သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရ နဲ့ နျူကလီးယား စီမံကိန်း


မြန်မာစစ်အစိုးရ နဲ့ နျူကလီးယား စီမံကိန်း
မြန်မာစစ်အစိုးရ နဲ့ နျူကလီးယား စီမံကိန်း

ဒီတပတ် မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ ဦးကျော်ဇံသာ က မြန်မာနိုင်ငံဟာ နျူကလီးယားရှိဖို့ လုပ်ဆောင်နေသလားဆိုတဲ့ မေးခွန်းတွေ ၊ ဒါမှမဟုတ် သံသယတွေက အခုတလော WikiLeaks ထုတ်ဖော်ချက်တွေကြောင့် ကျယ်ကျယ်လောင်လောင် ဖြစ်လာပြန်ပါတယ်။ ဒီသံသယတွေဟာ ဘယ်လောက်အထိ အခြေအမြစ် ရှိသလဲ။ မြန်မာနိုင်ငံစစ်အစိုးရရဲ့ နျူကလီးယား စီမံကိန်းတွေကို နိုင်ငံတကာကသိအောင် စတင်ဖော်ထုတ်လိုက်တဲ့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုမြန်မာပြည်မှာ နျူးကလီးယားလုပ်ငန်းတွေကို လုပ်ကိုင်နေတယ်ဆိုတာ အထောက်အထားတွေ အများကြီးကို နိုင်ငံတကာကလည်း တွေ့လာရတယ်။ ကိုစိုင်းသိန်းဝင်း ကိုယ်တိုင် ထုတ်ပြတာလည်း တွေ့ရပါတယ်။ ဒီဟာက ငြိမ်းချမ်းစွာ အသုံးပြုရေးလား။ လက်နက်လုပ်ဖို့ကို သိသိသာသာ ဖော်ပြနေပါသလား။

ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ။ ။ ကျနော်တို့ လက်နက်အတွက် မဟုတ်ဘူးဆိုလို့ရှိရင် ဒီလောက်ကြီး လျှို့ဝှက် ပြီး လုပ်နေစရာ မလိုပါဘူး။ ပြီးတော့ လက်နက်အတွက်မဟုတ်ဘူး မြန်မာပြည်ကြီးတခုလုံးကို မီးအလင်းရောင် ပေးဖို့ ဆိုလို့ရှိရင် ဓါတ်ငွေ့နဲ့ပင် မီးအလင်းရောင် ပေးလို့ရပါတယ်။ ဒီ ဓါတ်ငွေ့ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ စစ်ဗိုလ်တွေကို ရုရှားလွှတ် ပညာတော်သင်၊ နျူကလီးယား ပညာသင်။ ပြီးရင် နျူကလီးယား ရီအက်တာ (nuclear reactor) ဆောက်ဆိုတာက ဘယ်ဘက်နားက ယားတာကို ညာဘက်လက်နဲ့ ကုတ်သလို ဖြစ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ တွေ့ရတဲ့ ပစ္စည်းကရိယာ အစိတ်အပိုင်းတွေက လက်နက်အတွက်ဖြစ်တယ်ဆိုတဲ့ အထောက်အထား တွေ့ပါသလား။ အခု ကိုစိုင်းဝင်းသိန်း ပြောတဲ့ဟာက circumstantial evidence ဒီအခြေအနေမှာ ဖြစ်နိုင်တယ်။ ဒီလောက် သူတို့ လျို့ဝှက်ပြီး လုပ်နေတာကို ကြည့်မယ်ဆိုရင် ဓါတ်ငွေ့တွေရှိရဲ့သားနဲ့ လုပ်နေတာကို ကြည့်မယ်ဆိုရင် ဒါဟာ ငြိမ်းချမ်းစွာ အသုံးချရေး စွမ်းအင်အတွက် မဟုတ်ဘူးဘဲနဲ့ လက်နက်အတွက် ဖြစ်နိုင်တယ်ဆိုပြီး circumstantial evidence ခေါ်တဲ့ ဖြစ်နိုင်တဲ့ အခြေအနေနဲ့ ပြောတာ။ အဲဒီ တွေ့ရှိရတဲ့ ပစ္စည်းအထောက်အထားတွေထဲမှာ ဒါဟာဖြစ် လက်နက်အဖြစ်သာ သုံးနေတယ်ဆိုတာကို တွေ့ရပါသလား။

ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ။ ။ အဲဒီဥစ္စာက ကျနော်တို့ ပစ္စည်းအစိတ်အပိုင်းတွေဟာ ကျနော်တို့ရဲ့ လုပ်နေတဲ့အလုပ်က အစပိုင်းမှာပဲ ရှိနေပါသေးတယ်။ အဲဒီရဲ့ အချက်ပေါ်မှာ မူတည်ပါတယ်။ အဲဒါကြောင့်မို့ ထုတ်နေတဲ့ ပစ္စည်းတွေက လက်နက်အတွက်လည်း ဖြစ်နိုင်သလို တခြားသမာရိုးကျကိစ္စရပ်တွေအတွက်လည်း ဖြစ်နိုင်ပါတယ်။ ဒါ နျူကလီးယားလက်နက်လုပ်ဖို့ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေလို့ အပ်စမှတ်စ သွားပြောလို့ မရပါဘူး။ ဆိုလိုတာက ကျနော်တို့ မြိုင်မှာဝယ်ထားတဲ့ CMC machines တွေ ဆိုလို့ရှိရင် တွင်ခုံ တွေဖြစ်တယ်။ ဒီ တွင်ခုံတွေကနေ ကားပစ္စည်းတွေလည်း ထုတ်လို့ရတယ်။ သေနတ်ရဲ့ ပစ္စည်းတွေလည်း ထုတ်နိုင်တယ်။ ဆိုတော့ ဒီစက်တွေကို သွားပြီးတော့ လက်နက်ပစ္စည်းထုတ်တဲ့ စက်တွေလို့ ပြောလို့မရဘူး။ Machine parts တွေကို ထုတ်လုပ်တဲ့ machine ပဲ ဖြစ်ပါတယ်။ အဲဒီလိုပဲ အခုန ကျနော်ပြောတဲ့ အစိတ်အပိုင်းတွေကလည်း ကိုယ့်ရဲ့ ရည်မှန်းချက်အပေါ် မူတည်ပြီး ဘယ်လို အသုံးဝင်တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ကျနော်က အဲဒါကို သိချင်တာပါ။ ဘာကြောင့်လည်းဆိုတော့ မြန်မာစစ်အစိုးရက ကမ္ဘာမှာ နံမည်ပျက်တဲ့အစိုးရ - လူ့အခွင့်အရေး ချိုးဖောက်တယ်၊ ပြည်သူတွေကို နိုင်ထက်စီးနှင်းလုပ်တယ်၊ နောက်ပြီးတော့ တိုင်းရင်းသားတွေကို မတရားစစ်ဆင်ရေးတွေလုပ်တယ်၊ ဒီမိုကရေစီ မပေးဘူး ပိတ်ပင်တယ် စတာတွေနဲ့ နံမည်ပျက်နေတော့ ဒီအစိုးရတရပ်ရဲ့ လုပ်ရပ်ဟာ ဘာအတွက်ပဲလုပ်လုပ် များသောအားဖြင့်တော့ လူတွေဟာ လက်နက်အတွက် လုပ်တာဖြစ်တယ်လို့ ထင်မြင်စရာအကြောင်းတော့ ရှိတာပေါ့။ ကျနော်က အဲဒါကို စဉ်းစားတာ ဖြစ်ပါတယ်။ တကယ်လို့ ဒီလို လုပ်ငန်းမျိုးကို ဒီလို လူကြိုက်နည်းတဲ့ စစ်အစိုးရမဟုတ်ဘဲနဲ့ လူတွေ လိုလားနှစ်သက်တဲ့ ဒီမိုကရေစီအစိုးရတရပ်ရပ်က လုပ်လာတယ်ဆိုရင်ကော ဒါတွေဟာ ကန့်ကွက်စရာဖြစ်မယ်လို့ ကိုစိုင်းသိန်းဝင်း ထင်ပါသလား။

ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ။ ။ ကျနော်အနေနဲ့တော့ ကန့်ကွက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီ စီမံကိန်းကြီးဟာ လက်နက်အတွက်ပဲ ဦးတည်နေတဲ့ စီမံကိန်းဖြစ်နေတာကြောင် ကျနော်က ကန့်ကွက်ရခြင်း ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဒီလိုလက်နက်မျိုး ရှိစရာအကြောင်း မရှိပါဘူး။ တကယ်လို့ ဒီမိုကရေစီ အစိုးရဖြစ်နေမယ်ဆိုလို့ရှိရင်လည်း ဒီဥစ္စာက လုပ်ခွင့်ရှိလာလိမ့်မယ်လို့ ကျနော် မထင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမိုကရေစီအစိုးရမှာ transparency က ရှိရမယ်။ အဲဒီအခါကျတော့ ဒီလို လုပ်နေတဲ့ပုံစံနဲ့ ဆက်သွားလို့ မရပါဘူး။ ကျနော် ဒီကိစ္စကို လက်နက်စီမံကိန်းလို့ ကျနော်ပြောရတဲ့ အကြောင်းရင်းက ကျနော်က ဒီကိစ္စမှာ ကိုယ်တိုင်ကိုယ်ကြပါခဲ့တဲ့ မျက်မြင်သက်သေတယောက် ဖြစ်နေလို့ပါ။

ဦးကျော်ဇံသာ ။ ။ စောစောက ကိုစိုင်းသိန်းဝင်းပြောတော့ ပစ္စည်းအစိတ်အပိုင်းအရတော့ လက်နက်လား၊ ငြိမ်းချမ်းစွာ အသုံးချရေးဆိုတာကို မခွဲခြားနိုင်ဘူးဆိုလို့ ကျနော် မေးရတာပါ။ ပစ္စည်းအစိတ်အပိုင်းတွေကိုကြည့်ပြီး ဒါဟာ လက်နက်အတွက်လုပ်တာ သေချာတယ်လို့ ပြောလို့မရဘူးပေါ့။

ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ။ ။ ပစ္စည်းကိုကြည့်ပြီး သုံးသပ်မယ်ဆိုရင် သုံးသပ်တာ အဖြေနှစ်မျိုး ထွက်ပါတယ်။ ကိုယ်လိုရာကို ဆွဲလို့ရတဲ့သဘောမျိုး ဖြစ်နေတာရှိပါတယ်။ ဒါပေမဲ့ ကျနော်ကကြတော့ ဒီနေရာမှာ သူတို့လုပ်ပုံကိုင်ပုံ စီစဉ်နေပုံကို ကျနော်က သိခဲ့မြင်ခဲ့တဲ့ လူတယောက် ဖြစ်လို့ ဒါဟာ လက်နက်စီမံကိန်းအတွက်လို့ ပြောတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တပ်မတော် သိပ္ပံနဲ့ နည်းပညာဆိုင်ရာ သုတေသန ဌာနချုပ်မှူး ဗိုလ်ချုပ်စိန်ဝင်း ကနေပြီး ဗိုလ်ချုပ်မှူးကြီးမောင်အေး ကို နျူကလီးယားလက်နက် အသုံးချရေး မဟာဗျူဟာတခု ချပြတာ၊ presentation လုပ်ပြတာကို ကျနော်တို့ တွေ့ရပါတယ်။ ဒါက ကျနော် ဥပမာတခုကို ပြောပြတာပါ။

ဦးကျော်ဇံသာ ။ ။ ကိုစိုင်းဝင်းသိန်းအနေနဲ့ လက်နက်အတွက် လုပ်တယ်ဆိုတာ သေချာတယ်ပေါ့။

ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ။ ။ ဟုတ်ကဲ့ပါခင်များ။

ဦးကျော်ဇံသာ ။ ။ ဒီမိုကရေစီ အစိုးရတရပ်ဆိုရင်တော့ လက်နက်လုပ်စရာမလိုဘူး။ မြန်မာနိုင်ငံအစိုးရက အစောပိုင်းတုန်းက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကလား၊ ကိုစိုင်းဝင်းသိန်း တို့ကို ပညာတော်သင် လွှတ်ခစမှာလား မသိဘူး - ဒီ နျူကလီးယားကိစ္စကို ငြိမ်းချမ်းစွာ အသုံးပြုဖို့ဆိုပြီး IAEA နဲ့ ဆက်သွယ်ခဲ့တာတွေ ရှိခဲ့တယ်မဟုတ်လား။

ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ။ ။ ဟုတ်ကဲ့ခင်များ။ အဲဒီ သတင်းကိုလည်း ကြားသိခဲ့ရပါတယ်။ နောက်ကျတော့ အဲဒီ IAEA နဲ့ ဆက်သွယ်ပြီး လုပ်ခဲ့မယ်ဆိုရင် အဲဒီ နျူကလီးယား ရီအက်တာကို အချိန်မှန် စစ်ဆေးခံနေရမယ့် အလားအလာ ရှိပါတယ်။ အဲဒါကြောင့်မို့ ကိုယ်ပိုင်ကိုယ်နည်း ကိုယ်ဟန်နဲ့ နျူကလီးယား ရီအက်တာ တခုကို ဆောက်မယ်လို့ လူကြီးတွေက ဆုံးဖြတ်လိုက်တယ်လို့ ကျနော် ပြန်ကြားရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုလိုတာက ကိုစိုင်းဝင်းသိန်း တို့ တွေ့ရတဲ့ အထောက်အထားတွေက IAEA နဲ့ ဆက်သွယ်ပြီး လုပ်နေတဲ့ စီမံကိန်း မဟုတ်ဘူးပေါ့။

ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ။ ။ မဟုတ်ပါဘူး။ IAEA နဲ့ ဆက်စပ်ပြီး လုပ်နေတဲ့ အဖွဲ့အစည်းရှိပါတယ်။ အရပ်ဖက် အဖွဲ့အစည်းရှိပါတယ်။ သိပ္ပံနဲ့ နည်းပညာဌာနက IAEA နဲ့ တိုက်ရိုက်ဆက်သွယ်ပြီးတော့ IAEA ရဲ့ အထောက်အပံ့တွေယူပြီး လုပ်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ IAEA ရဲ့ seminar တွေကိုလည်း သူတို့ပဲ သွားတက်ပါတယ်။ IAEA က ပညာရှင်တွေလည်း မြန်မာပြည်မှာ စာတမ်းလာဖတ်တဲ့အချိန်မှာ သူတို့ရဲ့ပဲ အများစု တက်ရတာရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုစိုင်းဝင်းသိန်း တို့ တွေ့ခဲ့ရတဲ့ အထောက်အထားဟာ အဲဒီ အရပ်ဖက် သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန က IAEA နဲ့ ဆက်သွယ်ပြီး လုပ်တဲ့ စီမံကိန်းမဟုတ်ဘူးပေါ့။

ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ။ ။ ဒီကိစ္စလေးက တော်တော်လေး ရှုပ်ထွေးပါတယ်။ ကျနော်တို့ တပ်မတော် သိပ္ပံနဲ့ နည်းပညာဆိုင်ရာ သုတေသနဌာနချုပ်အောက်မှာ တပ် (၃) တပ် ရှိပါတယ်။ အမှတ် (၁) သိပ္ပံနဲ့ နည်းပညာ ပစ္စည်းထုတ်လုပ်ရေးရုံ၊ အမှတ် (၂) သိပ္ပံနဲ့ နည်းပညာ ပစ္စည်း ထုတ်လုပ်ရေး အလုပ်ရုံ။ အမှတ် (၁) သိပ္ပံနဲ့ နည်းပညာ တပ် ဆိုပြီး တပ် (၃) တပ်ရှိပါတယ်။ အမှတ် (၁) သိပ္ပံနဲ့ နည်းပညာ ပစ္စည်းထုတ်လုပ်ရေးရုံ က ပြင်ဦးလွင်ပြင်မှာ ရှိပါတယ်။ (၂) က မြိုင်မှာပါ။ သိပ္ပံနဲ့ နည်းပညာတပ်ကတော့ သပိတ်ကျင်းမှာ ရှိပါတယ်။ အဲဒီ အဆောက်အဦးတွေကို စပြီးတည်ခဲ့တာ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန က စပြီးတည်တာပါ။ အဲဒီ သပိတ်ကျင်း နည်းပညာတပ်မှာဆိုရင် ကျနော်တို့ မရောက်ခင်ကတည်းကိုက သိပ္ပံနဲ့ နည်းပညာဌာနက နျူကလီးယား ရူပဗေဒပညာရှင်တွေက ရောက်နေပါပြီ။ ရုရှားကို သွားတဲ့အခါမှာလည်း ကျနော်တို့ စစ်ဗိုလ်တွေက တဝက်၊ သိပ္ပံနဲ့ နည်းပညာဌာနက အရပ်ဖက်ပညာရှင်တွေက တဝက် ပါပါတယ်။ ဒါပေမဲ့ ကျနော်တို့ ရုရှားမှာ စာသင်နေတဲ့ အချိန်မှာပဲ အဲဒီ တပ် (၃) တပ်လုံးက အဆောက်အဦးတွေကို သိပ္ပံနဲ့ နည်းပညာဌာနက တာဝန်ယူပြီးတော့ ဆောက်ပြီးသွားတယ်။ ကျနော်တို့ ရုရှားက ပြန်လာတဲ့အခါကြမှ တပ်ဖွဲ့စည်းပုံအတိုင်း ဖွဲ့စည်းပြီးတော့ ဝန်ထမ်းတွေကို ထည့်လိုက်တာပါ။

