ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာက မြန်မာ့စီးပွားရေးအခြေအနေကို စီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦး (VAHU အဖွဲ့ ဒါရိုက်တာ) နဲ့ ဦးစိန်ဌေး (Burma Fund) တို့ကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး- ကျနော်တို့ မြန်မာနိုင်ငံမှာ အခုလက်ရှိ စစ်အစိုးရ သို့မဟုတ် တပ်မတော်အစိုးရဟာ သယံဇာတတွေကို ဖြုန်းတီးနေတယ်ဆိုတဲ့ စွတ်စွဲချက်တွေ ထွက်နေပါတယ်။ သူတို့ရဲ့  mis-management - စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်၊ အဲဒါအပြင် အဂတိလိုက်စားတယ်။ သူတို့ ကိုယ်ကျိုးအတွက် သုံးစွဲတယ်ဆိုတဲ့ ပြောသံ စွတ်စွဲသံတွေ အများကြီး ကြားရပါတယ်။ ဒီဟာကို ပညာရှင်တွေ ရှုထောင့်ကကြည့်ရင် ဘယ်လောက် မှန်ကန်ပါသလဲ။ ဘယ်လောက်အတိအကျ သိ သလဲဆိုတာကို ကျနော်သိချင်လို့ ဆရာတို့ကို ဆက်သွယ်မေးမြန်းတာ ဖြစ်ပါတယ်။ ပထမဦးဆုံး မြန်မာပြည်မှာ တိုင်းပြည်အုပ်ချုပ်ရေးအတွက် စရိတ်စကတွေ ပေးနေရတာလဲ၊ ထုတ်လုပ်ပြီး ကုန် ပစ္စည်းတွေ တင်ပို့တာမရှိတော့ သံယံဇာတတွေရောင်းလို့ရတဲ့ ပိုက်ဆံတွေကပဲ သုံးနေတာ မဟုတ်ဘူးလား။ ဒေါက်တာဇော်ဦး ဒီကိစ္စကို ဘယ်လိုသဘောရပါသလဲ။
ဒေါက်တာဇော်ဦး ။ ။ ဟုတ်ပါတယ်။ ကျနော်တို့နိုင်ငံဟာ ဒီ သဘာဝအရင်းအမြစ်တွေကို ထုတ်လုပ် ရောင်းချတဲ့ဆီကပဲ အများဆုံး ဝင်ငွေရနေတာပါ။ တခြားအာရှတိုက်က နိုင်ငံတွေနဲ့ ယှဉ်ကြည့်မယ် ဆိုရင် ကျနော်တို့ နိုင်ငံက ပြည်တွင်းမှာလည်း အခွန်ကောက်ခံမှုကလည်း အင်မတန်မှ အနည်းဆုံး တိုင်းပြည်လို့လည်း ပြောလို့ ရပါတယ်။ အဲဒီတော့ သဘာဝအရင်းအမြစ်ပေါ်မှာ မှီခိုမှုက ကျနော်တို့ နိုင်ငံဟာ တခြားနိုင်ငံတွေထက် ပိုပြီး မှီခိုနေရတဲ့ အနေအထားမှာ ရှိပါတယ်။ အဲဒီအတွက်ကြောင့် လည်း နောက်ဆက်တွဲ ပြဿနာတွေ ဆက်တိုက် ဖြစ်လာရပါတယ်လို့ ပြောလို့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခု လူပြိန်းတွေ တွေးမိတာ ရှိပါသေးတယ်။ အဲဒါ ဘာလဲဆိုတော့ ဗမာပြည်မှာ ကျောက်စိမ်းတွေ၊ ကျွန်းသစ်တွေ ရှိတယ်။ ဒီနှစ်ခုပဲကြည့်လိုက်ပါ။ ကျောက်စိမ်း လုပ်ငန်းမှာ နှစ်အတော်ကြာကြာ လုပ်ခဲ့ဖူးတဲ့ ကျောက်စိမ်းကုန်သည်ကြီးတဦးကို မေးကြည့်ပါတယ်။ အဲဒီလူက ‘ကျောက်စိမ်းတွေ ဗမာပြည်မှာ ထွက်ခဲ့တာ အကုန်လုံးပေါင်းလိုက်ရင် သန်းပေါင်း ထောင် မက trillion လောက် ရှိမယ်’။ အလားတူစွာပဲ ကျွန်းသစ်တွေဆိုရင်လည်း တန်ဖိုးမြောက်များစွာ ထွက် ခဲ့တာဆိုတော့ အဲဒီလောက်ထွက်ခဲ့တဲ့ ပိုက်ဆံတွေနဲ့ဆိုရင် ဗမာပြည်ကလူတွေက ဒီထက် ပိုချမ်းသာ သင့်တယ်လို့ စဉ်းစားမိပါတယ်။ အဲဒါကို ဒေါက်တာဇော်ဦး ဆက်ပြီး ရှင်းပြပေးပါ။
ဒေါက်တာဇော်ဦး ။ ။ အဲဒါလည်း အမှန်ပါပဲ။ ကျနော်တို့နိုင်ငံဟာ သဘာဝအရင်းအမြစ်ကရတဲ့ ဝင်ငွေ ဟာ နှစ်စဉ် ပိုပိုပြီး တိုးလာတာပဲရှိတယ် လျော့သွားတာ မရှိပါဘူး။ ပြီးတော့ ဒီသဘာဝ အရင်းအမြစ်ကို လာပြီး မြုပ်နှံတာကလည်း ၂၀၁၀ မှာဆိုရင် ဒေါ်လာသန်း တစ်ဆယ် ဘီလီယံရှိတယ်ဆိုပြီး သိရတော့ အတော်လေး များပြားတဲ့ ရင်းနှီမြုပ်နှံမှုလို့ ပြောလို့ရတယ်။ ၂၀၀၉ ထက်ဆရင် ၂၀၁၀ အတွင်းမှာ ရင်းနှီးမြုပ်နှံမှုဟာ အဆပေါင်း များစွာ တက်သွားတယ်။ အဲဒီတက်သွားတဲ့ အဓိကအများဆုံး ရင်းနှီး မြုပ်နှံမှု အများဆုံးက ဒီ သဘာဝအရင်းအမြစ်တွေ ဖြစ်စတယ်။ ရေအားလျှပ်စစ်ထုတ်တာနဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တွေရှာတဲ့ လုပ်ငန်းတွေပဲ ဖြစ်နေတယ်။ ၂၀၁၀ မှာပဲ ထူးခြားတာက UNDP က လူသားဖွံ့ဖြိုးမှု အစီရင်ခံစာကို ကြည့်လိုက်တော့ ကျနော်တို့က အရှေ့ တောင်အာရှမှာ နောက်ဆုံးပိတ် ကို ရောက်သွားတာကို အံ့အံ့သြသြ တွေ့ရတယ်။ လာအိုနဲ့ ကဗ္မောဒီးယား - အထူးသဖြင့် လာအိုက ကျနော်တို့နောက်က အမြဲလိုက်နေတာကနေ ဒီနှစ်ကနေစပြီးတော့ လာအိုက ကျော်တက်သွားတဲ့ သဘောမှာ ရှိပါတယ်။ အဲဒီတော့ ကျနော်တို့နိုင်ငံရဲ့  လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုဟာ အရှေ့တောင် အာရှမှာ အနိမ့်ဆုံးဖြစ်သွားတယ်ဆိုတဲ့ကိစ္စကလည်း အင်မတန်မှ ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စတခု ဖြစ်တယ်။ တဘက်မှာ ဒီလောက် ဝင်ငွေတွေ ဝင်နေရဲ့ သားနဲ့ တဖက်မှာ လူတွေရဲ့  လူနေမှု အဆင့် အတန်းနဲ့ ပညာရေး၊ ကျန်းမာရေးကိစ္စတွေကို မစွမ်းဆောင်နိုင်တာကလည်း ဒါဟာ အင်မတန်မှ စိုးရိမ် စရာကောင်းတဲ့ကိစ္စတခုလို့ ပြောလို့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာဦးစိန်ဌေး ခင်များ မြန်မာနိုင်ငံမှာ သယံဇာတတွေ ဒီလောက်ချမ်းသာတယ်။ အဲဒါတွေကို ဒီလောက် အမြောက်အမြားလည်း ရောင်းချနိုင်ရဲ့ သားနဲ့ ပြည်သူတွေ ဆင်းရဲနွမ်းပါးနေ ကြတယ်။ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးလာတာဟာ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့လား၊ အဂတိလိုက်စားလို့လား၊ သူတို့ မရိုးသားလို့လား၊ ကိုယ်ကျိုးသုံးလို့လား။ နှစ်ခုစလုံးကြောင့်လား ဘယ်လိုသဘောရပါသလဲ။
ဦးစိန်ဌေး ။ ။အဲဒါ အကုန်လုံးပါ။ အကုန်လုံး ဖြစ်နေတာ။ မလုပ်တတ်တာလည်းပါတယ်၊ မကိုင်တတ် တာလည်း ပါတယ်။ စေတနာ မရှိတာလည်း ပါတယ်။ ခိုးတာလည်း ပါတယ်။ ဝှက်တာလည်းပါတယ်။ အတ္တကြီးတာပေါ့။ အဲဒါတွေကြောင့် ဖြစ်ရတာပါ။ နောင်ကြာလေ ဒီထက်ဆိုးတာ ဖြစ်မှာပါ။
ဦးကျော်ဇံသာ ။ ။ ၉၀ ရွေးကောက်ပွဲပြီးတဲ့အခါ ဗိုလ်ချုပ်မှူးကြီးစောမောင် လက်ထက်မှာ ကမ္ဘာ့ဘဏ် တို့က မြန်မာပညာရှင်တွေပဲ တချို့ ဆိုလည်း မြန်မာနိုင်ငံအကြံပေးနဲ့ တာဝန်ယူခဲ့တယ်ဆိုတဲ့ သတင်း တွေ ထွက်ခဲ့ ပါတယ်။ နောက်တခါ ဂျပန်နိုင်ငံကလား၊ စီးပွားရေးအကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့ တယ်ဆိုတဲ့ကိစ္စတွေ ကြားခဲ့ပါတယ်။ အဲဒီလူတွေဆီက သူတို့ အကြံမရလိုက်ဘူးလား၊ အကြံကို သူတို့ လက်မခံခဲ့တာလား။ ဘယ်လို ဖြစ်သွားတယ်ဆိုတာကို ဆရာဦးစိန်ဌေး သိပါသလား။
