သုံးရလွယ်ကူစေသည့် Link များ

တရားမျှတစွာ ယှဉ်ပြိုင်တဲ့ဓလေ့ ထွန်းကွားရေးဟာ အာဆီယံ စီးပွားရေးအသိုက်အဝန်း တည်ထောင်ရတဲ့ ရည်ရွယ်ချက်တခု ဖြစ်ပါတယ်။ ယှဉ်ပြိုင်မှုဓလေ့ ရှင်သန်လာတဲ့ အာဆီယံဒေသဟာ ကမ္ဘာ့ဈေးကွက်မှာ ပြိုင်ဆိုင်နိုင်စွမ်း ရှိလာမယ်ဆိုတဲ့ သဘောပါ။ အာဆီယံဒေသမှာ အရည်အသွေးရှိတဲ့ ကုန်ပစ္စည်းကို စရိတ်သက်သာစွာ ထုတ်လုပ်နိုင်ရင် ပြိုင်ဆိုင်မှုစွမ်းရည် တက်လာမယ်လို့ ယူဆပါတယ်။ ဒီ ရည်ရွယ်ချက် အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့လမ်းညွှန်ကို (၂၀၁၀) ကတည်းက အာဆီယံရုံးချုပ်က ချပေးတာမို့ အာဆီယံနိုင်ငံတိုင်း (၂၀၁၅) မကုန်ခင်မှာ ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေပြဌာန်းပြီး ကျင့်သုံးနိုင်ဖို့ လိုပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရှေ့ နေချုပ်ရုံး၊ ကုန်သည်စက်မှုအဖွဲ့ချုပ်နဲ့ ရန်ကုန်တက္ကသိုလ်က ဝါရင့်အမှုထမ်းတစုဟာ အာဆီယံရုံးချုပ်နဲ့ ဂျာမန်အစိုးရအကူအညီနဲ့ ထိုင်းနိုင်ငံချင်းမိုင်မြို့ မှာ လွန်ခဲ့တဲ့ မေလက ပြိုင်ဆိုင်မှု ပေါ်လစီနဲ့ ဥပဒေဆိုင်ရာ သင်တန်းတက်ကြပါတယ်။ ပြိုင်ဆိုင်မှုဥပဒေကို ထိရောက်စွာ ကျင့်သုံးနိုင်ဖို့အတွက် တရားရေးဌာန၊ ပုဂ္ဂလိကကဏ္ဍနဲ့ အရပ်သားအဖွဲ့အစည်း ပါဝင်နိုင်တဲ့အခန်းကို ဆွေးနွေးကြပါတယ်။ အာဆီယံ (၅) နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်း နဲ့ ဗိယက်နမ်းမှာသာ ယှဉ်ပြိုင်မှု ဥပဒေရှိပြီး မြန်မာပြည်မှာ မူကြမ်းသာ ရှိပါသေးတယ်။

အာဆီယံ (၁၀) နိုင်ငံရဲ့  ယှဉ်ပြိုင်မှုစွမ်းရည်ကို (၂၀၁၀) မှာ ဆန်းစစ်ထားတဲ့ စင်္ကာပူထုတ် အစီရင်ခံစာကိုကြည့်ရင် မြန်မာဟာ အောက်ဆုံးအဆင့် ရောက်နေတာကို တွေ့နိုင်ပါတယ်။ လူတဦးစီရဲ့  ဝင်ငွေမှာ မြန်မာက အနည်းဆုံး ဖြစ်ပါတယ်။ လူသားရင်းမြစ် တိုးတက်ဖွံ့ဖြိုးမှုမှာလည်း မြန်မာက အနိမ့်ဆုံး ဖြစ်ပါတယ်။ နိုင်ငံရေးအဆောက်အအုံ၊ တရားဥပဒေကျင့်သုံးမှု၊ ဆက်သွယ်ရေး စတာတွေမှာလည်း မြန်မာက အညံ့ဆုံး ဖြစ်ပါတယ်။ စီးပွားရေး လွတ်လပ်မှုအနည်းဆုံး အာဆီယံနိုင်ငံဟာလည်း မြန်မာပါပဲ။ ဒီနှစ်မှာလည်း အာဆီယံယှဉ်ပြိုင်မှု စွမ်းရည်မှာ မြန်မာက အနိမ့်ဆုံး ဖြစ်နေပါတယ်။ တရားမျှတစွာ ယှဉ်ပြိုင်ပြီး၊ အရင်းရှင်လက်ဝါးကြီး မအုပ်နိုင်အောင်၊ မတရားမလုပ်နိုင်အောင် ဥပဒေပြဌာန်းရပါတယ်။ ဒါကြောင့် အာဆီယံယှဉ်ပြိုင်မှု ပေါ်လစီမှာ ပြည်သူ့အကျိုးစီးပွားကိုပါ ထည့်တွက်လာရပါတယ်။

