သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယပင်လုံ ခေါ်ယူရေး


ဒုတိယပင်လုံ ခေါ်ယူရေး
ဒုတိယပင်လုံ ခေါ်ယူရေး

ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ က ၂၀၁၀ နိုဝင်ဘာလမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ကာလအတွင်းမှာ ရှေ့ဆင့်နောက်ဆင့် ပေါ်ထွက်လာတဲ့ ဒုတိယပင်လုံညီလာခံ ခေါ်ယူရေး ဖြစ်ပါတယ်။ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးဆိုတာကို ဘာကြောင့်အဆိုပြုပြောဆိုနေကြပါသလဲ။ ဒီညီလာခံကနေ သဘောတူ ဆုံးဖြတ်လိုက်တာတွေဟာ လက်တွေ့ အကောင်အထည်ဖော်နိုင်မယ့် အခြေအနေ အလားအလာ ရှိပါသလားဆိုတာတွေကို သိရှိနိုင်ဖို့ ပြင်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှုး ဦးအောင်ထူး နဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ပညာရှင် ဒေါက်တာ အင်ဒရူး ငွေကျုံလျန် တို့ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးက ဒုတိယပင်လုံ ဆိုတဲ့စကား။ ဒုတိယပင်လုံ ခေါ်ယူမယ်ဆိုတဲ့ အသံဟာ အခုတလော ကြားနေရပါတယ်။ ဆိုတော့ ကျနော် ပထမဦးဆုံး စဉ်းစားမိတာက သမိုင်းထဲမှာ အရေးကြီးတဲ့ ဖြစ်ရပ်တခုဖြစ်ခဲ့ပြီးနောက်မှာ အဲဒီဖြစ်ရပ်မျိုးကို ထပ်ပြီးလုပ်မယ်ဆိုရင် လုပ်ပိုင်ခွင့် ရှိပါသလား။ သမိုင်းက ဒီဖြစ်ရပ်မျိုးကို အလားတူ ထပ်ပြီးလုပ်ဖို့အတွက် အခွင့်ရေးတရပ် ဖန်တီးပေးနိုင်ပါသလား။ ဦးအောင်ထူး အရင်ဆွေးနွေးပါ - ဘယ်လိုမြင်ပါသလဲ။ ဒုတိယပင်လုံ ဘယ်သူပဲခေါ်ခေါ် ဒုတိယပင်လုံဆိုတဲ့ ဖြစ်ရပ်မျိုးကို နောက်ထပ်ဖန်တီးပိုင်ခွင့် အခုလူတွေမှာ ရှိကြပါသလား။

ဦးအောင်ထူး ။ ။ ဒီလိုပါ ပထမပင်လုံမှာတုန်းက ချမှတ်ထားတဲ့ ရည်ရွယ်ချက်အတိုင်း ကျနော်တို့နိုင်ငံရဲ့ သမိုင်းမှာ လက်တွေ့ အကောင်အထည်ဖော်နိုင်ခဲ့ပြီးတော့ တိုင်းရင်းသားတွေ တန်တူကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးနိုင်မယ်ဆိုရင် ဒုတိယအကြိမ် ပြန်ခေါ်ခွင့် မရှိပါဘူး။ ဆိုတော့ ပထမအကြိမ် ပင်လုံညီလာခံခေါ်တုန်းက အဓိကအားဖြင့် လွတ်လပ်ရေးရဖို့ ကြိုးစားခဲ့တဲ့အခါမှာ တိုင်းရင်းသားတွေနဲ့ ထားခဲ့တဲ့ တန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခြေခံပေါ်ကနေ စစ်မှန်တဲ့ ဖဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟာ ဒီနေ့ နှစ်ပေါင်း (၅၀) ကြာလို့ ပြန်ကြည့်လိုက်တဲ့အချိန်မှာ အမျိုးသားစည်းလုံးညီညွှတ်ရေးက လုံးဝပြိုကွဲပြီးတော့ ပြည်ထောင်စုဟာ ရစရာမရှိအောင် ဖြစ်နေတဲ့ အခြေအနေအောက်မှာ လက်တွေ့ တွေ့နေရတာကြောင့် ဒုတိယအကြိမ် ပင်လုံညီလာခံ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် စကားနဲ့ပြောမယ်ဆိုရင် ၂၁ ရာစု ပင်လုံညီလာခံ ခေါ်ဆိုတာဟာ ပြည်ထောင်စုကို ပြန်လည်တည်ဆောက်တဲ့ လုပ်ရပ်မှန် ဖြစ်ပြီးတော့ တိုင်းပြည်တည်ဆောက်ပုံ စံနစ်ကို ပြန်လည်သုံးသပ် အသစ်ပြန်လည် ဖော်ဆောင်မှာဖြစ်တာမို့ တနိုင်ငံလုံး ပြည်သူလူထုအကျိုးအတွက် ဖြစ်တယ်လို့ ယေဘုယျအားဖြင့် ပြောလို့ရပါတယ်။

