သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ် (၉၀) ပြည့် သမိုင်းဝင် အမျိုးသားနေ့ နဲ့ လက်ရှိ မြန်မာပြည်အခြေအနေ


နှစ် (၉၀) ပြည့် သမိုင်းဝင် အမျိုးသားနေ့ နဲ့ လက်ရှိ မြန်မာပြည်အခြေအနေ

ဒီတပတ် မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်အစီအစဉ်မှာ ၁၉၂၀ ပထမ ကျောင်းသားသပိတ်ကြောင့် ပေါ်ပေါက်လာခဲ့တဲ့ အမျိုးသားနေ့၊ အမျိုးသားပညာရေးစနစ်တွေ အကြောင်းကို သုတေသနပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်၊ အမျိုးသားပညာရေးကျမ်း ရေးသားထုတ်ဝေပြီးတော့ အမျိုးသားစာပေဆု ရရှိခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ ပါမောက္ခအေးကျော် ရဲ့  အာဘော်ကို တင်ပြပေးပါမယ်။

ပါမောက္ခအေးကျော် ။ ။ ၁၉၂၀ ခု ရန်ကုန်တက္ကသိုလ် အက်ဥပဒေဟာ ပြည်သူတွေ လိုလားတောင့်တနေတဲ့ အခြေအနေကို လုံးဝဆန့်ကျင်ပြီးတော့ အတင်းအဓမ္မအစိုးရ အတည်ပြု။ အဲဒီ အတည်ပြုတာကို ဆန့်ကျင်ပုန်ကန်တော့ ပြည်သူတွေ အင်အားနဲ့ သပိတ်မှောက်ကြတယ်။ အဲဒီ သပိတ်မှောက်ကြတဲ့အတွက်ကြောင့် တပြည်လုံးက အောင်မြင်မှုရတယ်။ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ကြတဲ့အတွက်ကြောင့် လွတ်လပ်ရေးပန်းတိုင်ကို ကျနော်တို့ မြင်ရလာတယ်။ အဲဒီဟာ အမျိုးသားအောင်ပွဲနေ့ရဲ့  အခြေခံ အောင်မြင်ခြင်း အဓိကအချက် ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အမျိုးသားအောင်ပွဲနေ့ရဲ့  အစဉ်အလာကို အခု မြန်မာနိုင်ငံမှာ ဆက်လက်ဖော်ဆောင်နိုင်ကြပါရဲ့ လား။

ပါမောက္ခအေးကျော် ။ ။ အဲဒီ အမျိုးသားအောင်ပွဲနေ့ အစဉ်အလာကို မတည်ထောင်နိုင်တဲ့အပြင်၊ အဲဒီ အမျိုးသားနေ့နဲ့ ဆန့်ကျင်ဘက်ကိုသာ ပြုလုပ်နေကြပါတယ်။ လက်ရှိ အခြေအနေရကတော့ ဗမာပြည်မှာ ပညာရေးဆိုတာလည်း အားလုံးလမ်းပိတ်ထားပြီ။ ကျောင်းသားလှုပ်ရှားမှုကိုလည်း လုံးဝလမ်းပိတ်ထားပြီ။ နောက်တခုက ကျောင်းသားလှုပ်ရှားမှုနဲ့ အခြေခံကျ ပေါ်ပေါက်လာတဲ့ အမျိုးသားအောင်ပွဲနေ့ဆိုတာလည်း အားလုံးလမ်းပိတ်ထားပြီ။ အဲဒီတော့ အမှန်ပြောရရင် ကျနော်တို့ ဗမာပြည်မှာ အဖက်ဖက်က အမှောင်ကျနေပါတယ်။

