သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဥက္ကဋ္ဌအဖြစ် လက်ခံကျင်းပတဲ့ အာဆီယံအကြောင်း


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ တရုတ်နိုင်ငံနဲ့ အဖွဲ့ဝင်နိုင်ငံတချို့အကြား နယ်မြေအငြင်းပွားမှုတွေ ပြင်းပြင်းထန်ထန်ဖြစ်နေချိန်မှာ မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌအဖြစ် အရေးကြီးတဲ့ ဝန်ကြီးများအစည်းအဝေးနဲ့ ဒေသတွင်း လုံခြုံရေးအစည်းအဝေးကြီးတွေကို မကြာသေးမီ ရက်ပိုင်းအတွင်းက လက်ခံကျင်းပခဲ့ပါတယ်။ ဒီနယ်မြေအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး ဘယ်အတိုင်းအတာအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါသလဲ။ အစည်းအဝေးကို ကိုင်တွယ် ကျင်းပတဲ့နေရာမှာရော ဘယ်လိုအဆင့်အတန်းမျိုး ရှိခဲ့သလဲ ဆိုတာ ဗွီအိုအေရန်ကုန် ဗျူရိုအကြီးအကဲ ဒေါ်ခင်စိုးဝင်း နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံဟာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ၂၀၀၄ ခုနှစ်က လက်မခံဘဲ ငြင်းခဲ့တာကို ၂၀၁၄ ခုနှစ်ကျမှ လက်ခံခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ သိပ်အရေးကြီးတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ARF လို့ခေါ်တဲ့ အာဆီယံဒေသအတွင်း လုံခြုံရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေကို လက်ခံကျင်းပခဲ့ပါတယ်။ ဆိုတော့ ဒီအစည်းအဝေးနှစ်ရပ်ကို လက်ခံကျင်းပတဲ့ ခေါင်းဆောင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လုပ်ဆောင်ချက်၊ မြန်မာနိုင်ငံရဲ့ performance ကို ကျနော်က ဒေါ်ခင်စိုးဝင်းနဲ့ ဒီနေ့ နည်းနည်းဆွေးနွေးချင်ပါတယ်။ ပထမဦးဆုံး ဒေါ်ခင်စိုးဝင်းဟာ သတင်းသမားတစ်ယောက်အနေနဲ့ ပြောပါ။ မြန်မာလူမျိုးတစ်ယောက်အနေထက်။ သတင်းသမားတစ်ယောက်အနေနဲ့ အာဆီယံသတင်းတွေကို မြန်မာနိုင်ငံသာမက အိမ်နီးချင်းနိုင်ငံတွေမှာလည်း မကြာခဏ သွားရောက်ပြီးယူခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံမှာ ရယူရတာနဲ့ ကျန်တဲ့နိုင်ငံတွေမှာ လုပ်ခဲ့ရတာ ဘယ်လိုကွာပါသလဲ။ ကျေနပ်မှုကို အရင်ဆုံး ပြောပါခင်များ။ ဒီမှာ ပိုကျေနပ်သလား။ ဟိုနိုင်ငံတွေမှာ ပိုပြီးကျေနပ်မှု ရှိခဲ့ပါသလား။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမ ပွင့်ပွင့်လင်းလင်းပဲ ပြောရမယ်ဆိုရင်တော့ ကျမ ရောက်ခဲ့ဖူးတဲ့ စင်္ကာပူမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီး အစည်းအဝေး၊ ထိုင်း ဟွာဟင်းမှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေး၊ အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေ ကျမ ရောက်ခဲ့ဖူးပါတယ်။ သတင်းတွေလည်း ပို့ဖူးပါတယ်။ ဒါပေမဲ့ ဒီမှာကတော့ သတင်းအချက်အလက်ကတော့ တော်တော်နဲ့ မရပါဘူး။ ကျမ ရောက်ခဲ့ဖူးတဲ့ နိုင်ငံတွေနဲ့စာလို့ရှိရင် တော်တော်လေးကို အားနည်းတာကို တွေ့ရပါတယ်။ သတင်းပြန်ကြားရေးနဲ့ ပတ်သက်လို့၊ သတင်းထုတ်ပြန်မှုနဲ့ ပတ်သက်လို့ တော်တော်လေး အားနည်းပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ သတင်းထောက်တွေ အဓိက သတင်ထောက်တွေရဲ့ တာဝန်ကတော့ အခမ်းအနားတစ်ခုခုကို တက်တယ်ဆိုရင် အဓိက ဘာကိုပြောသလဲ။ ဘယ်ဟာကို top line တင်ပြီးတော့ ရေးရမလဲဆိုတာကို လူတိုင်း စဉ်းစားတတ်ကြပါတယ်ဆိုတော့ တချို့အာဆီယံ အစည်းအဝေးမှာ ကျနော်လည်း ကြုံခဲ့ဖူးတယ်။ သူတို့ရဲ့ အစည်းအဝေး တနေကုန်သာ ကျင်းပနေတယ်။ ဘယ်ဟာကို သတင်းထိပ်က တင်ရေးရမယ်ဆိုတာကို တခါတခါ မသိတာမျိုး ဖြစ်ခဲ့ရပါတယ်။ အခု မြန်မာနိုင်ငံမှာ အဲဒီလို ပြဿနာမျိုး ကြုံရတုန်းပဲလားခင်များ။

ဒေါ်ခင်စိုးဝင်း ။ ။ ဟုတ်ကဲ့ပါ။ အစည်းအဝေးတစ်ခု ပြီးသွားတိုင်းမှာတော့ ကြေညာချက်ဆိုပြီးတော့ ထွက်လာပါတယ်။ အဲဒီ ကြေညာချက်မှာ သူတို့ ဦးစားပေးပြီး ရေးတာကတော့ ဘယ်သူက ဘယ်သူနဲ့တွေ့တယ်။ ဘယ်နှစ်ယောက် တက်တယ်ဆိုတာက စာမျက်နှာအပြည့်လောက် ပါတာပေါ့။ အောက်ဆုံးမှာ ဘာတွေဘာတွေ ဆွေးနွေးတယ်ဆိုတာ အရမ်းကြီး အသေးစိတ်မပါဘဲ။ အရမ်းအကျဉ်းချုံးပြီးတော့ ပြောထားတာကို တွေ့ရပါတယ်။ အဲဒီအခါကြတော့ ကျမတို့လည်း သိနေပြီသားပဲ ဒီအစည်းအဝေးမှာ ဘာတွေ ဆွေးနွေးမယ်ဆိုတာ အကြမ်းဖျဉ်းတော့ သိထားတာပေါ့။ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ အဲဒီ အကြမ်းဖျဉ်းလောက်ပဲပါတော့ ဘာသတင်းမှရေးလို့ မရဘူးဖြစ်တာပေါ့။

ဦးကျော်ဇံသာ ။ ။ တကယ်တော့ အာဆီယံနဲ့ တရုတ်အကြားမှာ တောင်တရုတ်ပင်လယ်က ကျွန်းတွေနဲ့ ပတ်သက်ပြီးတော့ နယ်မြေအငြင်းပွားမှုကိစ္စတွေက ကမ္ဘာကလည်း စိတ်ဝင်စားတယ်။ အရေးကြီးဆုံး ပြဿနာလို့လည်း သိထားကြပါတယ်။ ဆိုတော့ ဒီကိစ္စကို ဘာဆွေးနွေးတယ်။ ဘာတွေ သဘောတူတယ်ဆိုတာ ဘာမှမပြောဘူးပေါ့။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီအထဲမှာက အာဆီယံနဲ့ တရုတ် ဆွေးနွေးဖက် ဆက်ဆံရေးဝန်ကြီးအဆင့် အစည်းအဝေးဆိုပြီးတော့ ထုတ်ပြန်တဲ့ ကြေညာချက်ပါ။ အဲဒီအထဲမှာ တောင်တရုတ်ပင်လယ်အရေး လုံးဝမပါဘူး။

