သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်သားအစိုးရ နဲ့ စစ်တပ်သြဇာအာဏာ


အရပ်သားအစိုးရ နဲ့ စစ်တပ်သြဇာအာဏာ
အရပ်သားအစိုးရ နဲ့ စစ်တပ်သြဇာအာဏာ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ် ဦးကျော်ဇံသာ က သမ္မတဦးသိန်းစိန်အနေနဲ့ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်အတွင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းဖို့ စစ်တပ်ကို ညွှန်ကြားခဲ့ပေမယ့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးနေဆဲပါ။ ဒီအတွက်ကြောင့်လည်း အရပ်သားအစိုးရအနေနဲ့ စစ်တပ်အပေါ်မှာ သြဇာရှိပါသလားဆိုတဲ့ မေးခွန်းများရှိလာခဲ့ပါတယ်။ အရပ်သားအစိုးရ နဲ့ စစ်တပ်ကြား ဆက်ဆံရေးအခြေအနေအပေါ် စစ်ရေးအကဲခတ် ဦးဌေးအောင်၊ တရုတ်-မြန်မာအရေး ကျွမ်းကျင်သူ ဦးအောင်ကျော်ဇော တို့နဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီကနေ့ မြန်မာနိုင်ငံမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရနဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေမှာ လအတော်လေးကြာခဲ့ပါပြီ။ နိုင်ငံတကာကလည်း ဒီစစ်ပွဲတွေကို ရပ်ဆဲဖို့တောင်းဆိုနေပါတယ်။ ပြည်သူတွေကလည်း ရပ်ဆဲဖို့ တောင်းဆိုနေကြပါတယ်။ ဒီအချိန်မှာ သမ္မတဦးသိန်းစိန် က အပစ်အခတ်ရပ်ဆဲဖို့ ပြောလိုက်တယ်လို့ ကြားသိရပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေသေးတယ်။ ဆိုတော့ အဲဒါက သမ္မတရဲ့ ညွှန်ကြားချက်ကို စစ်တပ်က မလိုက်နာတာလား။ နိုင်ငံတော်အကြီးအကဲ သမ္မတတယောက်လုံးက ဒီလိုပြောတာကို စစ်တပ်က ဘာကြောင့်ဆက်လက် တိုက်နေသလဲဆိုတာကို ပထမဦးဆုံး ဦးဌေးအောင်ရဲ့ သဘောထားကို ကြားသိလိုပါတယ်။

ဦးဌေးအောင် ။ ။ ကျနော်မြင်တာကတော့ သမ္မတကိုယ်တိုင်က ညွှန်ကြားတယ်ဆိုရင် နိုင်ငံတခုမှာ အမြင့်ဆုံးအာဏာရှိတဲ့ သူက ညွှန်ကြားတယ်ဆိုရင် တပ်မတော်ဦးစီးချုပ်အနေနဲ့ ဒီလိုအမိန့်ကို လိုက်နာရမယ်။ မလိုက်နာဘူးဆိုရင် အရေးယူလို့ရတယ်။ အဲဒီတော့ အခုအချိန်မှာ ဒီညွှန်ကြားချက်ကို မလိုက်နာဘူးဆိုတာကတော့ ဒီ ညွှန်ကြားချက်က အစစ်အမှန် ညွှန်ကြားတာလား။ ဒါမှမဟုတ်လို့ နိုင်ငံတကာ ဖိအားတွေ၊ ပြည်သူလူထုရဲ့ ဖိအားတွေကို ရှောင်ဖို့ တမင်လုပ်ကြံတာလား။ ဒါကို ကျနော်တို့ ပြန်ပြီး စမ်းစစ်ဖို့လိုမယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ညွှန်ကြားရာမှာ အစစ်အမှန်ညွှန်ကြားတယ်။ ‘မင်းတို့ ငါက ညွှန်ကြားလိုက်မယ်။ ဒါပေမဲ့ ဆက်တိုက်နေကွာ။’ လူကြားကောင်းအောင် ညွှန်ကြားမယ်ဆိုတဲ့ သဘောမျိုးလုပ်တယ်လို့ ဆိုလိုတာလား။ တကယ်တော့ နိုင်ငံတကာက ဖိအားပေးပေး၊ ဘာပေးပေး ညွှန်ကြားတယ်ဆိုရင် ရပ်ဆဲရမှာပေါ့။ မဟုတ်ဘူးလား။