ဦးစိန်ဌေး ။ ။ အဲဒါက အဲဒီတုန်းကမှ မဟုတ်ဘူး။ ၁၉၆၂ ခုနှစ် မတိုင်ခင်က ကျနော်တို့ မမီလိုက်ပါဘူး။ ကျနော်တို့ စီးပွားရေးတက္ကသိုလ်က ဆရာတွေရဲ့ ဆရာတွေပါ။ ဒေါက်တာလှမြင့် အခုထက်ထိ ရှိပါ သေးတယ်။ အခု ထိုင်းမှာလို့ ပြောပါတယ်။ တကယ့်ကို ကမ္ဘာကျော်ပညာရှင်ကြီး။ သူ့ရဲ့ ပေါ်လစီနဲ့ သွားလို့ ထိုင်းတို့၊ မလေးရှားတို့ တက်သွားတာပဲ။ သူက export/import promotion - အဲဒါကို သွားပါလို့ ဦးနေဝင်းကို အကြံပြုခဲ့တယ်။ လုံးဝလက်မခံခဲ့ဘူး။ အဲဒီနောက် သူပြန်ကို မပြောတော့ဘူး၊ LSE (London School of Economics) ထွက်သွားခဲ့တယ်။ အခုထိလည်း မပြောတော့ဘူး။ ဒီလိုပဲ Dr. Ronald Findlay တို့ - တချို့ကိုဇော်ဦး သိပါတယ်။ ဆရာတွေ အများကြီးပဲ။ ဗမာပညာရှင်တွေ၊ နိုင်ငံခြား ပညာရှင်တွေ သွားပြီး ဆွေးနွေးတာရှိတယ်။ ဒီလို သွားတဲ့အခါမှာ အကြံဉာဏ်တွေ လုံးဝ မလိုဘူး။ ငါတကောကောပြီး ထင်ရာ လုပ်တာ။ အဲဒါကြောင့် ကျနော် စကားကို ခပ်ကြမ်းကြမ်း ပြော ပါတယ်။ ဒီလူတွေက စီမံခန့်ခွဲမှုမှာလည်း ညံ့တယ်။ လုပ်လည်း မလုပ်တက်ဘူး။ လုပ်တတ်တဲ့လူ လည်း ဆရာမတင်ဘူး။ လုပ်ချင်ရာလုပ်တယ်။ အတ္တကြီးတယ်။ ခိုးတယ်၊ ဝှက်တယ်။ ပေါင်းစားတယ်။ သူတို့နဲ့ ပေါင်းစားတဲ့ cronies တွေက ဒါတွေဟာ တိုင်းပြည်ကို ဖျက်နေတဲ့ အဖျက်သမားတွေ။
ဦးကျော်ဇံသာ ။ ။ ဆရာဦးဇော်ဦး အဲဒီတော့ အခု ရွေးကောက်ပွဲလုပ်ပြီးပြီ။ အရပ်သားအစိုးရကို လွှဲ မယ်လို့ သူတို့က ပြောတယ်။ နိုင်ငံရေးအားဖြင့်တော့ ဘယ်သူပဲ ဆက်အုပ်ချုပ် အုပ်ချုပ်။ ဒီလို စီမံ ခန့်ခွဲမှု ညံ့ဖျင်းတာ၊ အကျင့်ပျက်တာ။ အဲဒါမျိုးတွေဟာ ပပျောက်သွားနိုင်မယ့် အခြေအနေမြင်ပါ သလား။ နိုင်ငံခြား ပညာရှင်တွေ၊ စီးပွားရေးပညာရှင်တွေ အကြံပေးစာတမ်းတွေ ရေးကြတာကို တွေ့ရပါတယ်။ ပါမောက္ခခင်မောင်ကြည်၊ ဆရာကြီးဖင်ဒ်လေ တို့။ အဲဒါတွေကို လက်ခံစဉ်းစားမယ့် အလားအလာ မြင်ရပါရဲ့လား။
ဦးဇော်ဦး ။ ။ သေချာတာကတော့ ဒီ သဘာဝ အရင်းအမြစ်ကို ဆက်ပြီး မှီခိုနေသမျှပတ်လုံး စီးပွားရေး ပြုပြင် ပြောင်းလဲမှုလုပ်ဖို့က အတော်ခက်သေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ သဘာဝ အရင်း အမြစ်ကို မှီခိုနေတဲ့ တခြားစီးပွားရေးတွေကို ကြည့်လိုက်လို့ရှိရင် အထူးသဖြင့် အာဖရိကဒေသက အင်မတန်မှ သဘာဝ အရင်းအမြစ် ပေါကြွယ်ဝတဲ့ နိုင်ငံတွေကြည့်မလား၊ အရှေ့အလယ်ပိုင်းက သဘာဝ အရင်းအမြစ် ပေါကြွယ်ဝတဲ့ နိုင်ငံတွေ ကြည့်မလား။ ဒီဟာတွေ အားလုံးကို ကြည့်လိုက်ရင် သဘာဝအရင်းအမြစ် ကျိန်စာသင့်မှုကို ခံနေရတဲ့ တိုင်းပြည်တွေကိုပဲ သွားတွေ့ရတာ ဖြစ်နေတယ်။ အဲဒီတော့ နောင်တက်လာမယ့် အစိုးရသစ်ကလည်း အကယ်၍ သဘာဝအရင်းအမြစ် မှီခိုနေမှုကို မထိန်းချုပ်နိုင်ခဲ့ရင် ဆက်ပြီး ဒီအပေါ်မှာ သာယာနေမယ်ဆိုရင် အခုနလိုပဲ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေကို မလုပ်ဘဲနဲ့ မှိန်းပြီးတော့ ဆက်နေမယ်ဆိုရင်တော့ ဒီကိစ္စဟာ တော်တော်ပဲ လုပ်ရခက်တဲ့ အနေအထားမှာရှိတယ်။
ဘာကြောင့်လဲဆိုတော့ ဒီဟာနဲ့ သဘာဝ အရင်းအမြစ်ကရတဲ့ ပိုက်ဆံတွေက ဆက်တိုက်ဝင်နေတာ ရှိတဲ့အတွက်ကြောင့် ဒီဟာလည်း သီးခြားစီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်စရာမလိုဘူးလို့ ရေတိုကြည့်တဲ့အမြင်တွေကလည်း များလာတာပေါ့။ အဲဒီတော့ အဓိက အရေးကြီးတာကတော့ သဘာဝ အရင်းအမြစ် မှီခိုနေရတာကနေ လွတ်ထွက်နိုင်ဖို့ကို ကြိုးစားကြဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့လည်း အဲဒီလို ကြိုးစားနိုင်ဖို့ အခြေအနေတွေ ပေါ်ထွက်လာဖို့ဆိုတာက အခုလက်ရှိ အနေ အထားမှာ တော်တော်ခက်နေဦးမယ်လို့ ကျနော်မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ သဘာဝအရင်းအမြစ်ကို အားကိုးနေရတဲ့ ဘဝက လွတ်မြောက်အောင် မြန်မာနိုင်ငံ ကို အုပ်ချုပ်နေတဲ့ အကြီးအကဲတွေမှာ ဒီအမြင် မရှိဘူးလား။ ဆရာဦးစိန်ဌေး ဘယ်လိုမြင်ပါသလဲ။ သူတို့တွေ မပြောင်းချင်တာလား၊ ပြောင်းရမှန်း မသိတာလား။
ဦးစိန်ဌေး ။ ။ ပြောင်းရခဲ့မှန်း မသိတာတော့ မဟုတ်ဘူး။ ဒီလူတွေ ပြောင်းဖို့အတွက် လိုတယ်ဆိုတာကို သိတယ်။ ဘာကြောင့်လဲဆိုတော့ အခုနပြောခဲ့သလို သူတို့ရဲ့  အတ္တကြီးမားမှုကြောင့် ဖြစ်နေတဲ့ ပြဿနာ။