ဦးကျော်ဇံသာ ။ ။ တကယ်တော့ သူတို့ ဒီကိစ္စကို မဆွေးနွေးဘူးဆိုတဲ့ သဘောလား။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီလိုတော့ မဟုတ်ဘူးရှင့်။ တောင်တရုတ်ပင်လယ်အရေးမှာ သူတို့က အားလုံးနဲ့ခြုံပြီးတော့ ဆွေးနွေးတဲ့သဘော ဖြစ်နေတယ်။ ပြီးတော့ အာဆီယံက တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့ ကျမနဲ့ ဝန်ကြီးဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာလည်း ပြောထားတဲ့အတိုင်းပဲ သူတို့ရဲ့ ကြေညာချက်ထဲမှာတော့ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့ ၂၀၁၂ ခုနှစ်က ပြဌာန်းခဲ့တဲ့ တောင်တရုတ်ပင်လယ်အရေး မူဝါဒ (၆) ချက်နဲ့အညီ ကျင့်သုံးသွားမယ်ဆိုပြီးတော့ ပြဌာန်းထားပါတယ်။ သူတို့ရဲ့ ပူးတွဲကြေညာချက်ထဲမှာ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက် သဘောတူညီမှု ရတယ်ဆိုတာကို တကယ်တော့ ဒီတပတ် ASEAN နဲ့ ARF အစည်းအဝေးလုပ်တဲ့အထဲမှာ အဲဒီကိစ္စကို လူတိုင်း စိတ်အဝင်စားဆုံးကိစ္စ ဖြစ်ပါတယ်။ ကျန်တဲ့ ဘာညာပူးပေါင်းတယ်ဆိုတာထက် ဆိုတော့ အဲဒီကိစ္စကို ဘယ်လို ဆုံးဖြတ်ကြမယ်ဆိုတာကို အတိအကျ ဘယ်လိုကိုင်တွယ်ကြမယ်ဆိုတာကို ဒါထက်ပိုပြီး ဘယ်လို သိရပါလဲ။ အကြမ်းမျဉ်း မူအားဖြင့် ပြောထားတာထက်။

ဒေါ်ခင်စိုးဝင်း ။ ။ အကြမ်းမျဉ်း မူအားဖြင့် ပြောထားတာ ဆိုလို့ရှိရင်တော့ အာဆီယံနဲ့ တရုတ်နိုင်ငံအကြားမှာ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့ ငြိမ်းချမ်းစွာ အဖြေရှာရေးကိုပဲ နှစ်ဖက်စလုံးကို သဘောတူတယ်ဆိုပြီးတော့ ပြောထားတာကိုပဲ အကြမ်းဖျင်းအားဖြင့် သိရသလောက်ပေါ့။ ဒါပေမဲ့ တကယ် ထဲထဲဝင်ဝင်ကတော့ တကယ်တမ်း တရုတ်နိုင်ငံနဲ့ ပိုင်နက်နယ်မြေ အငြင်းပွားနေတဲ့ ဗိယက်နမ်၊ ဖီလစ်ပိုင် အဲဒီနိုင်ငံတွေနဲ့တော့ ပြေလည်မှု လုံးဝမရသလောက်ပဲ ကျမ သုံးသပ်လို့ရတယ်ရှင့်။

ဦးကျော်ဇံသာ ။ ။ အမေရိကန်နဲ့လည်း ဒီ ARF မှာ တွေ့ကြတော့ ဒီကိစ္စကို ထပ်ပြီးတော့ ဆွေးနွေးတဲ့အခါမှာ ဘယ်လို သဘောတူညီမှု ရခဲ့ပါသလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီကိစ္စမှာလဲ ဖီလစ်ပိုင်က တင်ပြတဲ့ အဆိုပြုချက်နဲ့ အမေရိကန်က တင်ပြတဲ့ အဆိုပြုချက်က တထပ်တည်းကျနေတယ်ဆိုပြီးတော့ ဝေဖန်သံတွေလည်း ထွက်နေပါတယ်။ အဲဒီတော့ ကျမ အထင်ရတော့ အမေရိကန် နဲ့ တရုတ်အကြားမှာလဲ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီးတော့ နည်းနည်းလေး သောင်မတင်ရေမကျ မပြေမလည်လေးတွေတော့ ရှိနေဆဲပဲလို့ ထင်ပါတယ်။ ပြေလည်သွားတယ်လို့တော့ မယူဆပါဘူး။