ဦးကျော်ဇံသာ ။ ။ သမိုင်းပညာရှင် ပါမောက္ခအေးကျော်ရဲ့  သုံးသပ်ချက်ဖြစ်ပါတယ်။ အခုတခါ ကဗျာဆရာ အောင်ဝေး နဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုသက်ထွန်း တို့နဲ့ ဆက်လက်ဆွေးနွေးသွားပါမယ်။ ပထမဦးဆုံး ဆရာအောင်ဝေး အနေနဲ့ အမျိုးသားအောင်ပွဲနေ့ - လွန်ခဲ့သော နှစ်ပေါင်း ၉၀ က ချမှတ်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားကြီးတွေရဲ့  အစဉ်အလာ ရယူခဲ့တဲ့ သူတို့ရယူခဲ့တဲ့ အောင်ပွဲဟာ အခုမြန်မာ့သမိုင်းရဲ့  ဘယ်နေရာကို ရောက်နေပါသလဲ။ အဲဒီ အစဉ်အလာအတိုင်း ကျောင်းသားလှုပ်ရှားမှုကို ဆက်လက်လှုပ်ရှားနိုင်ပါသလား။ အဲဒီရဲ့  အသီးအပွင့်တွေကို ပြည်သူတွေ ဆက်လက်ခံစားခွင့် ရနေတယ် ထင်ပါသလား။

ဦးအောင်ဝေး ။ ။ အမျိုးသားအောင်ပွဲနေ့ရဲ့  အသီးအပွင့်ကို ဒီနေ့အချိန်မှာ ဘယ်ပြည်သူ၊ မြန်မာနိုင်ငံသား တယောက်မှ မခံစားရပါဘူး။ အမျိုးသားနေ့ရဲ့  အနှစ်သာရဟာ တကယ့် အဓိကအကျဆုံးအချက်က သူ့ကျွန်ဘဝက လွတ်မြောက်ရေးပဲလို့ ကျနော်တို့ လက်ခံထားပါတယ်။ တိုင်းတပါးကျွန်း သူ့ကျွန်ဘဝက လွတ်မြောက်ပြီးတော့ တိုင်းပြည်ရဲ့  လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးတွေ ဆောင်ရွက်ဖို့အတွက် တွန်းအားပေးဆောင်ရွက် ဦးဆောင်မှုတွေနဲ့ အမျိုးသားနေ့ကို သတ်မှတ်ခဲ့တာပါ။ ဒါ ကျောင်းသားတိုက်ပွဲက စခဲ့တယ်ဆိုပေမယ့် လှည်းနေလှေ အောင်းမြင်းဇောင်းပါမကျန် တပြည်လုံးက ပါဝင်ပြီးတော့ တောက်လျှောက် ၁၉၃၆ ဒုတိယ တက္ကသိုလ်သပိတ်၊ ၁၉၃၈ တတိယသပိတ်၊ ကျောင်းသားတွေရဲ့  အရေးတော်ပုံ စသည်ဖြင့် ပြည်သူလူထုတရပ်လုံးက ပူးပေါင်းပါဝင်ပြီးတော့ နောက် ၁၉၄၅ ဖက်ဆစ်တော်လှန်ရေးကြီး အပြီးမှာ ကျနော်တို့တွေ လွတ်လပ်ရေးကြီးကို ရနိုင်ခဲ့တာဖြစ်တယ်။ အဲဒီ အဓိပ္ပါယ်တွေနဲ့ ကြည့်မယ်ဆိုရင် အခု နှစ်ပေါင်း ၉၀ ကြာတဲ့အခါမှာ ကျနော်တို့ဟာ လွတ်လပ်ရေး ပြန်ဆုံးရှုံးနေတယ်။ ငြိမ်းချမ်းရေး ပြန်ဆုံးရှုံးနေပါတယ်။ ဒီမိုကရေစီလည်း ဆိတ်သုဉ်းနေတယ်လို့ ကျနော်မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုသက်ထွန်း ကို မေးချင်ပါတယ်။ အခုန ဆရာအောင်ဝေး ပြောသလို ကျောင်းသားတွေ ဦးဆောင်လှုပ်ရှားခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ က ပထမကျောင်းသားလှုပ်ရှားမှုဟာ၊ တနိုင်ငံလုံး ပါဝင်လာပြီးတော့ အောင်ပွဲရခဲ့တယ်ဆိုတော့ ကိုသက်ထွန်းတို့ ဦးဆောင်ခဲ့တဲ့ ၈၈ နှစ်တုန်းကလည်း တနိုင်ငံလုံး ပါဝင်ခဲ့တာပဲ။ အဲဒီ နှစ်ခုကို နှိုင်းယှဉ်မယ်ဆိုရင် ဘာများကွာခြားပါသလဲ။