အဲဒီတော့ တောင်ကိုရီးယားကို ကြည့်ပါ။ တောင်ကိုရီးယား က ၆၃ မှာ အာဏာသိမ်းတာ (အမှန်ပြင် ဆင်ချက် - ၁၉၆၁ ခုနှစ် မေလ ၁၆ ရက်နေ့)။ ကျနော်တို့ထက် တနှစ်နောက်ကျတယ်။ အဲဒီတုန်းက အာဏာသိမ်းတာ ဗိုလ်ချုပ်ကြီး ပက်ချောင်ဟီ (Park Chaung-hee) - ဗိုလ်ချုပ်ဖြစ်တယ်။ စီးပွားရေး ပညာရှင် မဟုတ်ဘူး။ ဒါပေမဲ့ သူက တိုင်းပြည်အပေါ်မှာ စေတနာရှိတယ်။ အဲဒီတော့ ဘာဖြစ်သလဲ ဆိုတော့ သူက တတ်တဲ့လူတွေ ကို ဆရာတင်တယ်။ အကြံတောင်းတယ်၊ ယူတယ်။
ဥပမာတခု အားဖြင့် သူတို့ အမေရိကမှာ တောင်ကိုရီးယား လူမျိုးတွေ ပညာတတ်တွေရှိတယ်။ UC Berkeley က အဲဒီက ပညာရှင်တွေ၊ စီးပွားရေး ပညာရှင်တွေ ပေါ့။ သူတို့တွေကို ပြန်ခေါ်တယ်။ ဒို့ တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် မင်းတို့ ပြန်လာကြပါ။ မင်းတို့ အမေရိကမှာရတဲ့ ဒေါ်လာ သုံးလေးသောင်းတော့ မပေးနိုင်ဘူး။ ဥပမာ ငါးထောင်ပေးမယ်၊ ခြောက်ထောင် ပေးမယ်ပေါ့။ အဲဒီလို ပြန်ခေါ်တာ။ အခု တောင်ကိုရီးယား ဘာဖြစ်သွားသလဲ။ အဲဒီတုန်းက တောင်ကိုရီးယား နိုင်ငံရဲ့  investment ခေါ်မှာပေါ့ investment ration က ကျနော်တို့ GDP ရဲ့  ၅% လောက်ပဲရှိတယ်။
စစ်ကလည်း ဖြစ်ပြီးကစ။ ကျနော်တို့က အဲဒီတုန်းက ၁၀%။ အခု တောင်ကိုရီးယား ဘာဖြစ်သွားလဲ၊ ကျနော်တို့ ဘာဖြစ်သွားလဲ။ ဒါက ဘာလဲဆိုတော့ တိုင်းပြည်ပေါ်မှာ အုပ်ချုပ်တဲ့လူက စေတနာမရှိဘူး ဆိုတာကို ပြတာ။ ဒါက ဦးနေဝင်း အစ။ အခု ဗိုလ်သန်းရွှေ က ပိုဆိုးတယ်။ နောက်တချက် ထောက်ပြ ရရင် ဦးသန်းရွှေ နဲ့ ဒေါ်ကြိုင်ကြိုင်တို့ ပိုင်တဲ့ ကုမ္မဏီတွေက အများကြီး။ ကျနော်တို့ဆီမှာ အထောက် အထားတွေ ရှိတယ်။ အကုန်ပြလို့ရတယ်။ ဒီလူတွေဟာ တိုင်းပြည်အပေါ်မှာ စေတနာမရှိဘူး။ အတ္တ ကြီးမားစွာနဲ့ စီမံကိန်း တွေကို သူတို့အတွက် pet project တွေလုပ်ပြီး ဒီအပေါ် ဘတ်ဂျက်တွေ၊ ပြည်တွင်းပြည်ပငွေတွေ စား။ အဲဒီလို လုပ်တဲ့အခါကျတော့ ဒီလူတွေက အတ္တကြီးနေတာကြောင့် ဒီပြဿနာတွေ ကြီးလာတာ။