အစိုးရက ထောက်ခံအားပေးလို့ ကြီးထွားလာတဲ့ ကုမ္ပဏီတွေ အာဆီယံဒေသမှာ များတဲ့အတွက် ယှဉ်ပြိုင်ရေးအကြောင်းပြောရင် အစိုးရ (သို့မဟုတ်) အာဏာရပါတီရဲ့  အကျိုးစီးပွားမပါရင် မပြီးသလို ဖြစ်နေပါတယ်။ အစိုးရတည်ထောင်တဲ့ လက်ဝါးကြီးအုပ်လုပ်ငန်းဟာ ကူးသန်းရောင်းဝယ်ရေးကို အဟန့်အတား ဖြစ်စေတယ်လို့ စင်္ကာပူတက္ကသိုလ် ပါမောက္ခတွေဖြစ်တဲ့ Ashish Lall နဲ့ Ian McEwin တို့က ဆိုပါတယ်။ ဒါကြောင့် အာဆီယံကုန်သွယ်ရေး မြှင့်တင်ရာမှာ အခွင့်ထူးခံစားပြီး လက်ဝါးကြီးအုပ်တာတွေကို ပယ်ဖျက်ဖို့ လိုအပ်လာပါတယ်။ ဥပမာ အခွန်ကင်းလွတ်ပေမယ့် ဖြန့်ဖြူးရေးလမ်းကြောင်းကို လက်ဝါးကြီးအုပ်ထားလို့ မရအောင် ယှဉ်ပြိုင်မှု ဥပဒေကို ပြဌာန်းရတာ ဖြစ်ပါတယ်။ စွမ်းရည်အတိုင်း ယှဉ်ပြိုင်နိုင်ဖို့ ဥပဒေပြဌာန်းရတာဖြစ်လို့ အရင်လို အခွင့်ထူးခံစားခွင့် မရနိုင်တဲ့သဘော ဖြစ်ပါတယ်။

ဖွံ့ဖြိုးစနိုင်ငံတွေမှာ အခြေခံအဆောက်အအုံ ညံ့ဖျင်းမှု၊ တရားဥပဒေဘက်မှာ အားနည်းမှု၊ မှောင်ခိုလုပ်ငန်းများပြားမှု၊ အုပ်ချုပ်ရေးညံ့ဖျင်းမှုနဲ့ အစိုးရစွက်ဖက်မှုတွေကြောင့် ပြိုင်ဆိုင်တဲ့ဓလေ့ မထွန်းကားဘူးလို့ ယူဆကြပါတယ်။ အခွင့်ထူးခံစားမှုကလည်း ယှဉ်ပြိုင်မှုကို အားနည်းစေပါတယ်။ မြန်မာနိုင်ငံက အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံခြားနဲ့ ပြိုင်နိုင်တဲ့အဆင့် မရောက်သေးဘူးလို့ လွန်ခဲ့တဲ့လက ထုတ်ဝေတဲ့ ASEAN SME Policy Index မှာ သုံးသပ်ထားပါတယ်။ နှစ်ပေါင်းများစွာ လျစ်လျူရှုခံရတဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းတွေမှာ ပြိုင်ဆိုင်နိုင်စွမ်းရှိလာအောင် အရင်းအနှီး၊ အတတ်ပညာနဲ့ အစိုးရအကူအညီတွေ လိုအပ်ပါတယ်။ လောလောဆယ်တော့ မြန်မာ့လုပ်ငန်းတွေဟာ ခေတ်နောက်ကျတဲ့ အတတ်ပညာနဲ့ အသက်ဆက်နိုင်အောင် မနည်းကြိုးပမ်းနေရတယ်လို့ သုံးသပ်ထားပါတယ်။

ယှဉ်ပြိုင်မှု ဥပဒေမရှိတဲ့နိုင်ငံဟာ ကမ္ဘောဒီးယား ဖြစ်ပါတယ်။ လာအို၊ မြန်မာ၊ ဘရူနိုင်း နဲ့ ဖိလစ်ပိုင် နိုင်ငံတွေမှာ ပြိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ အမိန့်ကြေညာချက်နဲ့ ဥပဒေစည်းမျဉ်းတွေ ရှိပါတယ်။ ဗိယက်နမ်မှာတော့ အစိုးရအကျိုးစီးပွားကို မထိခိုက်တဲ့ ယှဉ်ပြိုင်မှုမျိုးကိုသာ လက်ခံပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဆီယံနိုင်ငံတွေဟာ စီးပွားရေးအသိုက်အဝန်း တည်ထောင်ရေး အစီအစဉ်အတိုင်း ယှဉ်ပြိုင်မှု ဥပဒေတွေကို ပြဌာန်းပြီး ကျင့်သုံးရတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ပြည်တွင်းကုမ္ပဏီနဲ့ နိုင်ငံခြားကုမ္ပဏီကို ကျောသားရင်သား မခွဲခြားဘဲ ဆက်ဆံနိုင်ပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။

မြန်မာ့ယှဉ်ပြိုင်မှု ဥပဒေမူကြမ်းကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရေးဆွဲထားပါတယ်။ ကုန်သွယ်ရေးနဲ့ ဝန်ဆောင်လုပ်ငန်းအပါအဝင် စီးပွားရေးလုပ်ငန်းအားလုံးကို ကာမိအောင် ရေးဆွဲထားကြောင်း သိရပါတယ်။ ဥပဒေမလိုက်နာသူကို အပြစ်ပေးတဲ့ ပုဒ်မတွေလည်း ပါဝင်ပါတယ်။ လောလောဆယ်တော့ ယှဉ်ပြိုင်မှုပေါ်လစီနဲ့ ကျင့်သုံးပုံကို အများပြည်သူ သိရှိနားလည်းအောင် အလုပ်ရုံဆွေးနွေးပွဲနဲ့ ဟောပြောပွဲလုပ်ပေးနေတဲ့ အဆင့်မှာသာ ရှိနေပါသေးတယ်။ အခွင့်ထူးခံပြီး တဖတ်သတ်အနိုင်ကျင့်တဲ့ ဓလေ့ထုံးစံ ထွန်းကားတဲ့ မြန်မာပြည်မှာ တရားမျှတစွာ ယှဉ်ပြိုင်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ဖို့သာ ရှိပါတော့တယ်။

XS
SM
MD
LG