ဦးကျော်ဇံသာ။ ။ ဒေါက်တာ အင်ဒရူးရဲ့ အမြင်ကိုလည်း သိပါရစေ။ ဒုတိယပင်လုံဆိုပြီး ခေါ်ယူမယ့်ကိစ္စဟာ သမိုင်းထဲမှာ ဖြစ်ပျက်ခဲ့ပြီးတဲ့ historic event တခုကို ထပ်မံပြီးတော့ ပြန်လည်ဖန်တီးမယ်ဆိုတဲ့ကိစ္စကို ဘယ်လိုသဘောရပါသလဲ။ လုပ်ပိုင်ခွင့် ရှိကြပါသလား။

ဒေါက်တာ ငွေကျုံလျန် ။ ။ နှစ်မျိုးနဲ့ ခွဲဖို့လိုမယ်လို့ ကျနော်ယူဆပါတယ်။ ပထမအချက်က ဥပဒေအရ ပထမပင်လုံရဲ့ ပဋိညာဉ်ရဲ့ လုပ်ထုံးလုပ်နည်းအရ လုပ်ရမယ့်ကိစ္စရှိတယ်။ ဒုတိယက အခု နိုင်ငံရေး ရှုထောင့်ကနေ လုပ်သင့်လုပ်ရမယ့် ကိစ္စလို့ မြင်ပါတယ်။ ပထမပင်လုံ ပဋိညာဉ်ရဲ့ သဘောတူညီချက်တွေကို အဲဒီပင်လုံ ပဋိညာဉ်မှာ သဘောတူထားတဲ့လူတွေက ပြင်ဆင်ချင်တယ်၊ မပြင်ဆင်ချင်ဘူးဆိုတာ အဲဒီအပေါ်မှာ လက်မှတ်ထိုးတာတဲ့ လူတွေပေါ်မှာ မူတည်ပါတယ်။ နိုင်ငံရေးအရ ပြောမယ်ဆိုရင်တော့ အဲဒီ ပင်လုံပဋိညာဉ်ပေါ်မှာ စာချုပ်ချုပ်တုန်းက မပါတဲ့လူတွေက ပါလာချင်တာ။ ပြီးတော့ ပြည်ထောင်စုမြန်မာနိုင်ငံတခုလုံး ကောင်းစားရေးအတွက် လုပ်ချင်တယ်ဆိုလို့ရှိရင် အဲဒီအပေါ်မှာ နိုင်ငံရေးအရ ပထမပင်လုံ ပဋိညာဉ်ရဲ့ ဥပဒေအရ လုပ်ထုံးလုပ်နည်းအပေါ် သူတို့ သဘောတူညီတဲ့အကြောင်း လုပ်နိုင်တဲ့အခန်းကဏ္ဍ ရှိပါတယ်။ အဲဒီတော့ ဒီကိစ္စက နိုင်ငံရေးနဲ့ ဥပဒေအရ နှစ်ခုသတ်သတ်မှတ်မှတ် ခွဲပြီးတော့ ရှေ့ဆက်လုပ်ရမယ့် ကိစ္စလို့ မြင်ပါတယ်။