အခုန ကိုဇော်ဦး ပြောတာကို လက်ခံတယ်။ ဘာလက်ခံလည်းဆိုတော့ resource curse - သယံဇာတ ကျိန်စာ။ ကျိန်စာဘယ်လောက်သင့်သင့် အဲဒီပုဂ္ဂိုလ်တွေက စေတနာပြောင်းရင် resource မရှိတဲ့ စင်္ကာပူနိုင်ငံက ၁၀% GDP Growth Rate ရှိရင် ကျနော်တို့က ၂၀% ဖြစ်မှာပေါ့။ သဘောပြောတာပါ။ အခု ထိုင်းကိုကြည့် ဘာလို့တက်သွားသလဲ။ ကျနော်တို့လောက်မရှိဘူး။ ကျနော်တို့ဆီက labor တောင် ပို့ရတယ်။ migrant အလုပ်သမားတွေ သုံးသန်းလောက် ရှိတယ်။
အဲဒါက ဘာလဲဆိုတော့ တိုင်းပြည်ရဲ့  ပြည်သူလူထုအတွက် ဒီလူတွေက export လုပ်ပေးရတယ်။ နအဖ က မကျွေးတော့ ကိုယ့်ပိုက်ဆံ၊ ကိုယ့်ပြဿနာ သွားရှာရတယ်။ အိမ်ထောင်စုတစုမှာ တယောက်သွားလို့ရှိရင် ဒီအိမ်ထောင်ကို ထိန်းတာ။ ကရင်၊ မွန် တို့မှာကြည့်ကြည့်။ ပြောချင်တာက ဘာလဲဆိုတော့ ဒီပုဂ္ဂိုလ်များသည် တိုင်းပြည်အပေါ်မှာ လုံးဝ စေတနာမရှိဘဲနဲ့ သူတို့ အတ္တကြီးမား မှုက အာဏာနဲ့ စီးပွားရေး။ အရင်တုန်းက ဦးနေဝင်းက အာဏာ။ အခုက အကုန်လုံးက ကြံ့ဖွံ့ကအစ အာဏာနဲ့ စီးပွားရေး အကုန်လုံးမက်တာ။ ဘယ်သူ့စကားပြောပြော နားထောင်မယ့် လူတွေ မဟုတ် ဘူး။ ပြဿနာ အဲဒါအခြေခံပဲ။
ဦးကျော်ဇံသာ ။ ။ ဒေါက်တာဇော်ဦးအနေနဲ့ အကောင်းမြင်စရာလေး ပြောပါအုံး။ ရွေးကောက်ပွဲလည်း ပြီးသွားပြီ။ အစိုးရအသစ်လည်း ဖွဲ့မယ်။ မကြာခင် လွှတ်တော်ခေါ်မယ့်ဆိုတော့ ဘယ်လောက်များ ကောင်းလာ စရာ ရှိပါသလဲ။ လမ်းကြောင်းနည်းလမ်းလေးများရှိရင် ပြောပါဦ်း။
ဦးဇော်ဦး ။ ။ တဘက်က ကြည့်မယ်ဆိုရင် သိပ်ပြီးတော့ အခုဟာက သိပ်ပြီးတော့ ဓနအင်အားက သိပ် တောင့်တင်းသွားတဲ့ အနေအထားမှာရှိတယ်။ အခုဆိုရင်ပဲ ပြီးခဲ့တဲ့နှစ်က နိုင်ငံခြား ရင်းနှီမြုပ်နှံမှုတွေ ဝင်ချလာတယ်ဆိုတော့ ကျနော်တို့ အခုနောက်တက်မယ့် အစိုးရကတော့ ဘဏ္ဍာငွေ တောင့်တောင့် တင်းတင်းနဲ့ ရှိနေပြီဆိုတဲ့ အနေအထားမှာ ရှိပါတယ်။ အဲဒီတော့ အဓိက စဉ်းစားလို့ရတာကတော့ သူတို့ဟာ စီးပွားရေး ပြဿနာနဲ့ ရေတိုပြဿနာတွေကို ပူစရာမရှိတဲ့ အနေအထားမှာ ရှိနေတယ်။
အခုန ဆရာဦးစိန်ဌေး ပြောတဲ့ဟာကိုပဲ ပြန်ပြီးကောက်ရမယ်ဆိုရင် တဘက်ကလည်း အတ္တကြီးတာ တွေ၊ လောဘကြီးတာတွေ ရှိတယ်။ ဒါပေမဲ့လည်း တခါတခါကျတော့ ရေတိုအတွက် ပြဿနာတွေ ဖြစ်နေတာကို မြင်မိတယ်။ အကယ်၍ ရေရှည်ကို ကြည့်မယ်ဆိုရင် ဒီ သဘာဝအရင်းအမြစ် ကျိန်စာသင့်မှုက ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး။
