သုံးရလွယ်ကူစေသည့် Link များ

ခေတ်သစ် ပိုးလမ်းမ အကျိုးအမြတ်


ခေတ်သစ် ပိုးလမ်းမ အကျိုးအမြတ်
please wait

No media source currently available

0:00 0:05:23 0:00
တိုက်ရိုက် လင့်ခ်


တရုတ်-ဥရောပ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ခေတ်သစ် တရုတ်ပိုးလမ်းမကြီးမှာ လိုအပ်တဲ့ အခြေခံ အဆောက်အုံတွေကို တည်ဆောက်ရမှာမို့ ဒီလမ်းကြောင်းကြီးနဲ့ ပတ်သက်သူအားလုံး အကျိုးခံစားရလိမ့်မယ်လို့ တရုတ်အစိုးရကို ဆိုပါတယ်။ ဥပမာ မြန်မာပြည်ကိုဖြတ်ပြီး ယူနန် နဲ့ ဘင်္ဂလားပင်လယ်ကွေ့ ဆက်သွယ်နိုင်ရင် တရုတ်၊ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ်အတွက် အကျိုးရှိမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ အခြေခံ အဆောက်အအုံတွေ တည်ဆောက်နိုင်အောင် တရုတ်က ငွေထုတ်ချေးမယ်၊ အတတ်ပညာပိုင်းမှာ ကူညီမယ်၊ ပြီးစီးသွားရင် အိမ်ရှင်နိုင်ငံအတွက် အများကြီး အကျိုးရှိမယ်လို့ ဆိုပါတယ်။

ပိုးလမ်းမ ဖြတ်သွားတဲ့နေရာမှာ အိမ်ရှင်နိုင်ငံဟာ အခွန်တော်ငွေရတဲ့အပြင် လမ်းတလျှောက်က လုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာမှာဖြစ်လို့ တရုတ်ကို ကြွေးပြန်ဆပ်နိုင်မယ်လို့ တွက်ပါတယ်။ ဒါပေမဲ့ လမ်းဖောက်တံတားဆောက်ပြီး ကောင်းစွာအသုံးပြုနိုင်ဖို့ လိုပါတယ်။ တရုတ် အကူအညီ အများကြီးယူထားတဲ့ မြန်မာပြည်ဟာ ပိုးလမ်းမ စီမံကိန်း အောင်မြင်အောင် ကူညီဖို့ တာဝန်ရှိတယ်လို့ တရုတ်ပညာရှင်အချို့က မြင်ပါတယ်။ ဒါပေမဲ့ မတည်ငြိမ် မအေးချမ်းရင် စီးပွားရေး မတိုးတက်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပိုးလမ်းမ စီမံကိန်းမှာ တရုတ်ဆီက ယူထားတဲ့ အကြွေးကို ပြန်ဆပ်ရမှာကတော့ သေချာပါတယ်။

ပိုးလမ်းမ ကုန်သွယ်ရေးလမ်းကြောင်း တည်ဆောက်ဖို့ ကြေညာပြီး (၂) နှစ်အကြာ (၂၀၁၅) မှာ အာရှအခြေခံ အဆောက်အအုံ ရင်းနှီးရေးဘဏ် AIIB ကို တရုတ် ဦးဆောင်ပြီး တည်ထောင်ပါတယ်။ တည်ထောင်စမှာ မြန်မာအပါအဝင် အဖွဲ့ (၅၀) ရှိပြီး အခုတော့ (၇၀) အထိ ရှိလာတဲ့အတွက် အာရှဖွံ့ဖြိုးရေးဘဏ် ADB ထက် အဖွဲ့ဝင် ပိုများနေပါတယ်။ အာရှမှာ နှစ်စဉ်ဒေါ်လာသန်းပေါင်း ရှစ်သိန်းလောက် ရင်းနှီးဖို့လိုတယ်လို့ ခန့်မှန်းပေမယ့် ADB ဟာ နှစ်စဉ်ဒေါ်လာသန်းပေါင်း တသောင်းကျော်သာ ထုတ်ချေးနိုင်ပါတယ်။ ဒီဟာကွက်ကို ဖြည့်ဆည်းဖို့အတွက် AIIB အခြေခံ အဆောက်အအုံဘဏ်ကို တရုတ်က တည်ထောင်တာဖြစ်ပုံ ရပါတယ်။ တရုတ်ချေးငွေကိုသုံးတဲ့ နိုင်ငံဟာ တရုတ်ကုမ္ပဏီကို သုံးရတာမို့ ရင်းနှီးတဲ့ဘက်မှာရော ဆောက်လုပ်တဲ့ဘက်မှာရော တရုတ်က အကျိုးအမြတ် ရပါတယ်။