ဦးကျော်ဇံသာ။ ။ ကျနော် အင်ဒရူး ကိုပဲ ဆက်မေးချင်တာက ပဋိညာဉ်အရ ပထမပင်လုံမှာ ပါဝင်ခဲ့တဲ့ လက်မှတ်ရေးထိုးခဲ့တဲ့လူတွေဟာ အဲဒါနဲ့ ပတ်သက်ပြီး ငါတို့ပြန်ခေါ်ချင်တယ့် ပုံစံမျိုးဖြစ်ရမယ်။ နောက်တခုက မပါဝင်သေးတဲ့လူတွေကို ထပ်မံ တိုးချဲ့ဖို့ ချဲ့ထွင်ဖို့လိုတယ်ဆိုရင် လုပ်ရမယ်ပေါ့။ ပထမဦးဆုံး ဦးအောင်ထူး ဒီအချက်ကို သဘောတူပါသလား။ အရင် ပထမပင်လုံမှာ လက်မှတ်ထိုးခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ သဘောထားကို ဦးအောင်ထူး ဘယ်လို သဘောရပါသလဲ။

ဦးအောင်ထူး ။ ။ ကျနော် ထင်တာကတော့ ဒီဥစ္စာကို အစကတော့ ပြန်သွားလို့တော့ မရဘူးလို့ထင်တယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ တိုင်းပြည်ရဲ့ လက်တွေ့အခြေအနေကို ကြည့်ဖို့လိုတယ်။ ဆိုလိုချင်တာက rigid centralization ကနေ decentralization ကို သွားရမှာဖြစ်တယ်။ မြန်မာလိုဆိုရင် တင်းကြပ်တဲ့ ဗဟိုချုပ်ကိုင်မှုကနေ ဗဟိုချုပ်ကိုင်မှုကို လျှော့ချတဲ့ အခြေခံ ပြည်ထောင်စုကို ပြန်လည်တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အစအဆုံး ပြန်သွားကြ လူတွေ ကိုယ်နေရာကိုယ်ပြန်ယူကြဆိုတဲ့ အယူအဆတွေက အခြေခံအားဖြင့်တော့ စဉ်းစားလို့ ရနိုင်ပေမယ့် လက်တွေ့မကျတော့ဘူး။ ဒီအခြေခံကို ပြန်ကောက်နေမယ်ဆိုရင် ပြည်ထောင်စုက လက်တွေ့တည်ဆောက်နိုင်ဖို့ဟာ ဖြစ်လာစရာ မရှိဘူးလို့ ကျနော်တော့ သံသယ ရှိပါတယ်။

ဦးကျော်ဇံသာ။ ။ ဗဟိုချုပ်ကိုင်မှုကို relax ဖြစ်ဖို့၊ သိပ်ပြီး တင်းတင်းကြပ်ကြပ် မထားဘူးဆိုတာက ပင်လုံသဘောတူညီချက်နဲ့ ဆိုင်ပါသလား။ လက်တွေ့မှာ အာဏာချုပ်ကိုင်ထားတဲ့ အုပ်ချုပ်ရေးစံနစ်နဲ့ ပိုပြီးတော့ မဆိုင်ဘူးလား ဦးအောင်ထူး။

ဦးအောင်ထူး ။ ။ ပင်လုံသဘောတူညီချက်နဲ့ အတိအကျ ဆိုင်ပါတယ်။ ဘာကြောင့်ဆိုင်လဲဆိုတော့ ပင်လုံစာချုပ်ကို ပြန်ကြည့်ရင် အပိုဒ် (၅) မှာ တွေ့ရမယ်။ နယ်တွင်းအုပ်ချုပ်ရေးမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး ရာနှုန်းပြည့် ရှိရမယ်ဖြစ်တယ်။ အခု ကျနော်တို့ ကိုယ်ပိုင်အုပ်ချုပ်ရေး ရာနှုန်းပြည် မရှိဘူးဖြစ်နေတယ်။ ဒါ လက်တွေ့ ပြည်ထောင်စုတည်ဆောက်မှု ပြဿနာ ဖြစ်လာတယ်။

ဦးကျော်ဇံသာ။ ။ အဲဒါကြောင့် ပြောတာပေါ့ - လက်တွေ့မှာသာ မဖြစ်တာ ပင်လုံစာချုပ်မှာ ရေးထားတာက ရှိရမယ်ဆိုတော့ ကျနော်တို့ လုပ်ရမယ့်ဟာက ပင်လုံစာချုပ်ပါ အချက်အလက်အတိုင်း အတိအကျလက်နာရင် မပြီးဘူးလား။ ဒုတိယပင်လုံ ခေါ်ဖို့လိုသလား။