ဦးဌေးအောင် ။ ။ တခုရှိပါတယ်။ စစ်တပ်က ညွှန်ကြားတာမျိုးဆိုရင် အခုလိုမျိုး အရပ်ဖက်ကို ဒီညွှန်ကြားမှုကြီးတခုလုံးကို ထုတ်ပြီးတော့ ဖော်ပြတာမျိုးဆိုတာ အစဉ်အလာအရ မရှိပါဘူး။ နောက်တခုက သမ္မတအနေနဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ညွှန်ကြားရမယ်ဆိုရင် အခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရဆိုရင် ကာလုံလို့ခေါ်တဲ့ ကော်မတီကတဆင့် ညွှန်ကြားရမယ့်သဘောလည်း ရှိပါတယ်။ အဲဒါကြောင့် အခု ညွှန်ကြားတဲ့ပုံစံက တပ်မတော်မှာ လုပ်ရိုးလုပ်စဉ် ပုံစံမျိုးမဟုတ်ဘူး။ နောက်တခုက ပြည်သူလူထုကိုလည်း အခုလို ချပြတာမျိုးက ထူးခြားတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကာလုံဆိုတာ နိုင်ငံတော်ကာကွယ်ရေး နဲ့ လုံခြံရေးကော်မတီလား။

ဦးဌေးအောင် ။ ။ ဟုတ်ပါတတ်ခင်များ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီအဖွဲ့ထဲမှာ သမ္မတက အကြီးအကဲအနေနဲ့ မပါဝင်ဘူးလား။

ဦးဌေးအောင် ။ ။ ပါပါတယ်ခင်များ။ ဒါပေမဲ့ အခုနလိုမျိုး ကာလုံမှာက တိုက်ရိုက် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်ကလည်း အဲဒီ အစည်းအဝေးမှာ ပါထားပြီသားဖြစ်တဲ့အတွက်ကြောင့် အခုလို စာတတန်ပေတတန်နဲ့ ညွှန်ကြားစရာမလိုဘူးလို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးအောင်ကျော်ဇော သဘောထားက ဒီကိစ္စမှာ ဘယ်လိုရှိပါသလဲ။

ဦးအောင်ကျော်ဇော ။ ။ ကျနော်နဲ့ ကိုဌေးအောင် သဘောထား တူပါတယ်။ ဒီမှာဖော်ပြတာကတော့ အစစ်အမှန်လို့ မထင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒါက လုပ်ရိုးလုပ်စဉ်ဆိုရင် ကာလုံအစည်းအဝေးမှာကတည်းက ကာလုံက ဆုံးဖြတ်တယ်ဆိုရင် စစ်တပ်တွေက ရပ်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာဇစ်မြစ်မှာက တကယ်လို့များ ဗိုလ်သိန်းစိန် က အကြောင်းကြားရဲသားနဲ့ ကိုမင်းအောင်လှိုင် က မလုပ်ဘူးဆိုလို့ရှိရင်တော့ ဒါက ဗမာပြည်မှာ အခု ၂၀၁၀ ဖွဲ့စည်းပုံရဲ့ နဂိုပြဿနာဇစ်မြစ်တွေ ပြန်ပေါ်လာတာ ဖြစ်တာပေါ့။ ဒါပေမဲ့ အခုနပြောသလို သူဟာ နိုင်ငံတကာ ဖိအားကို ကာကွယ်နိုင်ဖို့အတွက် သူကနေ ဒီလို ဒါလေး ညွှန်ကြားတယ်ကိစ္စလောက်နဲ့ ဟိုကမလုပ်ဘူးဆိုရင် သူတို့နှစ်ဘက်စလုံးမှာ အရှက်ရစေတဲ့ သဘောမျိုးဖြစ်တယ်။ တဘက်ကလုပ်ခိုင်းတယ်၊ တဘက်က မလုပ်ဘူး။ အဲဒီ သဘောမျိုးဖြစ်တယ်။ ကျနော်တို့ တခုလုံး ဒီဟာနဲ့ ပတ်သက်လို့ အခြေအနေ၊ အချက်အလက် ပြည့်ပြည့်စုံစုံ မသိသေးပေမယ့်။ ကျနော်တို့ မေးလို့ရတဲ့ အချက်အလက်အရ ပြောမယ်ဆိုရင် ဒီအခြေအနေက အခြေအနေမှန် မဟုတ်သေးဘူးလို့ ယူဆလို့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခြေအနေမှန် မဟုတ်သေးဘူးဆိုတော့ ဆက်လက်ပြီး တိုက်နေအုံးမယ်ဆိုတာကို ပြောတာလား။ အခြေအနေမှန် မဟုတ်ဘူးဆိုတာ ဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတနဲ့ ကာလုံ နဲ့ကြားမှာ ဆက်ဆံရေးဟာ အစဉ်အလာတရပ်အနေနဲ့ အခိုင်အမာ မရှိသေးဘူးဆိုတဲ့ သဘောကို ပြောတာလား။