ကိုသက်ထွန်း ။ ။ ၁၉၂၀ မှာ ဖြစ်ခဲ့တဲ့ ကျောင်းသားသပိတ် - အဲဒီဟာက တိုင်းပြည်တခုလုံးရဲ့  ပြည်သူလူထုတရပ်လုံးမှာ အမျိုးသားရေးအသွင်သဏ္ဍာန်ကို ဆောင်ခဲ့တယ်။ ဘာကြောင့်လည်းဆိုတော့ ကျောင်းသားတွေက ကိုလိုနီတွေရဲ့  မတရားမှုနဲ့ ကျွန်သက်ရှည်ရေးကို စတင်ဆန့်ကျင်တယ်။ တချိန်တည်းမှာ သူတို့ရဲ့  ရင်ထဲမှာ အမျိုးသားလွတ်မြောက်ရေးဆိုတာကို သူတို့က လက်ကိုင်ထားတယ်။ အဲဒီလို ခိုင်မာတဲ့ စိတ်ဓါတ်တွေနဲ့ သူတို့ဆန့်ကျင်တော်လှန်တဲ့အခါကြတော့ ပြည်သူလူထုကလည်း ဒီလို မတရားဖိနှိပ်မှုတွေ၊ ကိုလိုနီဖြစ်နေရတဲ့ ဘဝတွေကို နာကျည်းလာတဲ့အခါမှာ ပူးပေါင်းပါဝင်ဆောင်ရွက်တယ်။ အဲဒီအတွက် နောက်ဆက်တွဲ ကြိုးစားနေမှုတွေနဲ့ တိုင်းပြည်လွတ်လပ်ရေးကို ရယူခဲ့တယ်။ ၁၉၈၈ မှာလည်း ကိုယ့်လူမျိုးခြင်း ကျွန်ပြုနေတဲ့ စစ်အာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်ကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေကို ကျောင်းသားတွေကစပြီးတော့ ကျနော်တို့က ဆန့်ကျင်တယ်၊ သပိတ်မှောက်တယ်။ ဘာကြောင့်လည်းဆိုရင် ၁၉၂၀ တုန်းကလိုပဲ တူတယ်။ မတရားမှုတွေ၊ အရေမရ အဖတ်မရ ပညာရေး၊ ဘာမျှော်လင့်ချက်မှမရှိတဲ့ ပညာရေးတွေ - အဲဒီလို အခြေအနေမှာ ဒီအခြေအနေကို ဖောက်ထွက်ဖို့ တိုင်းပြည်ရဲ့  အနာဂတ်ကို ကျောင်းသားတွေက တတ်နိုင်သလောက်၊ တတ်စွမ်းသလောက် တိုင်းပြည်ရဲ့  အကျိုးကို သယ်ပိုမယ်လို့ ယူဆတဲ့အတွက် ဖောက်ထွက်လာခဲ့တယ်။ ပြည်သူတွေကလည်း ပူးပေါင်းပါဝင်တယ်။ အောင်မြင်ခဲ့တယ်။ သို့သော် ကျနော်တို့ အဓိက အကျိုးဆက်လွတ်မြောက်မှုကိုတော့ အခုထက်ထိ မရသေးဘူး။ ဘာကြောင့်လည်းဆိုတာက သမိုင်းအရ ကြည့်ရင် တစ်အချက် - ဟိုတုန်းက ကိုလိုနီနယ်ခြဲဖြစ်တယ်။ ဒီကနေ အမျိုးသားအချင်းချင်း ပြန်ပြီ ကျွန်ပြုထားတဲ့ စနစ်ဖြစ်တယ်။ အဲဒီအခါမှာ ကျနော်တို့ တိုင်းပြည်ထဲမှာ ဟိုတုန်းကတော့ အမြင်ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ ဒီနေ့ကြတော့ အမြင်ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး။ စစ်တပ်ဆိုတာကလည်း ငါတို့ တိုင်းပြည်နဲ့ ဆိုင်နေတယ်။ ဒါဟာ ငါတို့ လူမျိုးတွေပဲဆိုတဲ့ အတွေးအခေါ် အယူအဆတွေကလည်း ကျနော်တို့ကြားထဲမှာ ဝိဝါဒကွဲပြားမှုတွေ ရှိတယ်။ ထိုနည်းလည်းကောင်းပဲ တချိန်တည်းမှာ ပြည်သူလူထုရဲ့  ပူးပေါင်းပါဝင်မှုနဲ့ ဒီတိုက်ပွဲကြီးရဲ့  အဆုံးသတ်အောင်ပွဲကို ရယူဖို့ တာဝန်ခံနိုင်တဲ့ အဲဒီတုန်းက နိုင်ငံရေးခေါင်းဆောင်တွေ၊ တာဝန်ရှိတယ်လို့ သတ်မှတ်တဲ့ လူတွေရဲ့  အခြေအနေ အချိန်အခါပေါ့။ အဲဒီအခြေအနေမှာ သူတို့ ဆုပ်ဆုပ်ကိုင်ကိုင် မလုပ်နိုင်သေးခင်မှာ စစ်တပ်က လက်ဦးမှုပြန်ယူပြီး စစ်အာဏာရှင်စနစ်ကို ဆက်အသက်သွင်းတဲ့အခါကြတော့ အခုအချိန်အထိ ကျနော်တို့ လွတ်မြောက်မှု မရသေးဘူးပေါ့။