ဦးအောင်ထူး ။ ။ အတိအကျလက်နာဖို့က ပျောက်သွားပြီ။ ကျနော်တို့ ဘယ်အခြေခံနဲ့ ပြန်သွားမလဲ။ ကနေ့က ပင်လုံစာချုပ်ဆိုတာကို လက်တွေ့ တိုင်းပြည်အုပ်ချုပ်နေတဲ့ စစ်အစိုးရက ထည့်မစဉ်းစားဘူး။ ကျနော်တို့ ဘယ်အခြေခံကို ပြန်ကောက်မလဲ။ အခြေခံကို ပြန်ကောက်တဲ့အခါမှာ ကျနော်တို့ စိုးရိမ်တာက လုံးဝ တစ်ရာ ရာခိုင်နှုန်းအားဖြင့် မူလအခြေခံကို ပြန်သွားလို့ မရဘူး။ အဲဒါက ဘာလဲဆိုတော့ လွတ်လပ်ရေးမရခင်က အခြေအနေ ကိုယ့်နေရာ ကိုယ်ပြန်သွားကြ ဆိုတာ။ ဒါမဖြစ်နိုင်ဘူး။ ဘာကြောင့်လည်းဆိုတော့ တိုင်းပြည်က ယနေ့အခြေအနေမှာ အင်မတန် တင်းကြပ်တဲ့ အုပ်ချုပ်မှုအောက်ကို ရောက်နေပြီ။ လက်တွေ့အားဖြင့် ကျနော်တို့ ကြည့်ရတော့မယ်။ နောက်တဖက်ကလည်း ပင်လုံစာချုပ်မှာပါတဲ့ အနှစ်သာရတွေကို ပြန်လည် အကောင်အထည်ဖော်ဖို့ဆိုရင် ပင်လုံစာချုပ်ရဲ့ သဘောတူညီချက်ကို ပြန်ပြီး အသက်သွင်းဖို့ လိုအပ်လာတယ်။ ဒါတွေက ရှိသင့်သလား။ ဘာကြောင့်ရှိသင့်သလဲ။ သမိုင်းမှန်မရှိတဲ့အတွက် ဘာတွေ ဆိုးကျိုးတွေ ဖြစ်ခဲ့သလဲ။ အဲဒီ ဆိုးကျိုးတွေ မဖြစ်တောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကို ဘယ်လို အဓိပ္ပါယ် ဖွင့်မလဲ။ အဲဒီ ဖွင့်တဲ့အပေါ် ဖွဲ့စည်းပုံက ဘယ်လိုစဉ်းစားမလဲ။ ကျနော်တို့ သမိုင်းမှာဖြစ်ခဲ့တဲ့ အခြေအနေတွေ၊ လက်တွေ့ရင်ဆိုင်နေရတဲ့ အခြေအနေတွေ၊ နောင်ဖြစ်မယ့် ပြဿနာတွေကို ကျော်လွှားနိုင်ဖို့အတွက်ကို အခြေခံတွေ ပြန်ဆွဲရမယ်။ ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ရမယ်။ ဒီသဘော ဖြစ်ပါတယ်။

ဦးကျော်ဇံသာ။ ။ ကျနော်နားလည်းတာက ပင်လုံစာချုပ်က ရှိပြီသာ။ ပင်လုံစာချုပ်မှာ မရှိဘူးဆိုရင် မမှားဘူးဆိုရင် ပင်လုံစာချုပ်မှာ အကောင်အထည်ဖော်တဲ့လူတွေ ညံ့တဲ့ကိစ္စသာဖြစ်တယ်။ ပင်လုံစာချုပ်မှာ ပြဌာန်းထားတဲ့အတိုင်း အတိအကျ အကောင်အထည် ဖော်နိုင်သော အုပ်ချုပ်ရေး ယန္တယားပဲ လိုအပ်တယ်လို့ ကျနော်ကထင်လို့ ပြောတာ ဖြစ်ပါတယ်။ အင်ဒရူးရဲ့ သဘောထားလည်း ပြောပါအုန်း။