ဦးအောင်ကျော်ဇော ။ ။ ဟုတ်ပါတယ်။ သဘောက အခုနပြောသလို အစိုးရဘက်မှာလည်း ကျနော်တို့ ကြားသိသလောက် နှစ်ပိုင်း ရှိပါတယ်။ တပိုင်းကလည်း တကယ်ကို မတိုက်ချင်တော့တဲ့လူ။ ဒါက အနည်းစု။ အများစုကတော့ တပ်က တိုက်နေတဲ့ကိစ္စကို ကြည့်နေကြတယ်။ ဘာကြောင့်လည်းဆို အစိုးရဘက်မှာ တကယ်တော့ တိုင်းပြည်မှာ လောလောလတ်လတ်ဆိုရင် အာဏာသုံးရပ်လို ဖြစ်နေတယ်။ တပိုင်းက အစိုးရ Cabinet ၊ တပိုင်းက တပ်၊ တပိုင်းက လွှတ်တော်။ အဓိက အစိုးရနဲ့ လွှတ်တော်ထဲမှာ တစုံတရာ စစ်ရပ်ချင်တဲ့ သဘောထားရှိမယ်။ တပ်က မရပ်တာကို စောစောက တွေ့ရတယ်။ စစ်ရပ်ဆဲတဲ့ကိစ္စမှာ ကျနော်ထင်တာတော့ ညီညီညွှတ်ညွှတ် မရှိပါဘူး။ မညီညွှတ်တဲ့သဘောက ရပ်ချင်တဲ့သဘောထားမျိုးကို သုံးခုလုံးမှာ မတွေ့ရဘူး။ အစိုးရပိုင်းကဆိုရင် သူဆုပ်ကိုင်ထားတဲ့ ပြန်ကြားရေးဌာနတွေမှာဆိုရင် တိုက်ပွဲသတင်းတွေ မဖော်ပြဘူး။ ဖော်ပြတဲ့အခါမှာလည်း ကေအိုင်အို ကို သောင်းကျန်းသူလို့ ရေးသားတယ်။ နောက် IDP ကိစ္စဆိုရင် ဖုံးကွယ်ထားတယ်။ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာလည်း စစ်ပွဲကိစ္စ ရေးခွင့်မရှိဘူး။ ဒုတိယ လွှတ်တော်အပိုင်းမှာလည်း အခိုင်အမာ ဘယ်သူမှ ဆွေးနွေးကြတာ မတွေ့ရဘူး။ တပ်ကတော့ မပြောနဲ့တော့။ တပ်က ဦးစီးချုပ် နှစ်ယောက်ရဲ့ အုပ်ချုပ်မှုအောက်မှာ တိုက်နေတဲ့ စစ်ပွဲအသစ်ဖြစ်ရဲ့သားနဲ့ တပွဲပြီးတပွဲ ရှုံးနေတာဖြစ်တယ်။ ဒါကြောင့်မို့ တပ်အနေနဲ့၊ ဦးစီးချုပ်တွေအနေနဲ့ အထက်အရာရှိကြီးတွေအနေနဲ့ လုံးဝ ရပ်ဆဲချင်တဲ့သဘောထား မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဦးအောင်ကျော်ဇော သုံးသပ်ချက်ကတော့ မြန်မာနိုင်ငံမှာ အခု ဖွဲ့စည်းပုံအရ အာဏာခွဲဝေမှု ပြတ်ပြတ်သားသား မရှိဘူးဆိုတာကို အဓိက တွေ့ရတယ်။ သူတို့တဖွဲ့ခြင်းရဲ့ ဆန္ဒကတမျိုး။ ဦးဌေးအောင်အနေနဲ့ အဲဒီအချက်ကို ဘယ်လိုမြင်ပါသလဲ။