ဦးကျော်ဇံသာ ။ ။ ဆရာအောင်ဝေးကလည်း နှိုင်းယှဉ်ပေးပါ။ လွန်ခဲ့သော နှစ် ၉၀ က ဖြစ်ပွါးခဲ့တဲ့ အမျိုးသားအောင်ပွဲနေ့တုန်းက အောင်ပွဲရခဲ့တယ်။ ဒါပေမဲ့ ၈၈ ကြမှာတော့ အသွင်သဏ္ဍာန်ချင်းတူတယ် ကျောင်းသားတွေ တပြည်လုံး ပါဝင်လာတယ်။ ဒါပေမဲ့လည်း အောင်ပွဲရတဲ့အပိုင်းမှာတော့ တခုနဲ့တခု မတူဘဲနဲ့ အခုန ကိုသက်ထွန်း ပြောသလို နောက်ပိုင်း ၈၈ နှစ်မှာကြတော့ အောင်ပွဲမရနိုင်တဲ့ အခြေအနေရှိခဲ့တယ်။

ဦးအောင်ဝေး ။ ။ ကိုသက်ထွန်း ပြောပြသွားတဲ့အချက်က အရေးကြီးဆုံးအချက်ဖြစ်တယ်။ ၈၈ မှာ ရင်ဆိုင်ရတဲ့ ရန်သူက နယ်ချဲကျွန်၊ ဖက်ဆစ်ကျွန်၊ တိုင်းတပါးကျွန် မဟုတ်တော့ဘဲနဲ့ ကိုယ့်လူမျိုးအချင်းချင်း ပြန်ကျွန်ပြုအုပ်ချုပ်တဲ့ စစ်ကျွန်ဖြစ်နေတာကြောင့် ဖြစ်တယ်။ အဲဒီတော့ ကိုလိုနီခေတ်တုန်းကတော့ နယ်ချဲနဲ့ ဖက်ဆစ်တွေကို ကျနော်တို့က အမျိုးသားစိတ်နဲ့ တွန်းလှန်တော်လှန်နိုင်ခဲ့တယ်။ ၈၈ နှစ်မှာတော့ ကိုယ့်အမျိုးသားအချင်းချင်း တွန်းလှန်ဟာမျိုးတွေမှာ ကိုယ့်အမျိုးသားချင်း ပြန်လည်တွန်းလှန်ရတဲ့ တိုင်းပြည်တွေရဲ့  တော်လှန်ရေးချင်း ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်းပဲ ကျနော်တို့ တိုင်းပြည်မှာလည်း အခုလိုမျိုး နှောင့်နှေးတာမျိုး ကြန့်ကြာတာမျိုး စတာတွေ ဖြစ်တာပေါ့။ ဒါပေမဲ့ ၈၈ ကျောင်းသားတွေရဲ့  တိုက်ပွဲဟာ ၁၃၀၀ ရာပြည့် အရေးတော်ပုံ တိုက်ပွဲထက် ပိုပြီးခက်ခဲတယ်၊ နက်နဲတယ်၊ ပိုပြီး ကြမ်းတမ်းတယ်။ နောက် ကိုယ့်အမျိုးသားအချင်းချင်း ပြန်တိုက်ခဲ့ရတဲ့အတွက် ပိုပြီးတော့ ပရိယာရ်ကြွယ်တယ်လို့ ဆရာဒဂုန်တာရာ တို့က သုံးသပ်ဘူးပါတယ်။ အဲဒီတော့ ကျနော်အမြင်ကတော့ ကိုသက်ထွန်း အမြင်ကို ထောက်ခံတယ်။ ကိုယ့်အမျိုးသားချင်း ကျွန်းပြုထားတဲ့ အခြေအနေမှာ အမြင်တွေဟာ ဝေဝါးနေတယ်၊ မိတ်ဆွေရန်သူ မကွဲဘူး။ အဲဒီတော့ focus က မပြတ်ဘူးပေါ့။

ဦးကျော်ဇံသာ ။ ။ ကျနော်တခု သုံးသပ်တာက ဆရာတို့၊ ကိုသက်ထွန်း သုံးသပ်တာက ကိုယ့်အမျိုးသားအချင်းချင်း ပြန်တိုက်ရတဲ့အတွက်ကြောင့် ကွဲကွဲပြားပြား မမြင်ဘူး၊ အမျိုးသားရေး အကျိုးစီးပွားနဲ့ ရောနေတယ်။ ဟိုဘက်ကလည်း ငါတို့ကလည်း အမျိုးသားရေး အကျိုးစီးပွားကို ဖော်ဆောင်တယ်လို့ ပြောပြီးနေလို့ရတယ်။ တခုပြောချင်တာက ကျနော်မြင်မိတာက ၁၉၂၀ တုန်းက မြန်မာနိုင်ငံကို အုပ်စိုးနေတဲ့ အစိုးရက တိုင်းတပါးသား ဖြစ်နေပေမယ့် ဒီမိုကရေစီနဲ့ တက်လာတဲ့ အစိုးရဖြစ်တယ်။ ဒီမိုကရေစီကို နားလည်းတယ်။ လူထုဆန္ဒ၊ လူထုရဲ့  သဘောထားကို လေးစားလိုက်နာရမှန် သိတယ်။ ကျနော်တို့ဆီက ကျောင်းသားတွေ ၈၈ မှာ ဖြစ်လာခဲ့တာကြတော့ စစ်အာဏာရှင်စနစ်နဲ့ ဘယ်လူထုရဲ့  သဘောထား၊ ဘယ်လူထုရဲ့  သဘောတူညီချက်နဲ့ မဟုတ်ဘဲ တက်လာတယ်။ ဒီမိုကရေစီ သဘောထား၊ ပြည်သူလူထု ဆန္ဒသဘောထားကို နားမလည်းဘူး။ အဲဒါကြောင့် အဲဒီ နှစ်ခု ကွာတယ်ဆိုရင်ကော မဖြစ်နိုင်ဘူးလား။ ကိုသက်ထွန်း ဘယ်လိုထင်ပါသလဲ။