ဦးကျော်ဇံသာ ။ ။ ပြီးခဲ့တဲ့ နှစ်တုန်းက ကမ္ဘောဒီးယားနိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ယူခဲ့တုန်းက တောင်တရုတ်ပင်လယ် ကိစ္စမှာ ကမ္ဘောဒီးယားက တရုတ်ဖက်ကို သိပ်ပါတယ်ဆိုပြီးတော့ တော်တော်လေး ပြင်းပြင်းထန်ထန် မကျေနပ်မှုတွေ၊ ပဋိပက္ခတွေဖြစ်တာ ကြားခဲ့ရပါတယ်။ အဲဒီနောက်မှာ သူတို့အဖွဲ့ရဲ့ နောက်ဆုံး ပူးတွဲကြေညာချက်တောင်မှ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားတယ်ဆိုတာကို မထုတ်ပြန်နိုင်တဲ့အဆင့်အထိ ဖြစ်သွားခဲ့ပါတယ်။ အခု မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကတော့ ဒီလောက်အထိ မျက်နှာပျက်စရာ မကြုံခဲ့ရတာလား။ သို့တည်းမဟုတ် မကြုံအောင် နှစ်ဖက်စလုံးက ဖေးဖေးမမ လုပ်သွားကြတာလား။ ဘယ်လို သုံးသပ်မိပါသလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒါကိုလဲ သတင်းထောက်တွေက မေးပါတယ်ရှင့်။ ကျမလည်း တွေ့ခဲ့ရတာ ဘာလဲဆိုတော့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ်မှာ သိပ်ကို သြဇာလွှမ်းမိုးမှု ရှိနေတယ်ဆိုတဲ့ သဘောမျိုး အားလုံးကလည်း မြင်နေကြတဲ့အခါကြတော့ တောင်တရုတ်ပင်လယ်အရေးမှာ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဖက်ကို ဘက်လိုက်မှုတွေ ရှိနေမလားဆိုတဲ့ သံသယတွေနဲ့ အားလုံးက ဝိုင်းပြီးကြည့်နေကြတာပါ။ အဲဒီတော့ မြန်မာနိုင်ငံကလည်း အလှည့်ကျ ဥက္ကဋ္ဌအနေနဲ့ အတော်ကြီးကို ဂရုတစိုက်နဲ့ ကိုင်တွယ်နေတာကို တွေ့ရပါတယ်။ စကားလုံး မှားသွားမလား။ ဘက်လိုက်တာများ ဖြစ်သွားမလားဆိုတဲ့ ကျဉ်းထဲကြပ်ထဲမှာ နေနေရတဲ့ အနေအထားကို ကျမ တွေ့ခဲ့ရပါတယ်။ အကဲခတ်လို့ ရသလောက်ပေါ့။ နောက်ပြီး ဝန်ကြီးဦးဝဏ္ဏမောင်လွင်က ပြောတာကတော့ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့ ဒါက အာဆီယံနဲ့ တရုတ်နဲ့ ဖြစ်နေတဲ့ ပြဿနာမဟုတ်ဘူး။ တနိုင်ငံချင်းဆီနဲ့ ဖြစ်နေတဲ့ ပြဿနာ။ ပြီးတော့ အာဆီယံအသင်းဝင် နိုင်ငံတနိုင်ငံကို တရုတ်နိုင်ငံအနေနဲ့ သြဇာလွှမ်းမိုးမှု မရပါဘူးလို့ သူကတော့ ပြောသွားတာပေါ့။ ဒါပေမဲ့လို့ ကျမ ထင်ပါတယ် တရုတ်နိုင်ငံဖက်ကရော မြန်မာနိုင်ငံဖက်ကရော နှစ်ဖက်စလုံး ချိန်ချိန်ဆဆနဲ့ အမျှော်အမြင်ကြီးစွာနဲ့ပဲ ဒီကိစ္စကို ကိုင်တွယ်နေတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဒီ အာဆီယံအစည်းအဝေးကို မြန်မာနိုင်ငံ လက်ခံကျင်းပတဲ့ နေရာမှာ တရုတ်နိုင်ငံက ဘယ်လောက် ကူညီပေးသလဲ။ ဘယ်လောက်များ အကူအညီပေးတဲ့အကြောင်း လူသိရှင်ကြား လုပ်သလဲ။ ကျနော် ဘာကြောင့် မေးရသလဲဆိုရင်။ လားအိုမှာ ၂၀၀၄ လုပ်တုန်းက အာဆီယံအစည်းအဝေးအတွက် တရုတ်ပြည်သူသမ္မတနိုင်ငံမှ လှူဒါန်းသည်ဆိုတဲ့ စာတန်းတွေကို အဲဒီ လားအိုမှာ ဧည်သည်တွေကို ကြိုတဲ့ကားတွေမှာ၊ အဆောက်အဦးတွေမှာ နေရာတကာမှာ ရေးထားတာကို တွေ့ရပါတယ်။ ဒါက တရုတ်နိုင်ငံက အဲဒီ အစည်းအဝေးကို ဘယ်လောက်ပိုင်တယ်ဆိုတဲ့အကြောင်း ပြတဲ့သဘောပေါ့။ အခု မြန်မာနိုင်ငံကိုလည်း တရုတ်ကတော့ ကူညီမယ်ထင်ပါတယ်။ ဒီအစည်းအဝေးအတွက်။ ဘယ်လိုများ ကူညီသလဲ။ ဘယ်လောက်များ နေရာယူထားပါသလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမ မြင်ရသလောက်တော့ တရုတ်နိုင်ငံက ကူညီတဲ့ဟာက တခုမှ ရုပ်ပိုင်ဆိုင်ရာ မတွေ့ခဲ့ရပါဘူး။ ကားတွေဘာတွေ အကုန်လုံးကလည်း ကျမမြင်ခဲ့ရတာ ကိုးရီးယားနိုင်ငံကလုပ်တဲ့ ကားတွေကို တွေ့ရပါတယ်။ ပြီးတော့ သူတို့ သုံးတဲ့ကိရိယာတွေဘာတွေကလည်း တရုတ်နဲ့တော့ သိပ်ပြီးတော့ မပတ်သက်ဘူးလို့ ထင်တယ်ရှင့်။ များသောအားဖြင့် ကြည့်ရတာ တခြား အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ပြန်ကြားရေးဖက်မှာဆိုရင် အသံဖမ်းကိရိယာတို့၊ အသံဖမ်းစက်တို့ ဘာတို့လုပ်တာ ထိုင်းနိုင်ငံအဖွဲ့ကလာပြီး ကူညီနေတာကို တွေ့ရတယ်။ အဆောက်အအုံဆောက်တာ၊ ခမ်းမကြီးတွေမှာရှိတဲ့ Sound system တွေဘာတွေ အကုန်လုံး။ ဒီဟာတွေ အကုန်လုံး ကြည့်ရတာလဲ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ စင်္ကာပူ၊ ထိုင်းတို့ရဲ့ အကူအညီတွေ အများကြီးရယူထားတယ်လို့ ကျမ ယူဆတယ်။ သေချာတော့ မသိဘူး။ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကတော့ ကျမ မျက်စိနဲ့တော့ မမြင်ရဘူးရှင့်။ နောက်ကွယ်က ဘာတွေ ကူညီနေတယ်ဆိုတာတော့ မပြောနိုင်ဘူးပေါ့လေ။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အစောက ဒေါ်ခင်စိုးဝင်း ပြောတဲ့အတိုင်း အဆောက်အဦးတွေ၊ အသံဖမ်းစက်တွေဆိုလို့ ဒီကိစ္စမှာ သတင်းထောက်တွေ နိုင်ငံခြားသတင်းထောက်တွေလည်း ရာပေါင်းများစွာ လာကြလိမ့်မယ်လို့ ထင်ပါတယ်။ ကျန်တဲ့ အစည်းအဝေးတုန်းကလိုပဲ။ ဆိုတော့ သူတို့အတွက် ဘယ်လို အခြေအနေကောင်းတွေ။ Facilities ဖန်တီးပေးနိုင်ပါသလဲ။ သူတို့ ပြည်ပကို သတင်းပို့တာ၊ ဆက်သွယ်တာ၊ အင်တာနက် အဆင်ပြေတာ၊ တယ်လီဖုန်းလိုင်းကောင်းတာတို့ သူတို့ လွယ်လွယ်ကူကူ သတင်းအချက်အလက်ပိုင်းက မရနိုင်သည်တိုင်အောင် သူတို့ ပို့ချင်တဲ့ သတင်းကို