ဦးဌေးအောင် ။ ။ အဲဒီအချက်ကတော့ အခုလက်ရှိ အောက်လွှတ်တော်ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးသူရရွှေမန်း ကိုယ်တိုင်က ဒီအချက်ကို ဝန်ခံသွားတာ ရှိပါတယ်။ ဒီဇင်ဘာလ (၁) ရက်နေ့မှာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူ့စကားအရ မဏ္ဍိုင်ကြီး (၃) ရပ်လို့ခေါ်တဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် နဲ့ ဥပဒေပြုရေးမဏ္ဍိုင်တွေကြားမှာ အခုအပြောင်းအလဲတွေပေါ်မှာ လက်မခံနိုင်သေးတာတွေ ရှိနေတယ်။ တယောက်နဲ့တယောက်ကြား သဘောထားကွဲလွဲတာတွေ ရှိနေတယ်ဆိုပြီး သူက ထုတ်ဖော်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာ ရှိပါတယ်။ နောက်တခုကလည်း လွှတ်တော်ထဲမှာ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်ကြားမှာ ဒီ ဥပဒေအပေါ်မှာ အငြင်းပွါးပြီးတော့ အပြန်အလှန်၊ အခြေအတင် ပြောကြဆိုကြတဲ့ သာဓကတွေလည်း ရှိခဲ့တယ်။ အဲဒီတော့ အခုလက်ရှိ ဦးသိန်းစိန် အစိုးရကို ပြန်လေ့လာကြည့်မယ်ဆိုလို့ရှိရင် သူတို့အနေနဲ့ အရင်တုန်းကတော့ စစ်တပ်ဆိုတဲ့ စစ်အာဏာရှင်အောက်မှာ အမိန့်ပေးတဲ့ပုံစံမျိုးနဲ့ အထက်အောက် သွားနေရာကနေ အခု ဖွဲ့စည်းပုံအရ ဘေးတိုက်ဖြစ်သွားတဲ့အခါမှာ တယောက်နဲ့တယောက် အမိန့်မနာခံတာတွေ။ တယောက်နဲ့တယောက် အချိတ်အဆက်မမီတာတွေ ဒါတွေကလည်း ရှိနေသေးတဲ့ သာဓကတွေကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်တခု မေးချင်တာက ဦးအောင်ကျော်ဇော … ကျနော်ကြားဘူးတာတခုရှိတယ်။ စစ်သားတွေက ပြောဘူးတယ် ငြိမ်းချမ်းရေးလိုလားတာ ငါတို့ အလိုလားဆုံးပဲ။ သေစရာရှိရင် ငါတို့သေနေရတာ။ စစ်တပ်ဟာ ငြိမ်းချမ်းရေး အလိုလားဆုံးစကား။ မြန်မာစစ်တပ်က ဘာဖြစ်လို့ ငြိမ်းချမ်းရေး မလိုချင်တာလဲ။ နောက်တခုက သူတို့အတွက် ဒီ စစ်ပွဲကို တိုက်နေလို့ ဘာများအကျိုးရှိမလဲ။ အဲဒီ နှစ်ချက်ကို ရှင်းပြပေးပါ။

ဦးအောင်ကျော်ဇော ။ ။ ဗမာစစ်တပ်က ငြိမ်းချမ်းရေး အလိုချင်ဆုံးဆိုတဲ့ ပြဿနာကတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဓိက အောက်ခြေမှာ လူထုနဲ့ ထိစပ်နေတဲ့လူတွေ။ တိုင်းတွေဒေသတွေထဲမှာ ရှိနေတဲ့ တပ်ဖွဲ့တွေ။ ဘာဖြစ်လို့လည်းဆိုတော့ ဒါက စစ်တပ်က စစ်မတိုက်ရဘူးဆိုရင် သူတို့အတွက် ကောင်းတာပေါ့။ လူထုအတွက် ရိုက်စားလို့ရတယ်။ ဖားရိုက်လို့ရတယ်။ တောင်းစားလို့ရတယ်။ ငြိမ်းချမ်းတဲ့ကာလလို့ သဘောထားတဲ့အချိန်မှာ သူတို့ လုပ်ချင်တာလုပ်လို့ရတယ်။ အဲဒီတော့ သူတို့ စစ်မတိုက်ချင်တာ အမှန်ပဲ။ စစ်တိုက်ရင် သူတို့လည်း သေကြတယ်။ အခုလည်း လာတိုက်တဲ့ အောက်ခြေတပ်တွေမှာ စစ်တိုက်ချင်စိတ် မရှိဘူး။ ယနေ့ ကေအိုင်အေနဲ့ တိုက်တဲ့ပွဲတွေမှာ ဗမာစစ်တပ်က ချေမှုန်းရေးပွဲ တပွဲမှာ မရသေးပါဘူး။ မထိုးနိုင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ အခု ဆက်ပြောစေချင်တာက ဘာများအကျိုးရှိသလဲ။ ကေအိုင်အို နဲ့ တိုက်ပွဲကို ဘာဖြစ်လို့ စစ်တပ်က ဆက်တိုက်ချင်ကြသလဲ။ သူတို့ ဘာအကျိုးရှိသလဲ။ သမ္မတအမိန့်ကို ထောလောကန့်လန့် လုပ်ပြတဲ့ဆိုရုံပဲလား။