ကိုသက်ထွန်း ။ ။ ဟိုတုန်းက ကိုလိုနီဆိုပေမယ့် ဦးကျော်ဇံသာ ပြောသလိုပဲ ဒီမိုကရေစီ အခြေခံသဘောတရားတွေ၊ ပြောမယ်ဆိုရင် တရားဥပဒေပိုင်းဆိုင်ရာမှာလည်း ထိုက်သင့်သလောက် ရှိပါတယ်။ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာတော့ ဒီမိုကရေစီဆိုတာကလည်း စကားလုံးသက်သက်ပဲရှိသလို၊ ဥပဒေဆိုတာကလည်း ပြောမယ်ဆိုရင်တော့ ဗိုလ်သန်းရွှေ ပါးစပ်ကထွက်တာမှန်သမျှ ဥပဒေပေါ့။ အဲဒီလို ကွာဟမှုတော့ ရှိတယ်။ ၈၈ အချိန်ကတော့ ဦးနေဝင်း။ အာဏာရှင် ပါးစပ်ကထွက်တဲ့ ဥပဒေနဲ့ အုပ်ချုပ်မျိုးမှာ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ ငြိမ်းချမ်းရေးတို့ဆိုတာ ဘယ်တော့မှလည်း မရှိနိုင်ဘူး။ ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့ ပုံစံပေါ်မှာ အဓိက ကွာဟချက်က အခု ဦးကျော်ဇံသာ ထောက်ပြသလိုပဲ အဲဒီ ကွာဟချက်က အင်မတန်ကြီးတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တာ တခုကတော့ ဒီကနေ့ ကျရောက်မယ့် အမျိုးသားနေ့နဲ့ ပတ်သက်ပြီးတော့ ၉၀ ပြည့်နှစ် အမျိုးသားနေ့ ဦးတည်ချက်များဆိုပြီး မြန်မာနိုင်ငံအစိုးရ၊ စစ်အစိုးရ သတင်းစာတွေထဲမှာ ဦးတည်ချက်တွေ ဖော်ပြပါတယ်။ ဆိုတော့ သူတို့ရဲ့  ဦးတည်ချက်တွေထဲမှာ ဦးတည်ချက် နံပတ် (၄) က နိုင်ငံတော် ရှေ့ ဆက်သွားမယ့် လမ်းစဉ် (၇) ရပ် အောင်မြင်ရေး - သူတို့ လမ်းပြမြေပုံ အောင်မြင်ရေးဟာ အမျိုးသားရေးနေ့ရဲ့  ဦးတည်ချက်ဖြစ်တယ်လို့ ပြဌာန်းထားတယ်ဆိုတော့ အခုလက်ရှိ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တွေဟာ အမျိုးသားနေ့ကို ဘယ်လောက် ကိုယ်စားပြုပါသလဲ။ သူတို့ဟာ သူတို့ရဲ့  လမ်းစဉ်အောင်မြင်ရေးဟာ အမျိုးသားနေ့ရဲ့  ဦးတည်ချက်ဖြစ်တယ်လို့ ပြောထားတာနဲ့ ပတ်သက်ပြီးတော့ ဆရာအောင်ဝေး ဘယ်လို မြင်ပါသလဲ။ ဘာများ ပြောချင်ပါသလဲ။

