အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နေပြည်တော်ကို လာရောက်စဉ်က တိုင်းပြည်ရဲ့  အမည်ကိုမသုံးဘဲ ဒီနိုင်ငံလို့သာ ရည်ညွှန်းပြောဆိုသွားပါတယ်။ အင်္ဂလိပ်လို Burma (ဘားမား) လို့ခေါ်တာကို ၁၉၈၉ မှာ စစ်အစိုးရက မြန်မာလို့ ပြောင်းလဲလိုက်တာကို ကမ္ဘာ့ကုလသမဂ္ဂက လက်ခံပေမယ့် အမေရိကန်နဲ့ အင်္ဂလိပ်အစိုးရက လက်မခံဘဲ Burma လို့ပဲ ဆက်ခေါ်ပါတယ်။ ဒါကြောင့် ယေဘုယျသဘောအားဖြင့် Burma လို့သုံးတာဟာ ဗမာအစိုးရကို ဆန့်ကျင်ရာရောက်ပြီး Myanmar (မြန်မာ) လို့သုံးတာဟာ ထောက်ခံရာ ရောက်ပါတယ်။ မဆန့်ကျင်ပေမယ့် မထောက်ခံသူကတော့ ဘားမား/မြန်မာ လို့ သုံးပါတယ်။
ဘားမား လို့ သုံးသူဟာ ဗမာအစိုးရကို ထောက်ခံရာမရောက်ဘဲ မြန်မာလို့သုံးမှသာ ထောက်ခံရာရောက်တာမို့ ဆန့်ကျင်ရာလည်းမရောက် ထောက်ခံရာလည်းမရောက်အောင် Hillary Clinton က ဒီနိုင်ငံ၊ ဒီတိုင်းပြည် လို့သာ သုံးနှုန်းသွားပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရက မြန်မာလို့ သုံးနှုန်းတဲ့အချိန်ဟာ ဗမာအစိုးရကို အပြည့်အဝ လက်ခံချိန်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ မြန်မာပြည်မှာ စစ်အစိုးရအုပ်ချုပ်တာ အနှစ် (၅၀) နီးပါးရှိပြီးဖြစ်ပေမယ့် မဆလ စစ်အစိုးရခေတ်မှာ ဒဏ်ခတ်အရေးယူခံရတာမျိုးမရှိဘဲ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကို ချေမှုန်းတဲ့ စစ်အစိုးရကိုသာ ဒဏ်ခတ်အရေးယူတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၁၉၈၉ အရေးတော်ပုံကို ချေမှုန်းတဲ့ စစ်အစိုးရကိုသာ ဒဏ်ခတ်အရေးယူတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၁၉၈၉ အရေးတော်ပုံကို ချေမှုန်းတဲ့ တရုတ်ကိုတော့ အရေးမယူပါဘူး။
အမေရိကန် နိုင်ငံခြားရေးဝါဒမှာ မကြာခဏ ပဋိပက္ခဖြစ်တတ်တဲ့ လမ်းစဉ်နှစ်မျိုးရှိတယ်လို့ ပြောနိုင်ပါတယ်။ ပထမလမ်းစဉ်က လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးစတဲ့ သဘောတရားရေးရာပိုင်းကို ဦးစားပေးပြီး ဒုတိယလမ်းစဉ်ကတော့ အမေရိကန်ရဲ့  လက်တွေ့ အကျိုးစီးပွားကိုသာ ဦးစားပေးပါတယ်။ တရုတ်နဲ့ ဆက်ဆံရာမှာ လက်တွေ့အကျိုးစီးပွားကို ဦးစားပေးပြီး ပူးပေါင်းဆောင်ရွက်ပေမယ့် ဗမာနဲ့ ဆက်ဆံရာမှာတော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို ဦးစားပေးပြီး ဒဏ်ခတ်အရေးယူထားတာ ဖြစ်ပါတယ်။ မဆလ စစ်အစိုးရခေတ်ဟာ အမေရိကန်နဲ့ ဆိုဗီယက်အုပ်စုအကြား ဆက်ဆံရေးတင်းမာတဲ့ စစ်အေးခေတ်ဖြစ်လို့ မိမိအတွက် အသုံးမဝင်တဲ့ ဗမာအစိုးရကို အမေရိကန်က လျစ်လျူရှုခဲ့ပါတယ်။
ဒါပေမဲ့ ၁၉၈၈ ပြည်သူ့အရေးတော်ပုံကို ချေမှုန်းပြီး ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဂရုမစိုက်တဲ့ ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူပြီး စီးပွားရေးပိတ်စို့ဖို့ အမေရိကန်အစိုးရက ဆုံးဖြတ်လိုက်ပါတယ်။ ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူတဲ့အတွက် အမေရိကန်အကျိုးစီးပွားကို မထိခိုက်တာဟာလည်း မူဝါဒရေးရာကို