ဦးအောင်ကျော်ဇော ။ ။ အဲဒီ အခြေခံပေါ်မှာ ပြောမယ်ဆိုရင် ဗမာစစ်တပ်က ဘာဖြစ်လို့ ဆက်တိုက်နေသလဲဆိုရင် အောက်က မတိုက်ချင်ဘူး။ အခုနပြောတဲ့ ဦးစီးချုပ် နှစ်ယောက်အပါ။ နောက် အခုမှ အာဏာရထားတဲ့ သူတို့က လက်စွမ်းပြချင်တယ်။ ဒါပေမဲ့ လက်စွမ်းပြတာ လက်စွမ်းပြမရောက်ဘဲနဲ့ တိုက်ပွဲတိုင်းမှာ အရှုံးနဲ့တိုးပြီး ဆုံးရှုံးမှုတွေ ရှိနေတယ်။ ဒါကြောင့်မို့ သူတို့က မျက်နှာတခုရအောင် လုပ်ချင်တယ်။ ငြိမ်းချမ်းရေးမလုပ်ခင်မှာ။ ဆိုပါတော့ ကေအိုင်အိုရဲ့ တပ်မဟာ (၃) ဧရီယာတခုခုကို သူတို့မှာ ပြောလို့ရအောင်ကောင်းတဲ့ တခုခုလုပ်ချင်တယ်။ တပ်မဟာတခုလုံးကို ရလိုက်ပြီ။ တပ်မဟာ (၃) ကို ရလိုက်ပြီဆိုတဲ့ အဲဒါမျိုးတခုခု လုပ်ပြီးမှ စေ့စပ်ဆွေးနွေးရေး လုပ်ချင်တဲ့သဘောမျိုး မြင်နေရတယ်။

ဦးကျော်ဇံသာ ။ ။ ရှင်းပါတယ်။ ဦးဌေးအောင် သဘောထား ပြောပါ။ ဘာဖြစ်လို့ ဒီ စစ်ကို ဆက်တိုက်ချင်ရသလဲ။ စစ်တပ်အတွက် ဘာအကျိုးရှိမလဲ။

ဦးဌေးအောင် ။ ။ စစ်တပ်မှာ အကြီးအကဲတွေ ဖြစ်နေတဲ့ ကာကွယ်ရေးဦးစီးချုပ်တို့၊ အထူးစစ်ဆင်ရေးအဖွဲ့မှူးတို့၊ စစ်တိုင်းမှူးတို့ကတော့ စစ်ကို တိုက်ချင်လိမ့်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က ခန့်အပ်ထားတာလည်း မကြာသေးဘူး။ လူသစ်တွေဖြစ်တယ်။ သူတို့ရဲ့ အစွမ်းအစတွေကိုလည်း ပြချင်တယ်။ နောက်ပြီးတော့ သူတို့က စစ်တိုက်မှာသာလျှင် သူတို့ရဲ့ သြဇာအာဏာကို သူတို့က တည်ဆောက်လို့ရတယ်။ အဲဒီအခါကြတော့ အပေါ်ပိုင်း ဗိုလ်ချုပ်တွေကတော့ စစ်တိုက်တာကို သူတို့အနေနဲ့ လိုလားတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ တကယ်လက်တွေ့ အသေအကြေခံပြီး တိုက်နေရတဲ့ အောက်ခြေတိုက်မှူးတပ်သားတွေကတော့ ဒီစစ်ကို သူတို့တိုက်လာခဲ့ကြတာလည်း ကျနော်တို့ ဗမာပြည်စစ်သမိုင်းကို ကြည့်မယ်ဆိုရင် ဆယ်စုနှစ် (၅) ခုကျော်လောက် ရှိလာခဲ့ပြီ။ အဲဒီတော့ အောက်ခြေကတော့ စစ်ကို တကယ် ရွံမုန်းနေပါတယ်။ ဒါကြောင့်မို့ သူတို့ကိုယ်တိုင်ကတော့ ငြိမ်းချမ်းရေးကို လိုချင်နေမှာ အမှန်ပါ။