လွယ်လွယ်ကူကူ ပို့နိုင်အောင်၊ နိုင်ငံတကာနဲ့ အဆက်အသွယ် အဆင်ပြေအောင် လုပ်ပေးထားတာတွေ တွေ့ရပါသလား။ ဘယ်လောက် အဆင်ပြေပါသလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ တော်တော်လေးကို အဆင်ပြေပါတယ်။ လုပ်ထားတာတော့ အသံ၊ အင်တာနက် မြန်နှုန်းကောင်းတဲ့ ဆက်သွယ်ရေးစနစ် တော်တော်လေးကို ကောင်းပါတယ်။ Very impressive တော်တော်လေးကို အဆင်ပြေပါတယ်။ အခန်းတွေ စီစဉ်ပေးထားတာလည်း အဆင်ပြေပါတယ်။ ပြီးတော့ နေရာထိုင်ခင်းလည်း အဆင်ပြေတယ်။ အစားအသောက်က အကုန်လုံး အဆင်ပြေပါတယ်။ သတင်းကောင်းကောင်းမွန်မွန် မရတာကလွဲလို့။ ကျမ ထင်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ပြန်ကြားရေးမှာ လာပြီးတော့ ရှိနေရမယ်လို့ ကျမ ထင်တယ်။ ရေးထားတဲ့အထဲမှာ အစီအစဉ်တွေထဲမှာ ပါနေတယ်။ တကယ်တမ်းကြတော့ နိုင်ငံခြားရေးဌာနက လူတယောက်မှ ကျမတို့ကို စကားလာပြောပေးမယ့်လူ မရှိဘူးရှင့်။ မရှိဘဲနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ပြန်ကြားရေးဝန်ကြီးပဲ သတင်းတွေ မရမှာစိုးလို့ဆိုပြီး စိုးရိမ်ပြီးတော့ ကျမတို့ကို briefing တွေ ပေးနေရတာပါ။ တဆင့်စကား ဖြစ်နေတာပေါ့။ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရမယ့်စကားကို ပြန်ကြားရေးဝန်ကြီးက ထပ်ပြောပေးနေရတော့ တဆင့်လို ဖြစ်နေတာပေါ့။ နိုင်ငံခြားရေးဝန်ကြီးဌာနက ဘယ်သူဘယ်အရာရှိကမှ တာဝန်ခံပြီးတော့ ဘာတွေ ဆွေးနွေးနေတယ်။ ဘာတွေ ဆုံးဖြတ်ပြီးသွားပါပြီ။ အိမ်ရှင်အနေနဲ့ ဘာတွေလုပ်နေတယ်ဆိုတာကို Briefing မှာ ကျမတို့ကို မပေးပါဘူး။ နောက်ဆုံးပိတ်ကျမှ ဝန်ကြီးဦးဝဏ္ဏမောင်လွင်ရဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုပဲ သတင်းရတဲ့သဘောပါ။ အဲဒီမှာလည်း အင်္ဂလိပ်လိုပဲ ပြောတဲ့အခါကြတော့ မြန်မာသတင်းဌာနတွေက ဒါကြီးကို ဝန်ကြီးအင်္ဂလိပ်လို ပြောတာကို ဗမာလို ဘာသာပြန်ပြီးတော့ သုံးရတဲ့အဖြစ် ဖြစ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် စောစောက ဒေါ်ခင်စိုးဝင်းကို သတင်းထောက်၊ သတင်းသမားတစ်ယောက်အနေနဲ့ ပြောပါလို့ ပြောခဲ့ပါတယ်။ အခု မြန်မာလူမျိုး တစ်ယောက်အနေနဲ့ မေးချင်တဲ့ မေးခွန်းရှိပါတယ်။ ကျနော် အာဆီယံအစည်းအဝေးတွေကို သတင်းထောက်အနေနဲ့ သတင်းရယူခဲ့တုန်းက တခါတခါကြတော့ ကျနော်က လန်ဒန်က လာတယ်။ မြန်မာအဖွဲ့က မြန်မာပြည်ကလာတော့ ဘယ်သူတွေဆိုတာ လူချင်းမသိပါဘူး။ လူတွေက တစ်ယောက်နဲ့တစ်ယောက် ခပ်ဆင်ဆင်တူတော့ ဘရူးနိုင်ကလား၊ အင်ဒိုနီးရှားကလား၊ မလေးရှားအဖွဲ့လားမသိဘူး တခါတခါ သူတို့ကို မှားပြီးမေးမိတယ်။ ခင်များတို့ မြန်မာ delegation လားလို့ မေးမိတယ်။ အဲဒီအခါ သူတို့ မြန်မာနဲ့ တူတယ်လို့ အပြောခံရတာကို ရှက်နေတဲ့ပုံ… မဟုတ်ဘူး မဟုတ်ဘူး ဘယ်ကလာ ဗမာဟုတ်ရမလဲလို့ အဲဒီလို ပက်ပက်ခါခါ ပြောကြတော့ ကျနော် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အတော်လေး စိတ်မကောင်း ဖြစ်မိပါတယ်။ ငါတို့ မြန်မာလူမျိုးဖြစ်ရတာ အာဆီယံလို နေရာလေးမှာတောင် ဂုဏ်သိက္ခာကျဆင်း၊ မျက်နှာငယ်နေရပါလားလို့။ အဲဒီတုန်းကပေါ့ နဝတ၊ နအဖခေတ်တုန်းကပေါ့။ အခု ဒေါ်ခင်စိုးဝင်း သတင်းယူတဲ့အခါမှာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဂုဏ်ယူလောက်တဲ့ အခမ်းအနားဖြစ်လာပြီလို့ ယူဆပါသလား။ ဘယ်လို ပြောင်းလဲလာပါသလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ အခမ်းအနားနဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာမှာ ပြောရင်တော့ အတော်ကြီးကို ပြောင်းလဲလာပါတယ်။ နိုင်ငံတကာအဆင့်မီတယ်လို့ အခုပြောနေပါပြီ။ ဒါပေမဲ့ လုပ်ရည်ကိုင်ရည် စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့တော့ တခြား အာဆီယံနိုင်ငံတွေကို အမှီလိုက်ဖို့ အတော်ကြီးကို လိုပါသေးတယ်။ ဥပမာ သတင်းမီဒီယာတွေနဲ့ ဆက်ဆံတဲ့အခါမှာ၊ လူလယ်ခေါင်မှာ ပွဲလယ်တင့်ပြီး ထွက်ပြီးပြောနိုင်မယ့် ပြောနိုင်ဆိုနိုင်တဲ့ မြန်မာလူမျိုးတွေ အင်မတန်ကိုမှ ရှားပါးနေပါတယ်။ ကျမ ဖြစ်စေချင်တာက လူတွေက သတ္တိရှိရှိနဲ့ ကိုယ်က တာဝန်ခံပြီးတော့ ပြောလိုက်စေချင်တယ်။ တစ်ခုခုကိုပေါ့။ ဒါပေမဲ့ အကုန်လုံးက ကြောက်ရွံပြီးတော့ လူလေးတွေ ကြည့်လိုက်လို့ရှိရင် မီဒီယာသမားတွေနဲ့ တွေ့ရမှာကိုပဲ ကြောက်ပြီးတော့ ပွဲလယ်မတင့်ဘူးလို့ ကျမ ပြောချင်ပါတယ်ရှင့်။

ဦးကျော်ဇံသာ ။ ။ ကျနော် ကြုံခဲ့ရတဲ့ အခမ်းအနားတစ်ခုမှာဆိုရင် ဘယ်လို ကြုံခဲ့ရသလဲဆိုတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို သတင်းထောက်တွေက မေးတဲ့အခါမှာ ဒီမေးခွန်းကို ဖြေဖို့အတွက် အထက်လူကြီးကို ပြန်မေးပါရစေအုံးလို့ဆိုတော့ လူတွေက ဝိုင်းပြီးရယ်ကြတယ်။ နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်က။ အဲဒီတုန်းက အာဏာရှိနေတဲ့ ဗိုလ်ချုပ်တွေကို ပြန်မေးရမယ့်သဘောဆိုတော့ အဲဒီလိုမျိုးတွေ ကြုံခဲ့ရတာပါ။ အခု သိပ်ပြီးတော့ ဒီထက်ပိုပြီး တိုးတက်မလာသေးဘူးပေါ့။

ဒေါ်ခင်စိုးဝင်း ။ ။ ဟုတ်ပါတယ်ရှင့်။

XS
SM
MD
LG