းလဲမှု ခြေလှမ်းလေးတွေ စလာတဲ့ အနေအထားတွေ တွေ့နေရတဲ့ စသဖြင့်ပေါ့။ ဒါပေမဲ့ ပြောရမယ်ဆိုရင်တော့ တော်တော်များများတော့ လုပ်ဖို့ကျန်နေသေးတဲ့ အနေအထားတွေ ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရရဲ့  ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံမှုတွေ ပိုစိပ်လာတယ်။ သမ္မတနဲ့လည်း တိုက်ရိုက်တွေ့ခဲ့တယ်။ ဒီကိစ္စတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က နှစ်ထောင်အားရတဲ့ စကားတွေပြောပါတယ်။ မဥမ္မာ အဲဒီလို တွေ့ဆုံမှုတွေကို ဘယ်လိုပြောချင်ပါသလဲ။
မခင်ဥမ္မာ ။ ။ ကျမ မြင်တာကတော့ တွေ့ဆုံမှုတွေက ဒေါ်အောင်ဆန်းစုကြည်ဘက်က သူတသက်လုံး တောက်လျှောက်နှစ်ပေါင်းများစွာ အခုကျန်ခဲ့တဲ့ အနှစ် (၂၀) အတွင်း သူအမြဲတမ်း ခေါ်လာခဲ့တဲ့ဟာတခုဖြစ်တယ်ဆိုတော့ တွေ့ဆုံဆွေးနွေးမှု ဖြစ်လာတာဟာ ဝမ်းသာစရာပေါ့ရှင်။ ဒါပေမဲ့ တကယ်တမ်း ကျမတို့ ကြည့်လိုက်ရင် ကျန်ခဲ့တဲ့ ငါးလခြောက်လကာလအတွင်းမှာ တွေ့ဆုံဆွေးနွေးမှုရဲ့  အခြေအနေ အဆင့်အတန်း ဘယ်နေရာကို ရောက်လဲလို့ ကြည့်ကြည့်ပါတယ်။ ကြည့်တဲ့အခါမှာ ကျမမြင်တာက ဒီတွေ့ဆုံဆွေးနွေးမှု ဖြစ်စဉ် ပတ်ဝန်းကျင်အနေအထားတခုလုံးဟာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ကျမတွေ့တယ်။ ပြောချင်တာက ဘာလည်းဆိုရင် ဒီလိုမျိုး တွေ့ဆုံဆွေးနွေးမှုဟာ တန်တူညီတူ တွေ့ဆုံဆွေးနွေးမှုမျိုး ဖြစ်ရမယ်။ အချိန်အတိုင်းအတာတွေ ရှိရမယ်။ နောက်ပြီး ဒီဟာက နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ဖြစ်ပြီးတော့မှ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို တကယ် ဦးတည်တယ်ဆိုတာမျိုးကို ပြည်သူသိအောင် အသိပေးရမယ့် အခြေအနေမျိုး ဖြစ်ရမယ်။ ရှိရမယ်။ ဒီလို အခြေအနေမျိုးတွေကို ကျမတို့က တခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ် ဆက်စောင့်ကြည့်တဲ့အခါမှာ အခုအချိန်အထိ မတွေ့ရသေးဘူးရှင့်။ တကယ် သူတို့ လုပ်ပြရမယ့်ဟာတွေ ရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေက အခုလောလောဆယ် ကိုအောင်သူငြိမ်း ပြောသလို - တချို့  လွှတ်ပေးတာ ရှိတယ်လို့ ကျမတို့ တွေ့ရတယ်။ ဒါပေမဲ့ အဲဒါက ဗိုလ်ချုပ်သန်းရွှေ လက်အောက်မှာလည်း ဒီလိုပဲ လွှတ်ခဲ့တာတွေ ရှိခဲ့တာပဲလေ။ ဒီလိုပဲ တွေ့ဆုံဆွေးနွေးရေးကိစ္စဆိုလည်း တကယ် ပွင့်လင်းမြင်သာတဲ့ တွေ့ဆုံဆွေးနွေးရေး နဲ့ နောက် နိုင်ငံရေး အနှစ်သာရပါဖို့ လိုပါတယ်။ အဓိက စိတ်ရင်းစေတနာပါဖို့နဲ့ အနှစ်သာရပါဖို့။ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းနဲ့လည်း မဖြစ်ဘူးရှင်။ ကုလသမဂ္ဂက ခေါ်ပေးခဲ့တာက သုံးပွင့်ဆိုင် ဆွေးနွေးရေးလို့ ပြောပါတယ်။ တကယ် လိုအပ်နေတဲ့ တိုင်းရင်းသားတန်တူညီတူ အခွင့်အရေးအတွက်ကိုပါ။ တိုင်းရင်းသားခေါင်းဆောင်တွေ ကိုယ်စားပြုသူတွေ၊ လက်နက်ကိုင် အင်အားစုတွေနဲ့ တကယ် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ အဓိက လိုအပ်ချက်တခုဖြစ်နေတယ်လို့ ကျမ မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုအောင်သူငြိမ်းအနေနဲ့ တိုင်းရင်းသား သုံးပွင့်ဆိုင်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဘယ်လိုပြောချင်ပါသလဲ။ တချို့ ကလည်း ပြောကြတယ် - တိုင်းရင်းသားတွေအပေါ်မှာ ထိုးစစ်ဆင်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘဝင်မကျဘူးဆိုတော့ ဒီအချိန်မှာ အဲဒီလို ဆွေးနွေးနိုင်မယ့် အလားအလာ မျှော်လင့်တဲ့လူတွေကတော့ အမှန်ပါပဲ။
ကိုအောင်သူငြိမ်း ။ ။ လတ်တလော ရေတိုအနေအထားမှာတော့ ဒီလို သုံးပွင့်ဆိုင် ဆွေးနွေးပွဲမျိုး ဖြစ်လာမယ့်အနေအထားတော မမြင်မိဘူးခင်များ။ အခုန ထောက်ပြခဲ့သလိုပဲ အခု ဆွေးနွေးပွဲတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရဝန်ကြီး ဦးအောင်ကြည်အကြား ဖြစ်နေတာတွေ ရှိပါတယ်။ နောက်တခါ တိုင်းရင်းသားအဖွဲ့တွေနဲ့လည်း တဖွဲ့ချင်း၊ နောက်တခါ ပြည်နယ်အစိုးရတွေနဲ့ ဒီလို ဆွေးနွေးမှုတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ အားလုံးစုပေါင်း ခြုံပြီးတော့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲလို ဖြစ်လာမယ့် လောလောဆယ် အနေအထားတော့ ကျနော်မမြင်ဘူး။