ဦးကျော်ဇံသာ ။ ။ အခု ကျနော်တို့က အရင်လည်း ဆွေးနွေးခဲ့ဘူးတဲ့ အကြောင်းအရာတခုကို မေးချင်ပါတယ်။ တရုတ်က သူတို့နယ်စပ်မှာဖြစ်နေတာကို လက်ပိုက်ကြည့်နေတာ ရေကာတာကိစ္စမှာ ကချင်က ကန့်ကွက်ခဲ့လို့ ကချင်ဖြစ်ချင်ရာဖြစ်ပေဆိုပြီး မျက်ကွယ်ပြုနေသလား။ ဘာဖြစ်လို့ တရုတ်က ဘာမှမပြောတာလဲ။ ဒုက္ခသည်တွေ သူတို့ဘက်ကို ဝင်သင့်သလောက် ဝင်နေတယ်။ ဦးအောင်ကျော်ဇော သဘောထားကို ပြောပါ။

ဦးအောင်ကျော်ဇော ။ ။ ဒါက နှစ်ခု ဖြစ်ပါတယ်။ တခုက ဦးကျော်ဇံသာ ပြောတဲ့ကိစ္စလည်း ပါပါတယ်။ မြစ်ဆုံကိစ္စက လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက ကေအိုင်အေ က မပြတ်ပြောခဲ့တာ ဖြစ်ပါတယ်။ လူထုသိအောင်လည်း ဝါဒဖြန့်နိုင်ခဲ့တယ်။ ဒါကြောင့် ကချင်ပြည်နယ်တခုလုံးက မလိုလားဘူး။ အတိုက်အခံဖြစ်နေတာကို သူတို့ အစောကြီး သိပါတယ်။ ဒါကြောင့် ကချင်နဲ့ ပတ်သက်လို့၊ ကေအိုင်အေနဲ့ ပတ်သက်လို့ သူတို့မှာ သဘောထားတချို့ ရှိပါတယ်။ ဒုတိယအချက်ကတော့ ကေအိုင်အေမှာ UNFC ဖွဲ့တဲ့ကိစ္စမျိုး။ ကေအိုင်အေ ခေါင်းဆောင်တချို့ အမေရိကကို သွားတဲ့ကိစ္စမျိုး west ကိုသွားတဲ့ကိစ္စမျိုး တရုတ်က အတော်လေး အစားမကြေပါဘူး။ လိုတာရှိရင်ပြောပါဆိုပြီး ပြောတဲ့ကြားက သွားတယ်ဆိုတဲ့ လေသံမျိုးတောင် ထွက်လာတယ်။ တကယ်တော့ လိုတာရှိတော့လည်း မကူပါဘူး။ အဲဒီတော့ တရုတ်ပြည်ရဲ့ အခြေအနေဟာ လောလောလတ်လတ်ကတော့ on the border ပါ။ ကေအိုင်အို ကို ကူမလား။ ဗမာအစိုးရနဲ့ပေါင်းပြီး ကေအိုင်အို ကို ချေမှုန်းမလား။ အခုထိတော့ ကေအိုင်အို ကို လုံးဝချေမှုန်းလို့ မရဘူး။ ဗမာအစိုးရနဲ့ ပေါင်းပြီး ချေမှုန်းရင်လည်း သူတို့ဒေသမှာရှိတဲ့ ကချင်တွေနဲ့ ပြဿနာဖြစ်မယ်။ ဒေသထဲမှာလည်း တရုတ်ပြည်ထဲက ကချင်လူမျိုးတွေကလည်း ကေအိုင်အေရဲ့ လှုပ်ရှားမှုကို ထောက်ခံပါတယ်။ ဒါကြောင့် သူတို့ ပြဿနဖြစ်မယ်။ လောလောဆယ်တော့ လက်ပိုက်ကြည့်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဌေးအောင် … အခု ကုလသမဂ္ဂက ကိုယ်စားလှယ်တချို့ကို လိုင်ဇားကို ဝင်ခွင့်ပြုပါတယ်။ ဒီကနေပဲ ရောက်နေပြီးဆိုတာကို ကျနော်တို့သတင်းထောက်တွေက သတင်းပို့ပါတယ်။ ဆိုတော့ သမ္မတ ဦးသိန်းစိန်အစိုးရကတော့ နိုင်ငံတကာအဖွဲ့တွေကို လာကြည့်ခွင့်ပြုတဲ့သဘောမျိုး ရှိပါတယ်။ ဒီဟာကို ကြည့်မယ်ဆိုရင် ရှေ့ အလားအလာ ဘယ်လိုဖြစ်လာမလဲလို့ ထင်ပါသလဲ။