ဦးစားပေးနိုင်တဲ့အချက် ဖြစ်ပါတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူ့ကိုယ်စားပြုပါတီအဖြစ် အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့အတွက် မြန်မာ့ဒီမိုကရေစီ အက်ဥပဒေကို ၂၀၀၃ ခုနှစ် ဇူလိုင်လ (၂၈) ရက်နေ့မှာ အမေရိကန်ကွန်ဂရက် လွှတ်တော်က ပြဌာန်းကြောင်း ဥပဒေနိဒါန်းမှာ ရေးထားပါတယ်။ ဒီ ဥပဒေကို ပြဌာန်းရတဲ့ အကြောင်းရင်းတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ဒီပဲယင်းမှာ တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်လည်း ပါဝင်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ NLD အဖွဲ့ချုပ်ကို ပြည်သူကိုယ်စားပြုပါတီအဖြစ် တရားဝင် အသိအမှတ်ပြုတယ်လို့ ဖော်ပြပါတယ်။
လူ့အခွင့်အရေးချိုးဖျက်တာတွေ သိသိသာသာ လျှော့နည်းမှု၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးမှု၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ စုဝေးခွင့် နဲ့ ကိုးကွယ်ခွင့်ရှိမှု၊ အရပ်သားအစိုးရ ဖွဲ့စည်းမှု စတာတွေကို တွေ့မြင်ရမှသာ ဒဏ်ခတ်အရေးယူတဲ့ ဥပဒေကို ရုတ်သိမ်းနိုင်မယ်လို့ ဆိုပါတယ်။ ဒီအခြေအနေကို ရောက်မလာဘဲ ဒဏ်ခတ်အရေးယူမှု ရုတ်သိမ်းဖို့ဆိုတာ အလွန်ခက်ခဲတဲ့ကိစ္စ ဖြစ်ပါတယ်။ NLD အဖွဲ့ချုပ်ကို ပြည်သူ့ကိုယ်စားပြုပါတီအဖြစ် တရားဝင်သတ်မှတ်ကြောင်း ၂၀၀၃ အမေရိကန်ဥပဒေမှာ ဖော်ပြထားတာကြောင့် ဒဏ်ခတ်မှုဥပဒေ ရုတ်သိမ်းဖို့ကိစ္စဟာ NLD အဖွဲ့ချုပ်ရဲ့  ရပ်တည်မှုနဲ့ ဆက်စပ်နေပါတယ်။ အမေရိကန် ဥပဒေရဲ့  ရည်မှန်းချက်ကို ရနိုင်ဖို့ ခက်တယ်လို့ သုံးသပ်ခဲ့ကြပေမယ့် ပြောင်းလဲလာတဲ့ လက်ရှိအခြေအနေမှာ အကောင်အထည်ပေါ်ဖို့ အလားအလာရှိနေပုံရပါတယ်။
ဒဏ်ခတ်အရေးယူတဲ့ သမ္မတအမိန့်နဲ့ ဖယ်ဒရယ်ဥပဒေတွေမှာ ပါဝင်နေတဲ့ အကြောင်းအရာတွေ ထပ်နေတာကတကြောင်း၊ မူးယစ်ဆေး၊ ဘာသာရေး လွတ်လပ်မှု၊ လူကုန်ကူးမှု စတဲ့ လူ့အခွင့်အရေး ချိုးဖျက်မှုတွေနဲ့ ဆက်စပ်နေတာကတကြောင်းမို့ ကိစ္စတခုကို ရုတ်သိမ်းလိုက်ရုံနဲ့ တခြားကိစ္စတွေမှာ ကင်းလွတ်သွားမယ်လို့ မပြောနိုင်ပါဘူး။ ဒါကြောင့်မို့ မြန်မာပြည်မှာ လူ့အခွင့်အရေး အခြေအနေကောင်းမွန်လာမှသာ ဒဏ်ခတ်အရေးယူမှု နိဂုံးချုပ်ဖို့ အလားအလာရှိပါတယ်။ ဗမာအစိုးရကို အကူအညီပေးရုံနဲ့ ကောင်းမွန်တဲ့အစိုးရ ဖြစ်မလာနိုင်တာကို သမိုင်းက သက်သေပြနေပါတယ်။
သမ္မတ အိုဘားမား လက်ထက်မှာ အမေရိကန်-မြန်မာ ဆက်ဆံရေး ကောင်းမွန်ဖို့အလားအလာ ရှိလာပါတယ်။ ဒီမိုကရေစီ မကျင့်သုံးတဲ့နိုင်ငံနဲ့လည်း ဆက်ဆံရေး ကောင်းမွန်နိုင်တယ်လို့ အိုဘားမား က ဆိုပါတယ်။ ဒီ မူဝါဒကို (၂) နှစ်ကျော် ကျင့်သုံးပြီး အဆင့်မြင့် ကိုယ်စားလှယ်တွေ အကြိမ် (၂၀) လောက် နေပြည်တော်ကို သွားလိုက်တဲ့အခါမှာ Hillary Clinton သွားနိုင်မယ့် အခြေအနေကို ရောက်သွားတယ်လို့ ဆိုပါတယ်။ ဗမာအစိုးရအနေနဲ့ ၂၀၁၄ မှာ အာဆီယံဥက္ကဋ္ဌ မဖြစ်ခင်ကတည်းက ဒဏ်ခတ်မှု ကင်းရှင်းဖို့ လိုပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့  ဒဏ်ခတ်ပိတ်စို့မှုတွေ ရုတ်သိမ်းသွားတဲ့အထိ ပြည်တွင်းမှာ ပြုပြင်ပြောင်းလဲေ၇းလုပ်ဖို့ လိုအပ်ပါတယ်။