ဖွံ့ဖြိုးစနိုင်ငံတွေကို ငွေထုတ်ချေးတိုင်း ပြန်ရတာ မဟုတ်ပါဘူး။ ပြန်မဆပ်နိုင်လို့ လျော်ပစ်ရတာမျိုးလည်း ရှိပါတယ်။ အာဖရိကမှာ ချေးထားတဲ့ငွေ ပြန်မရလို့ ဒေါ်လာလေးထောင် တရုတ်က ပယ်ဖျက်ပေးရတဲ့ အစဉ်အလာ ရှိပါတယ်။ စစ်အေးခေတ်မှာ အမေရိကန်အစိုးရနဲ့ အဆင်ပြေတဲ့ ဖွံ့ဖြိုးစနိုင်ငံတွေကို ကမ္ဘာဘဏ်က ငွေထုတ်ချေးပါတယ်။ ဒီငွေကို အာဏာရှင်အတော်များများ အလွဲသုံးစားလုပ်ပေမယ့် လာဘ်စားမှုကို ကမ္ဘာဘဏ်က လျစ်လျူရှုထားပါတယ်။ တရုတ်ကလည်း သူ့နိုင်ငံခြားရေး ရည်ရွယ်ချက် အကောင်အထည်ဖော်ရာမှာ အလွယ်တကူ ငွေချေးမယ့်သဘော ရှိပါတယ်။ ဒါကြောင့် ကမ္ဘာဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ပြိုင်ဘက်လို့ ဖြစ်နေတဲ့ အာရှအခြေခံ အဆောက်အအုံ တည်ဆောက်ရေးဘဏ်က ငွေထုတ်ချေးမှာကိုသာ အာရုံစိုက်နေကြတဲ့ အစိုးရတွေ ရှိနေပါတယ်။

အမေရိကန်ကြီးစိုးတဲ့ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ အာရှဖွံ့ဖြိုးဘဏ်ကို ပြိုင်ဆိုင်ဖို့ တရုတ်က စိတ်မကူးပါဘူး။ ဒါပေမဲ့ ပိုးလမ်းကြောင်း စီမံကိန်း အကောင်အထည်ဖော်ဖို့ နိုင်ငံစုံ ဘဏ်လုပ်ငန်းအသစ် တည်ထောင်နိုင်တာဟာ စနစ်ဟောင်းကို အားဖြည့်ရာ ရောက်တယ်လို့ တရုတ်က မြင်ပါတယ်။ အနောက်တိုင်းက ကြီးစိုးတဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေဟာ တရုတ်အတွက်လည်း အရေးကြီးပါတယ်။ တရုတ်ကို နှစ်ပေါင်းများစွာ မှီခိုအားထားလာခဲ့တဲ့ မြန်မာပြည်ရဲ့ နိုင်ငံခြားကြွေးစာရင်းမှာ တရုတ်ကို ဆပ်ရမယ့်အကြွေးက အများဆုံး ဖြစ်နေပါတယ်။ နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာသန်း (၉၀၀၀) နီးပါးရှိတဲ့အနက် တရုတ်ကို ဆပ်ရမှာက ဒေါ်လာသန်း (၄၀၀၀) ရှိပါတယ်။ ဂျပန်ကိုတော့ ဒေါ်လာသန်း (၂၀၀၀) ပြန်ဆပ်ရပါလိမ့်မယ်။ ကြွေးဒဏ်ခံနိုင်ဖို့လည်း အရေးကြီးပါတယ်။

ဘေဂျင်းအခြေစိုက် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နံှရေးဘဏ်မှာ အဖွဲ့ဝင်ဖြစ်သူ မြန်မာအစိုးရဟာ သူ ရရှိမယ့် ခွဲတမ်းအတွက် ဒေါ်လာသန်း (၂၅၀) ကျော် ထည့်ဝင်ရမှာ ဖြစ်ပါတယ်။ ဒီငွေကို လာမယ့် ဆယ်နှစ်အတွင်း အရစ်ကျ ထည့်သွင်းရမယ်လို့ သိရပါတယ်။ မြန်မာပြည်မှာ တည်ဆောက်ရမယ့် အခြေခံအဆောက်အအုံအတွက် ငွေအများဆုံး ထုတ်ချေးနိုင်တာ AIIB တရုတ်ဦးဆောင်တဲ့ဘဏ်ကြီး ဖြစ်တဲ့အတွက် တရုတ်အရင်းအနှီးဟာ ဆက်လက်တိုးပွားဖို့ အလားအလာ ရှိပါတယ်။ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးအပြင် ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနဲ့ ပြည်သူ့ရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့လည်း ရည်ရွယ်ပါတယ်။

ခေတ်သစ်ပိုးလမ်းမမှာ မန်ဒရင် တရုတ်စကားကို အသုံးပြုဖို့ အလားအလာများတယ်လို့ တရုတ်ပညာရေးဝန်ကြီးက ဆိုပါတယ်။ ပိုးလမ်းကြောင်းတလျှောက်က တိုင်းပြည် (၅၀) ကျော်မှာ Confucius Institutes (၁၃၇) ခုနဲ့ တရုတ်ဘာသာစကား လေ့လာရေးဌာန (၁၃၁) ခုကို ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် တရုတ်ဘာသာစကား လေ့လာနေသူပေါင်း လေးသိန်းခွဲလောက် ရှိနေပြီလို့ ဆိုပါတယ်။ တရုတ် မီဒီယာလောကကတော့ ခေတ်သစ်ပိုးလမ်းကို တရုတ်သမ္မတရဲ့အကြံအစီတခုအဖြစ် ရေးသားကြတယ်။ ဒါပေမဲ့ မြန်မာပြည်လို ပဋိပက္ခ ပြင်းထန်တဲ့နေရာမျိုးမှာ ပိုးလမ်းမ စီမံကိန်းဟာ ရည်မှန်းသလို ပါဝင်သူအားလုံး အကျိုးခံစားနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ဖို့သာ ရှိပါတယ်။

XS
SM
MD
LG