ဦးဌေးအောင် ။ ။ တခုတော့ ရှိပါတယ်။ ဦးသိန်းစိန် က သူ့အနေနဲ့ အရင် စစ်အစိုးရတွေနဲ့ ကွဲပြားခြားနားကြောင်း။ သူတို့မှာ ပွင့်လင်းမြင်သာမှုရှိကြောင်း။ နိုင်ငံတကာနဲ့လည်း သူတို့က နီးကပ်စွာ ဆက်ဆံလိုကြောင်း။ ဒါတွေကို ပြသဖို့အတွက် အခုလို ကုလသမဂ္ဂအဖွဲ့အစည်းတွေ နိုင်ငံတကာအဖွဲ့အစည်းတွေကို လာခွင့်ပြုကြောင်းလို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီလို လာခွင့်ပြခြင်းအားဖြင့် ဆက်လက်ပြီးတော့ ငြိမ်းချမ်းရေး လိုလားတဲ့လူနဲ့ စစ်ဆက်တိုက်ချင်တဲ့ လူကြားမှာ ဘယ်ဘက်က အင်အားသာပြီးတော့ နောက်ဆုံး ဘယ်လိုဖြစ်သွားနိုင်မလဲလို့ ထင်ပါသလဲ။ နောက်ဆုံး comment ပေးပါ။

ဦးဌေးအောင် ။ ။ တခုရှိပါတယ်။ အခုလက်ရှိ ဖွဲ့စည်းပုံအရတော့ တပ်မတော်ကို သူတို့ဖွဲ့စည်းပုံအရ ကာကွယ်ရေးဦးစီးချုပ်ကို လုပ်ပိုင်ခွင့်တွေ အပြည့်အဝပေးထားတယ်။ ကုန်ကုန်ပြောမယ်ဆိုလို့ရှိရင် သူတို့အနေနဲ့ တရားဝင် အာဏာသိမ်းပိုင်ခွင့်ကိုတောင် ပေးထားတဲ့အတွက် နောက်ဆုံးမှာတော့ စစ်တပ်ရဲ့ သဘောတူညီချက် မရရင်၊ သမ္မတကလည်း ဘာမှ လုပ်ပိုင်ခွင့် ရှိမှာမဟုတ်ဘူး။ နောက်ပြီး အာဏာလည်းရှိမယ့် အနေအထားမျိုး မဟုတ်ဘူးလို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးအောင်ကျော်ဇော နောက်ဆုံးမှတ်ချက် … ကချင်၊ ကေအိုင်အိုနဲ့ ဖြစ်နေတဲ့အခြေအနေဟာ ဘယ်လိုအဆုံးသတ်နိုင်မယ် ထင်ပါသလဲ။

ဦးအောင်ကျော်ဇော ။ ။ ရေရှည်လာတဲ့အခါမှာ ကျနော်အထင်တော့ ဗမာအစိုးရရဲ့ အဓိကတပ်က ပြောင်းလဲဖို့အခြေအနေ၊ သူ့ဘာသာသူ့သဘောထားနဲ့ ဖြစ်လာမှသာလျှင် ဒီတိုက်ပွဲက ရပ်သွားနိုင်ပါတယ်။ ကချင်ဘက်ကတော့ ငြိမ်းချမ်းရေးအတွက် အဆင်သင့်ပါ။ သင့်တော်တဲ့ နိုင်ငံရေး solution တခု ခိုင်ခိုင်မာမာပြောပြီး ရပ်မယ်ဆိုရင် ရပ်လို့ရပါတယ်။

XS
SM
MD
LG