ဦးကျော်ဇံသာ ။ ။ အခုပြောလာတာ ရုရှားပါလာပြီ။ ရုရှား နဲ့ IAEA နဲ့ လုပ်တာကတပိုင်း၊ မြောက်ကိုရီးယား နဲ့ ဆက်စပ်ပြီးလုပ်တဲ့အပိုင်း တပိုင်း အဲဒီလို (၂) ပိုင်းခွဲပြီး ပြောလို့ရသလား။

ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ။ ။ မြောက်ကိုရီးယားနဲ့ ဆက်စပ်နေတဲ့အပိုင်းကတော့ သမာရိုးကျ လက်နက်တွေပဲ ရှိပါတယ်။ နျူကလီးယားနဲ့ ပတ်သက်တဲ့အပိုင်းတွေမှာ မြောက်ကိုရီးယားတွေကို မတွေ့ခဲ့ရပါဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီလိုဆိုရင် မြန်မာနိုင်ငံက နျူကလီးယားထုတ်လုပ်မယ်ဆိုတဲ့ကိစ္စမှာ နောက်ကွယ်ကရှိနေတာ ရုရှားပဲပေါ့။

ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ။ ။ ရုရှားက ဒီကိစ္စမှာ ရုရှားပါတယ်လို့ ပြောလို့မရပါဘူး။ ကျနော်တို့ိကို စာသင်ပေးတဲ့ ရုရှားဖြစ်ပေမယ့် ဒီကိစ္စကြီးတခုလုံးကို ရုရှားက ကူညီပေးမှာ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီနောက်မှာ ဘယ်သူရှိပါသလဲ။

ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ။ ။ နောက်မှာ ဘယ်သူမှ မရှိပါဘူး။ နျူကလီးယားစီမံကိန်းက သူတို့ရဲ့ စိတ်ကူးစိတ်သန်းနဲ့ လုပ်တာပါ။ အဲဒီလို စိတ်ကူးစိတ်သန်းတွေကလည်း ဝန်ကြီးဦးသောင်းရဲ့ အစီအစဉ်တွေပါ။ သူက IAEA က seminar တွေကို သူရဲ့ ဒေါက်တာတွေကို သွားတက်ခိုင်းတယ်။ ပြီးတော့ မြန်မာပြည်ကို ပညာရှင်တွေ ဖိတ်ခေါ်ပြီးတော့ ပြည်ပပညာရှင်တွေ ဖိတ်ကြားပြီးတော့ အဲဒီကရတဲ့ အချက်အလက်တွေကို မူတည်ပြီးတော့ ကိုယ်နည်းကိုယ်ဟန်နဲ့ လုပ်တဲ့သဘောပါ။ ဒီစီမံကိန်းရဲ့ နောက်ကွယ်မှာ နိုင်ငံခြားပရောဂ မပါဘူးလို့ ကျနော်မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု အမေရိကန်တို့ ဘာတို့က မြောက်ကိုရီးယားနဲ့ ဆက်စပ်ပြီးတော့ မြန်မာနိုင်ငံဟာ နျူကလီးယားဗုံးလုပ်ဖို့ စီစဉ်နေတယ် ဘာညာပြောနေတာ တကယ်တော့ ချဲ့ကားပြောနေတဲ့ သဘောဖြစ်နေတာပေါ့။

ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ။ ။ ဟုတ်ကဲ့ ကျနော်အနေနဲ့ နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် မြောက်ကိုရီးယားက မြန်မာပြည်ကို နျူကလီးယား အကူအညီပေးဖို့အတွက် မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာနိုင်ငံ နျူကလီးယားလက်နက်ရှိမှာကို အမေရိကန်ထက်ဆရင် တရုတ်က ပိုပြီးကြောက်ပါလိမ့်မယ်။ အဲဒီအတွက် တရုတ်က မြောက်ကိုရီးယားကို ပိတ်ထားတာလေးတွေ ရှိပါတယ်။ အဲဒါကြောင့်မို့ မြောက်ကိုရီးယားဆီက နျူကလီးယားနဲ့ ပတ်သက်တဲ့ အကူအညီတွေ မရနိုင်တာ ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြောက်ကိုရီးယားပညာရှင်တွေ တော်တော်များများကိုက တရုတ်ပြည်ဖက်ကနေ ပတ်လာတာမျိုးကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ သင်္ဘောတစီး မယုံသင်္ကာဖြစ်စရာ လက်နက်ပစ္စည်းတွေ တင်ဆောင်လို့ မြန်မာနိုင်ငံကိုလာတယ်။ အစစ်အဆေးမခံဘူး ပြန်လှည့်သွားတယ်ဆိုတဲ့ သင်္ဘောမှာ တချို့က နျူကလီးယားလက်နက် ထုတ်လုပ်ရေးနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ဘာတွေ ပါတယ်လို့ ပြောကြတယ်။ အဲဒါ မဖြစ်နိုင်ဘူးပေါ့။

ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ။ ။ အဲဒါက နျူကလီးယားနဲ့ မဆိုင်ဘူးလို့ ကျနော်မြင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ ပစ္စည်းတွေက ကပစနဲ့ ပိုပြီးတော့ သက်ဆိုင်မယ်။ သမာရိုးကျလက်နက်တွေနဲ့ ဆိုင်မယ်လို့ ကျနော်ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုမေးချင်တာက တကယ်လိုသာ မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ ဒီမိုကရေစီအစိုးရ၊ ပြည်သူလူထု ရွေးကောက်ထားတဲ့ ဒီမိုကရေစီတရပ် ဖြစ်လာမယ်။ ပြီးတော့ နျူကလီးယားကို လက်နက်အတွက် မဟုတ်ဘဲနဲ့ ငြိမ်းချမ်းစွာ အသုံးချဖို့ဆိုရင် ကိုစိုင်းဝင်းသိန်း က နျူကလီးယားနဲ့ ပတ်သက်ခဲ့တဲ့ ပညာရှင်တယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ နျူကလီးယား စွမ်းအင်ကို အသုံးပြုပြီးတော့ လောင်စာအဖြစ်သုံးခြင်းဟာ မြစ်တွေကို ပိတ်ပြီးတော့ ရေကာတာတွေ တည်ဆောက်တာထက်၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုလည်း သက်သာတယ်လို့ တချို့က ပြောကြပါတယ်။ ကိုစိုင်းဝင်းသိန်း အမြင်ကို သိချင်ပါတယ်။

ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ။ ။ ကျနော်က နျူကလီးယားပညာရှင် မဟုတ်ပါဘူး။ အပေါင်းအသင်းတွေကတော့ နျူကလီးယား ရီအက်တာနဲ့ ပတ်သက်ပြီးတော့၊ energy နဲ့ ပတ်သက်ပြီးတော့ သင်လာခဲ့တဲ့လူတွေ ရှိပါတယ်။ သူတို့ပြောပုံဆိုပုံတွေကို ကြားနေရပါတယ်။ နျူကလီးယား energy ကတော့ ကမ္ဘာပေါ်မှာ အသန့်စင်ဆုံး energy လို့ ပြောကြပါတယ်။ pollution အနည်းဆုံးလို့ ပြောကြပါတယ်။ တခုရှိပါတယ် နျူကလီးယား ရီအက်တာ ဆိုတာက ဆောက်ပြီး ဒီအတိုင်းထားလို့ မရပါဘူး။ ဘယ်အဆောက်အဦးက ဒီအတိုင်း ပစ်ထားလို့ မရပါဘူး။ maintenance ကလည်း ရှိရမယ်။ သူကို operate လုပ်ဖို့အတွက် technician တွေ အင်ဂျီနီယားတွေ အများကြီး လိုပါသေးတယ်။ ကျနော်တို့ လူအရင်းအမြစ် အများကြီး စံနစ်တကျ ဖွဲ့စည်းထားဖို့ လိုပါသေးတယ်။ သူက အန္တရာယ်ရှိတဲ့ ကိစ္စတခု ဖြစ်ပါတယ်။ အခန့်မသင့်လို့ Chernobyl လို ဖြစ်သွားမယ်ဆိုရင် ကျနော်တို့ တိုင်းပြည်အတွက်က ဒုက္ခရောက်စရာ ရှိပါတယ်။ အကျိုးထက် အပြစ်က ပိုများတယ်လို့ ကျနော်မြင်ပါတယ်။ နောက်ပြီးတော့ စွန့်ပစ်ပစ္စည်းကိစ္စတွေကလည်း ရှိပါတယ်။

XS
SM
MD
LG