ဦးအောင်ဝေး ။ ။ ကျနော်အမြင် ပြောရရင်တော့ လက်ရှိ စစ်အုပ်စုဟာ အခု သူတို့ အမျိုးသားနေ့ ဦးတည်ချက်တွေ ချမှတ်တယ်၊ ရေးဆွဲတယ်။ လမ်းပြမြေပုံ (၇) ဆင့်အတိုင်း သွားမယ်ဆိုတဲ့ဟာတွေက ကျနော်တို့ တမျိုးသားလုံးရဲ့  ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေအတွက် ဘာမှတာဝန်ခံတာ မရှိဘဲနဲ့ သူတို့ရဲ့  စစ်အာဏာတည်မြဲဖို့အတွက် သူတို့ လုပ်ကြံရေးဆွဲထားတဲ့ ဦးတည်ချက်တွေ၊ ရည်ရွယ်ချက်တွေပဲ ဖြစ်တယ်လို့ ကျနော်က မြင်တယ်။ ကျနော်တို့ကလည်း ကျနော်တို့ရဲ့  အမျိုးသားနေ့မှာ ကျနော်တို့ရဲ့  ဦးတည်ချက်ကတော့ အခု ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာချိန်မှာ ဦးဆောင်ချီတက်နေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေး စသည်ဖြင့် ဒါတွေ ကျနော်တို့ သွားရမှာ ဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ ကိုသက်ထွန်းရဲ့  နောက်ဆုံးမှတ်ချက်လည်း သိချင်ပါတယ်။ အဲဒီ မြန်မာနိုင်ငံ စစ်အာဏာပိုင်တွေက သူတို့ဟာ အမျိုးသားအောင်ပွဲနေ့ကို ကိုယ်စားပြုနိုင်ပါသလား။ သူတို့သည် သူတို့ရဲ့  အမျိုးသားနေ့ ဦးတည်ချက်ဆိုတဲ့အထဲမှာ သူတို့ လမ်းပြမြေပုံ (၇) ချက် အောင်မြင်ရေးဆိုတာကို ထည့်သွင်းထားပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကျောင်းသားခေါင်းဆောင်တဦးအနေနဲ့ ပြောလိုပါသလဲ။

ကိုသက်ထွန်း ။ ။ တကယ်တမ်းတော့ နအဖ က တိုင်းပြည်ရဲ့  အာဏာကို မတရားသိမ်းပိုက်ထားတဲ့ အဖွဲ့အစည်းဖြစ်သလို၊ ကြံ့ဖွံ့ပါတီကလည်း တရားမဝင် အသင်းဖြစ်တယ်။ အဲဒီတော့ သူတို့ ချမှတ်နေတယ်၊ ရေးဆွဲနေတယ်၊ သူတို့ ထုတ်ပြန်နေတဲ့ ဒီ အကြောင်းတရားတွေ အားလုံးက တကယ်တမ်းတော့ အမျိုးသားချင်း ပြန်ပြီးကျွန်ပြုလိုစိတ်နဲ့၊ အဲဒီ သူတို့ ရထားတဲ့ အခွင့်အရေးတွေကို ဆုပ်ထားဖို့အတွက် အနှစ်သာရမပါတဲ့ စာကြောင်းတွေပဲ ဖြစ်တယ်။ တကယ်ကတော့ အမှန်တကယ် ဖြစ်ပေါ်ခဲ့ရတဲ့ အမျိုးသားနေ့ဆိုတာက ဘယ်လို ဖိနှိပ်မှုမျိုးကိုမဆို တုံ့ပြန်တော်လှန်တတ်တဲ့၊ ဆန့်ကျင်တိုက်ခိုက်ရဲတဲ့ ကျနော်တို့ မြန်မာတိုင်းရင်းသား အားလုံးရဲ့  အမျိုးသားစိတ်ဓါတ်ကို မီးမှောင်ထိုးပြနေတဲ့ အလွန်တရာမှ တန်းဖိုးကြီးတဲ့ အမျိုးသားရေး ပြရုပ်ဖြစ်တယ်။ အဲဒီအတွက်ကြောင့် နအဖရဲ့  ဒီနေ့ သတင်းစာတွေမှာ ထုတ်ပြန်ရေးသားနေတဲ့ စာတမ်းတွေနဲ့ ကျနော်တို့ရဲ့  အမျိုးသားရေး တကယ့် အနှစ်သာရက နံသာဆီနဲ့ အီးလို့ ကွာတယ်လို့ ခပ်ရိုင်းရိုင်းပဲ ပြောချင်တယ်။

XS
SM
MD
LG