ဒေါက်တာ ငွေကျုံလျန် ။ ။ မှန်ပါတယ်။ ပင်လုံစာချုပ်ဟာမျိုး ပဋိညာဉ်တခုကို အနက်ဖွင့်တဲ့အချိန်မှာ နှစ်မျိုးနဲ့ ဖွင့်ရတယ်။ ပထမက statutory act the term - အဲဒီ ပင်လုံပဋိညာဉ်မှာ အတိအလင်း ပြဌာန်းထားတဲ့ကိစ္စနဲ့ နောက်ပြီးတော့ implied term အမှုကိစ္စအရ လိုအပ်သော အစီအစဉ်အတိုင်း အနက်ဖွင့်ခြင်းဆိုပြီးတော့ ရှိပါတယ်။ ဆိုတော့ ကျနော်တို့ ပင်လုံကို ပြောတိုင်းမှာ တချို့လူတွေက ပြောတယ် ပင်လုံမှာ အချက် (၉) ချက်ပဲ ပါတယ်။ တိုင်းရင်းသား ခွဲထွက်ခွင့်တို့ ဘာတို့ မပါဘူး။ ဘာညာပြောကြတယ်။ အဲဒါ implied term နဲ့ statutory term တို့ကို နားမလည်းတဲ့၊ ဥပဒေ လုပ်ထုံးလုပ်နည်းကို နားမလည်းတဲ့ လူတွေပြောတဲ့စကားဖြစ်တယ်။ ဆိုတော့ အခု ဒုတိယပင်လုံ ညီလာခံခေါ်ဖို့ဆိုတာ မူအားဖြင့် ကျနော်အနေနဲ့ ခေါ်သင့်တယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ (၃၅၂) မှာ ပြဌာန်းထားတာက နိုင်ငံသားတိုင်းတွေက သူတို့ရဲ့ ယုံကြည်ချက်တွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ပိုင်ခွင့်ရှိတယ်လို့ ပြောထားတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ အန်အယ်လ်ဒီ နဲ့ စီအာပီပီ ဖြစ်ဖြစ် တခြား တိုင်းရင်းသားခေါင်းဆောင်တွေဖြစ်ဖြစ် သူတို့ ဒုတိယပင်လုံ ညီလာခံခေါ်ဖို့ ၂၀၀၈ အခြေခံဥပဒေက သူတို့ကို ခွင့်ပြုပြီးသာဖြစ်တယ်။ ဒါပေမဲ့ အရေးကြီးတဲ့ကိစ္စက ၂၀၀၈ အခြေခံဥပဒေက ခွင့်ပြုထားပေမယ့် ဒုတိယပင်လုံညီလာခံ ခေါ်တဲ့အချိန်မှာ အဲဒီ ပထမပင်လုံညီလာခံတုန်းက သဘောတူထားတဲ့ statutory act the terms နဲ့ implied term တွေကို အဖျက်အစီး မခံဘဲနဲ့ amendment လုပ်တဲ့ အနေအထားနဲ့ ခေါ်လို့ရှိရင်တော့ ခေါ်သင့်တယ်။ ခေါ်ထိုက်တယ်။ ခေါ်ဖို့လည်း လိုအပ်တယ်။ အခုန ဆရာအောင်ထူး ပြောသလို ၂၁ ရာစုအနေအထားနဲ့ ကြည့်ပြီးတော့ ဒီဟာတွေကို amendment လုပ်သင့်တယ်။ ဒါပေမဲ့ ပထမဥစ္စာကိုတော့ ပြင်ဆင်ဖို့ မလုပ်သင့်ဘူးလို့ ကျနော်က ယူဆပါတယ်။