ဦးကျော်ဇံသာ ။ ။ ကိုအောင်သူငြိမ်း ကို ဆက်ပြီးမေးချင်တာက စောစောက ပြောခဲ့တဲ့ အချက်အလက်တွေပါပဲ။ ဒီလို အာဆီယံအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာခြင်းသည် ဖြစ်ပေါ်ပြောင်းလဲနေတဲ့ တိုးတက်မှုဆိုတာတွေကို ရပ်ဆိုင်းသွားစေမယ့် အခြေအနေ ဖြစ်စေမလား။ သို့တည်းမဟုတ် ပိုပြီးတော့ အရှိန်အဟုတ်မြှင့်လာမယ့် အခြေအနေဖြစ်မယ်လို့ ထင်ပါသလား။ မြှင့်လာမယ်ဆိုရင်လည်း ဘာကြောင့်မြှင့်လာနိုင်သလဲဆိုတာကို နည်းနည်းဆွေးနွေးပါ။
ကိုအောင်သူငြိမ်း ။ ။ ကျနော် မြင်တာကတော့ အခုလက်ရှိ မြန်မာအစိုးရကိုယ်တိုင်ကလည်း အာဆီယံရဲ့  ဥက္ကဋ္ဌနေရာ လိုချင်တာကလည်း တဖတ်က နိုင်ငံရဲ့  ဂုဏ်သိက္ခာပေါ့။ ဒါကို သူတို့က မြှင့်မယ်ဆိုတာမျိုး ပြချင်တာပါမယ်။ တဖတ်ကလည်း international integration လို့ခေါ်တဲ့ နိုင်ငံတကာနဲ့ ပြန်လည်ပေါင်းစည်း ဆက်ဆံရေးမျိုး လုပ်ချင်တဲ့သဘောမျိုးလည်း ရှိတယ်လို့ ထင်ပါတယ်။ အဲဒီ အနေအထားမှာကြတော့ ဒီ အာဆီယံဥက္ကဋ္ဌ လုပ်ရမယ့် အချိန်မျိုးမှာ ကျန်တဲ့ အီးယူနဲ့ စသဖြင့် ကျန်တဲ့ အနောက်နိုင်ငံတွေနဲ့လည်း ဆက်ဆံရေးတွေမှာ ပိုပြီးတော့ တာဝန်ယူလာရမယ့်အနေအထားမျိုး ရှိပါတယ်။ အဲဒီလို အနေအထားမှာလည်း တဖတ်က ကျနော်တို့အတွက် အခွင့်အလမ်း မြှင့်စရာတွေ ရှိပါတယ်။ နောက်တခုကတော့ ၂၀၁၄ ခုနှစ်က ပိုပြီး အရေးကြီးတာက ၂၀၁၅ ခုနှစ်မှာဆိုရင် အာဆီယံဒေသတခုလုံးကို ကျနော်တို့က မိသားစုတခုလို စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအရ စသဖြင့် ပေါင်းစည်းမှုတွေ လုပ်လာမယ့်အခါ ၂၀၁၄ မှာ ဥက္ကဋ္ဌတာဝန် ယူရမယ့်လူက ပိုပြီး တာဝန်ကြီးပါတယ်။ နောက် ဖြစ်လာမယ့် ပေါင်းစည်းအတွက်ကို ကိုယ်က ရှေ့ ဆောင်လမ်းပြလုပ်ရမယ့် လူဖြစ်သလို ကိုယ်က ပိုပြီး initiative ယူပြီးတော့ လုပ်ရမယ့် အနေအထားဖြစ်တဲ့အခါကြတော့ ကျနော်တို့အတွက် အခက်အခဲတွေလည်း အများကြီး ရှိပါတယ်။ တဖတ်ကလည်း ဒီလိုကိစ္စတွေအတွက်ပဲ ကျနော်တို့အတွက် အပြောင်းအလဲတွေက ပိုပြီးတော့ မြန်သွားနိုင်တဲ့ အလားအလာလည်း ရှိတယ်လို့ ကျနော်ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ မခင်ဥမ္မာ ကို နောက်ဆုံးမေးချင်တာက အထူးသဖြင့် အာဆီယံဥက္ကဋ္ဌ လုပ်ရရင် အာဆီယံပွဲတွေကို လက်ခံကျင်းပရမယ်။ ကျနော်တို့က သတင်းသမားဆိုတော့ သတင်းသမားတွေကို လက်ခံရတော့မယ်။ မဥမ္မာ တွေ့တဲ့အတိုင်း အာဆီယံပွဲတပွဲဆိုရင် သတင်းထောက်တွေက ခြောက်ရာ-တစ်ထောင်လောက် လာကြတာ။ ဒါကို ဖွင့်ပေးရမယ်။ နောက်တခုက အာဆီယံနိုင်ငံတွေကြီးပဲမကဘူး အနောက်နိုင်ငံတွေပါ ပါဝင်တဲ့ အမေရိကန်တို့ပါဝင်တဲ့ ဆွေးနွေးပွဲတွေကိုလည်း အာဆီယံဥက္ကဋ္ဌက လက်ခံပြီးတော့ ကျင်းပရတော့မယ်။ ဒီအခြေအနေအတွက်တော့ ဘာပဲပြောပြော မြန်မာနိုင်ငံအတွင်းမှာ ပြုပြင်ပြောင်းလဲရေးတွေကို အရှိန်အဟုန် မြှင့်ရမယ်လို့ မထင်ဘူးလား။
မခင်ဥမ္မာ ။ ။ ကျမ မြင်တာကတော့ အာဆီယံဥက္ကဋ္ဌရဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန် မြှင့်စရာကတော့ အဲဒီလိုမျိုးကြီး တွက်ပြီးတော့ တွေးဖို့တော့ မလိုဘူးထင်တယ်။ အဓိက က တကယ်တမ်းကာလမှာက ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပါပဲ ကျမတို့ တိုင်းသူပြည်သားတွေရဲ့  အရေးအတွက် ယှဉ်လိုက်လို့ရှိရင် အာဆီယံဥက္ကဋ္ဌရရေးက ဘာအရေးကြီးသလဲဆိုသလိုပေါ့။ တကယ်တမ်း ဆိုလိုရှိရင် ဒီကာလမှာက ကိုယ့်တိုင်းပြည် ကိုယ့်ပြည်သူတွေရဲ့  စီးပွားရေး၊ လူမှုရေးဘဝတွေ၊ နိုင်ငံရေးဘဝတွေ။ ပြည်တွင်းပြဿနာတွေကို အဓိက ဦးစားပေးပြီးမှ ကြိုးစားဖြေရှင်းရမယ့် အချိန်ဖြစ်တယ်။ ဆိုတော့ တကယ်တမ်းက အာဆီယံဥက္ကဋ္ဌ ရှိရှိမရှိရှိ၊ ရရမရရ တကယ်တမ်းဆိုရင် ၂၀၁၄ မှာ မတောင်းရင်လည်း ၂၀၁၆ မှာ ကျမတို့ မြန်မာနိုင်ငံက သူ့အလိုအလျောက် ဥက္ကဋ္ဌ ယူဖို့အချိန် ရောက်မယ့်အချိန် ဖြစ်ပါတယ်။ တကယ်လို့များ အခု ဥက္ကဋ္ဌ ရလိုက်လို့ တာဝန်ပိုကြီးလာလို့ ပြည်တွင်းမှာ အပြောင်းအလဲလုပ်ရမယ့်ကိစ္စတွေ၊ လုပ်ရမယ့်ဟာတွေကို ပိုများ လုပ်လာမလားဆိုတဲ့ မျှော်မှန်းချက်ရှိတဲ့လူတွေ ရှိသလို။ တကယ်လို့ အဲဒီလိုမျိုး အခြေအနေမျိုးကို မဖြစ်ဘဲနဲ့ ဟိုအရင်တုန်းက ၁၄ နှစ်ကြာအောင် အာဆီယံအဖွဲ့ဝင် နိုင်ငံတခုအနေနဲ့ နေခဲ့တုန်းကလည်း တာဝန်မယူဘဲနဲ့ ဒီအတိုင်းရှိခဲ့တဲ့ အနေအထားမျိုး ကျမတို့ ကြုံခဲ့ပြီးပြီ။ အဲဒီလို ဆက်နေရင်ကော အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက တာဝန်ယူမှု၊ တာဝန်ခံမှု ဘယ်လိုလုပ်မလဲဆိုတာက အင်မတန်မှ စဉ်းစားစရာဖြစ်တယ်။ တကယ်တမ်းကတော့ လက်ရှိ အာဏာရအစိုးရရဲ့  စေတနာမှန်မှုနဲ့ သူတို့ရဲ့  တာဝန်ယူမှု တာဝန်ယူမှု တာဝန်ခံမှု ဘယ်လောက်လုပ်မလဲဆိုတဲ့အပေါ်မှာ မူတည်မယ် ထင်ပါတယ်။