ဘာကြောင့်လဲဆိုတော့ ဒီဟာ မှီခိုနေရတာက တသက်လုံး မှီခိုနေလို့ မရဘူး။ ကျနော်တို့က နောင်လာ နောင်သားတွေ၊ ကျနော်တို့ရဲ့သားသမီး၊ မြေးမြစ်တွေကာလမှာ သူတို့ ချမ်းချမ်းသာသာနဲ့ နေနိုင်မယ့် အနေအထားကနေ အခု ကျနော်တို့က ယူပြီးသုံးလိုက်တဲ့ သဘောဖြစ်နေတယ်။ ဒါဟာ ဘယ်သူမဆို ဗမာတိုင်း ဒီကိစ္စကို ကြုံရမယ့် အနေအထားမှာ ရှိနေတယ်။ အခု ဗိုလ်ချုပ်မှုးကြီးအပါအဝင် ဒီတိုင်း ပြည်ကို တာဝန်ယူထားတဲ့ ခေါင်းဆောင်တွေကလည်း အခုခေတ်မှာ စားသာနေမယ်။ လုပ်ရကိုင်ရ တာ လွယ်ကူနေပေမဲ့လည်း သူတို့ရဲ့  သားသမီးတွေ မြေးမြစ်တွေခေတ်ရောက်ရင်တော့ အခုနပြော တဲ့ အရှေ့ တောင်အာရှမှာရှိတဲ့ တခြားနိုင်ငံတွေနဲ့ယှဉ်လိုက်ရင် ကျနော်တို့က အလိုလိုနေရင်းနဲ့ ဘေးကို ရောက်သွားမယ်။ နောက်ကိုရောက်သွားမယ့် အနေအထားမှာ ရှိနေတယ်။
ဦးကျော်ဇံသာ ။ ။ အခု ရွေးကောက်ပွဲနောက်မှာ ကောင်းလာနိုင်စရာ အလားအလာ မတွေ့ဘူးလား။
ဦးဇော်ဦး ။ ။ အခုလို ရေတိုပြဿနာတွေ နည်းသွားတဲ့အချိန်မှာ သူတို့ကသာ ရေရှည်ကို ကြည့်တတ် မယ်ဆိုရင် စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေဟာ သူတို့အကျိုးစီးပွားအတွက်လည်း ပါနေတယ်။ အဲဒီတော့ အားလုံးအကျိုးစီးပွားအတွက် ရှိနေတဲ့အတွက်ကြောင့်မို့လို ဒါကို လုပ်မယ်ဆိုလို့ရှိရင် လုပ် လို့ရတဲ့ အနေအထား ရှိနေပြီလို့ ကျနော်တော့ မြင်ပါတယ်။ ဒါပေမဲ့လည်း ရေတိုအမြင်နဲ့ ကြည့်ပြီး တော့လည်း အခု အသာစီးရနေတဲ့ အနေအထားတွေ၊ အခြေအနေသာနေတဲ့ ကိစ္စတွေမှာပဲ ယစ်မူး နေအုံးမယ်ဆိုရင်တော့ ဒါတွေက လုပ်ဖို့ခက်နေအုံးမှာပဲ။ ဒါပေမဲ့ အခု ဒီနှစ်နဲ့ နောက်နှစ်တွေမှာ စီးပွား ရေးအခြေအနေဟာ တော်တော်ကောင်းလာတဲ့အတွက်ကြောင့်မို့ အားလုံးရှေ့ မှာက ရေရှည်ကို မြင်နိုင်ပြီး လုပ်နိုင်မယ့် ကိစ္စတွေကတော့ ပိုပြီးမြင်သာထင်သာ ရှိလာမယ်လို့ တဘက်က စဉ်းစားလို့ ရပါတယ်။