ဦးကျော်ဇံသာ။ ။ အဲဒီတော့ ပင်လုံညီလာခံ ဒုတိယအကြိမ် ခေါ်ပြီဆိုကြပါစို့။ အဲဒီ ပင်လုံညီလာခံရဲ့ ဆုံးဖြတ်ချက်အတိုင်း ခေါ်တဲ့လူကတပိုင်း၊ ဒါပေမဲ့ အကောင်အထည်ဖော်မယ့် လူတွေကရော တကယ်လိုက်ပြီး ဖော်ဆောင်ပါမလား။ ဒီအချိန်မှာ ပင်လုံညီလာခံ ခေါ်တဲ့လူတွေဟာ၊ ပြောနေတဲ့လူတွေဟာ အာဏာလက်ရှိ ရှိနေသူတွေ မဟုတ်တာတော့ သေချာပါတယ်။ ပထမပင်လုံ ခေါ်ခဲ့တာ အာဏာလက်ရှိတွေ ခေါ်ခဲ့တာဖြစ်တယ်။ အင်္ဂလိပ်ကိုယ်စားလှယ်လည်း လာတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်လည်း ဘုရင်ခံ အမှုဆောင်ကောင်စီရဲ့ ဒုတိယဥက္ကဌ အနေနဲ့ လာတာဖြစ်တယ်။ အဲဒီလို အာဏာလက်ရှိလူတွေ ပြည်သူလက်ထဲကို အာဏာထည့်ကြမယ့်လူတွေ။ တိုင်းရင်းသားတွေက ဗမာနဲ့ လွတ်လပ်ရေး မလိုချင်ကြဘူး။ ဗိုလ်ချုပ်ကို ကန့်ကွက်တော့ ပြန်လာတော့ လုပ်တယ်။ အခုအခါမှာကြတော့ ပင်လုံ ဒုတိယပင်လုံ ခေါ်သင့်တယ်လို့ ပြောနေတာ အာဏာလက်ရှိအဖွဲ့အစည်းတွေ မဟုတ်တော့ အဲဒါ အခက်အခဲမရှိနိုင်ဘူးလား။

ဦးအောင်ထူး ။ ။ အခက်အခဲကတော့ ကျိန်းသေရှိတာပေါ့။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက တပ်မတော်ခေါင်းဆောင်တွေပါဖို့ လိုတယ်ဆိုပြီး ရှင်းလင်းဆွေးနွေးတာဖြစ်တယ်။ ဒီမှာ နှစ်ချက်ရှိတယ်။ တချက်က ဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စံနစ် တည်ရှိနေသမျှကာလပတ်လုံး ဘယ်တော့မှ စစ်မှန်တဲ့ ပြည်ထောင်စု မဖြစ်နိုင်ဘူး။ နောက်တခါ ဘယ်လို ညီလာခံမျိုးမျိုးခေါ်ခေါ် ဘာတခုမှ ဖြစ်လာမှာမဟုတ်ဘူး။ စစ်အာဏာရှင်စံနစ်ဟာ တိုင်းရင်းသားတွေ ရချင်တဲ့ တန်တူညီတူ ကိုယ်ပိုင်ပြဌာန်းခွင့်ရဲ့ အဓိကရန်သူဆိုတာကို အားလုံး နားလည်းဖို့ လိုတယ်။ အဲဒီတော့ ဒုတိယပင်လုံညီလာခံကို ပါဝင်ပတ်သက်မယ့် တပ်မတော်သားတွေကလည်း စစ်အာဏာရှင်စံနစ်ကို မကျင့်သုံးသင့်တော့ဘူးလို့ လက်ခံဖို့လိုတယ်။ ပြည်ထောင်စုကြီး ပြိုကွဲနေတဲ့အတွက် တတိုင်းပြည်လုံးဟာ ဒုက္ခရောက်နေတယ်ဆိုတာကို နားလည်းရင် အဲဒီအခြေခံကနေပြီးတော့ တပ်မတော်သားတွေရဲ့ ပါဝင်ပတ်သက်မှုကို ဖိတ်ခေါ်တာ သဘာဝကျတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ ပင်လုံညီလာခံ ဖြစ်မယ်ဆိုရင်တော့ တပ်မတော်ကို ကိုယ်စားပြုတဲ့၊ အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့၊ institution ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ တက်ပြီး လက်မှတ်ထိုးတာမျိုး လုပ်လို့ မရပါဘူး။ ဘယ်လို တက်ရမလဲဆိုရင် တပ်မတော်က လက်ခံတဲ့အစိုးရ၊ တနည်းအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲပြီးမှ ပေါ်တဲ့အစိုးရ။ သူတို့ဘာသာ ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရက အစိုးရအနေနဲ့ တက်လာပြီး လက်မှတ်ထိုးတယ်ဆိုရင်၊ ဒီလို လက်မှတ်ထိုး ပါဝင်ပတ်သက်မှုမျိုး ဖြစ်လာရင် တာဝန်ခံတဲ့ binding ဖြစ်တဲ့ စာချုပ်တရပ် ထပ်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒါ လက်တွေ့ တက်လာပြီး ထိုးနိုင်မထိုးနိုင်ဆိုတာကတော့ ပြည်တွင်းပြည်ပ နိုင်ငံရေးအခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဦးဆောင်မှု၊ တပ်မတော်သားတွေ ကိုယ်တိုင်ကိုက အဲဒီမှာ ဖြစ်နေတဲ့ အနိုဌာရုံတွေကြောင့် ငါတို့ဘဝကြီးဟာ ကနေ့အချိန်မှာ လုံးဝကို ဆိုးဝါးနေပါလား သဘောပေါက်လာတဲ့အပေါ်မှာ မူတည်တယ်လို့ ကျနော်ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ အင်ဒရူး လည်း ပြောပါအုန်း။ နောက်ဆုံးမေးပါရစေ။ အခုအချိန်မှာ ဦးအောင်ထူး ပြောသွားသလိုပဲ တိုင်းရင်းသားတွေ အခွင့်အရေးကို အပြည့်အဝ လိုက်လျောချင်တဲ့ အဖွဲ့အစည်းတရပ်က အာဏာလက်ရှိ မဟုတ်နေတာ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ စစ်တပ်ကသာ အုပ်စိုးထားတဲ့ အစိုးရဖြစ်တယ်။ ဆိုတော့ အဲဒီလို အစိုးရမျိုး တိုင်းရင်းသားတွေရဲ့ အခြေအနေကို နားလည်းသဘောပေါက်မယ့် အစိုးရတရပ်မျိုး မရှိဘဲနဲ့ ဒုတိယပင်လုံညီလာခံ ခေါ်လို့ကော အဓိပ္ပါယ် ရှိနိုင်ပါမလား။ ဒုတိယပင်လုံခေါ်ပြီးတော့ အဲဒီက ဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ပေါ်လာအောင် ဘယ်လိုနည်းနဲ့ လုပ်သင့်သလဲ။ တခြားနည်းလမ်းများ စဉ်းစားထားတာ ရှိပါသလား။

ဒေါက်တာ ငွေကျုံလျန် ။ ။ ပထမအချက်က တိုင်းပြည်အုပ်ချုပ်နေတဲ့လူတွေက ပြည်သူဆန္ဒကို ကိုယ်စားပြုပြီးတော့ ပြည်သူ့ဆန္ဒအမှန်ကို ထင်ဟပ်ပေါ်လွှင်ပြီး အုပ်ချုပ်နေတာ မဟုတ်ဘူးဆိုတာ နားလည်းဖို့လိုတယ်။ ဒုတိယအချက်က အဲဒီလို နားလည်းနိုင်အောင်လို့ အခုလို ဒုတိယပင်လုံညီလာခံခေါ်တဲ့ အချက်ကနေ ထင်ဟပ်ပေါ်လွှင်စေတဲ့ အပိုင်းပေါ်လာနိုင်တယ်။ တတိယအချက်က ဒီလို ခေါ်လိုက်ခြင်းအားဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံဆိုတာ ဘယ်လိုပေါ်လာသလဲဆိုတဲဟာကို တိုင်းသူပြည်သားတွေအားလုံး နားလည်းပြီးတော့ လက်ခံနိုင်တဲ့အဆင့်အထိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအောက်မှာ ဒုတိယပင်လုံညီလာခံကိစ္စကို လုပ်နိုင်လို့ရှိရင် အဲဒါအမြတ်လို့ ကျနော်မြင်ပါတယ်။ အဓိက က ပင်လုံညီလာခံထိုင်ပြီးတော့ အဲဒီမှာ ဆုံးဖြတ်ချက်ချတာထက် ပြည်ထောင်စုမြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံးက ပထမပင်လုံညီလာခံမှာ ဘာတွေရှိခဲ့တယ်ဆိုတဲ့ဟာ နားလည်းနိုင်ပြီးတော့ ဒုတိယပင်လုံညီလာခံမှာ ဘာတွေလုပ်သင့်တယ်ဆိုတာကို သူတို့နားလည်းတယ်ဆိုလို့ရှိရင် အဲဒါအမြတ်လို့ပဲ မြင်ပါတယ်။ ဒီအတိုင်းပဲ နိုင်ငံရေးအရ သွားသင့်တယ်၊ အခုန ပထမပြောသလို ဥပဒေအရ သွားသင့်တဲ့အပိုင်းရှိသလို နိုင်ငံရေးအရ သွားသင့်တဲ့အပိုင်းရှိတယ်။

XS
SM
MD
LG