သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဖြေရှင်းနိုင်သေးတဲ့ မူးယစ်ဆေးဝါး ပြဿနာ


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အမျိုးသားရေး လုပ်ငန်းတရပ်အနေနဲ့ဆောင်ရွက်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကိုကြားလာခဲ့ရတာ အတော်ကြာခဲ့ပါပြီ၊ ဒါပေမဲ့ ကမ္ဘာပေါ်က မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နိုင်ငံတွေရဲ့ စာရင်းမှာတော့ မြန်မာနိုင်ငံဟာ ထိပ်တန်းက နေရာရထားဆဲ ဖြစ်ပါတယ်။ မူယစ်ရေးရာ ကျွမ်းကျင်သူ ရှမ်းသံတော်ဆင့် သတင်းဌာနအကြီးအကဲ ဦးခွန်းဆိုင်၊ ကချင်သတင်းအယ်ဒီတာ ဦးနော်ဒင်းတို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးခွန်းဆိုင် .. မြန်မာနိုင်ငံအနေနဲ့ အထူးသဖြင့် မြန်မာနိုင်ငံအာဏာပိုင်တွေအနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမှန်တကယ် လုပ်လိုသော ဆန္ဒပြင်းပြင်းပြပြ ရှိကြပါသလား။ ရှိတယ်ထင်ပါသလား။

ဦးခွန်းဆိုင် ။ ။ ဒီလွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း ပြည်တွင်းစစ် ဖြစ်လာတဲ့အချိန်မှာ အစိုးရဘက်ကနေပြီးတော့မှ ဒီမူးယစ်ဆေးဝါးကို လက်နက်အဖြစ် အသုံးပြုလာတယ်။ နိုင်ငံရေးလက်နက်အဖြစ်ရော စစ်ရေးလက်နက်အဖြစ်ရော သူက သုံးလာတယ်။ အဲဒါတွေကို ကျနော်တို့ ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ ဒီအစိုးရဘက်ကနေပြီးတော့မှ မူးယစ်ဆေးဝါးကို တကယ်တိုက်ဖျက်ချင်ရဲ့လားဆိုတဲ့ မေးခွန်းကတော့ ကိုသိန်းစိန်အစိုးရ ဖြစ်လာတဲ့အထိ အမြဲတမ်း ဒီမေးခွန်းကတော့ ရှိခဲ့တာပေါ့ဗျ။

ဦးကျော်ဇံသာ ။ ။ အစိုးရကိုပဲ ပြောမလား။ အဲဒီတော့ ပြည်တွင်းစစ် ဖြစ်လာတယ်ဆိုတော့ သူပုန်ထလာတဲ့ဘက်က တိုင်းရင်းသားအင်အားစုတွေ လက်နက်ကိုင်အင်အားစုတွေဘက်ကကော မူးယစ်ဆေးဝါးကို အားမကိုးခဲ့ကြဘူးလား သူတို့ တော်လှန်ရေးလုပ်ငန်းအတွက်။ သူတို့ သူပုန်လုပ်ငန်းအတွက်။

ဦးခွန်းဆိုင် ။ ။ ဒီကိစ္စနှင့် ပက်သတ်ပြီးတော့ပြောရင် အပြစ်တင်ခြင်းတင်မယ်ဆိုလို့ရှိရင် အခုထိဆိုလို့ရှိရင် ဘယ်လိုမျိုး ဖြစ်လာလဲဆိုတော့ အများအားဖြင့်ကတော့ အစိုးရဘက်ကနေပြီးတော့မှ သူပုန်ထရင် သူပုန်ထမှုနှင့် မူးယစ်ဆေးဝါးနှင့် ပက်သတ်မှုက အမြဲတမ်း သူက Equation ညီမျှတယ်။ အမှုလက္ခဏာကို သူက အမြဲတမ်း ပြခဲ့တာကိုး။ ဒီဥစ္စာကို မဟုတ်ပါဘူးဆိုတာ ကျနော် အရင်ပြောချင်တာပေါ့။ သို့သော်လည်းပဲ ဒီတော်လှန်ရေးလုပ်တဲ့ အဖွဲ့အစည်းတွေဟာ လုံးဝမပတ်သက်ဘူးလို့ သူတို့ကို ကာကွယ်ပြောဆိုနေခြင်းမဟုတ်ဘူး။ သေသေချာချာ ကြည့်လိုက်မယ်ဆိုလို့ရှိရင် မူးယစ်ဆေးဝါးကို အရင်အရင်ကတည်းက သူတို့ အားကိုးခဲ့ကြတယ်။ သူတို့ လက်နက်ဝယ်ယူရေးအတွက် သူတို့ ဘိန်းစိုက်ခင်း စိုက်ခဲ့ကြတယ်။ အခုအထိလည်း ဘယ်အဖွဲ့အစည်းမဆို လုံးဝငါနှင့် မပတ်သက်ဘူးဆိုတာ ပြောရခက်တဲ့ အဖွဲ့အစည်းတွေချည်းပဲလို့ ပြောလို့ရတယ်။ ဥပမာ ကျနော်တို့ ပလောင်ခေါင်းဆောင်ကြီး အိုက်ဖုန်းတောင် ပြောဖူးတာပဲ။ သေနတ်ရှိတဲ့သူတိုင်း ပတ်သက်တယ်လို့ပြောတာပဲ။ အစိုးရဘက်ကလည်း ပတ်သက်တယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်တို့က ဘယ်ဘက်ကိုမ ှအပြစ်တင်လိုတဲ့သဘောတော့ မဟုတ်ဘူးပေါ့။ ဒါက နောက်ခံသမိုင်းကြောင်း ပြန်ကြည့်တာဖြစ်တယ်။ ဒီလို မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွှယ်နေမှုတွေ နှစ်ဘက်လုံးက သံယောဇဉ်ပျက်ပြီးလား မူးယစ်ဆေးဝါးကို အခုအခါမှာ။

ဦးခွန်းဆိုင် ။ ။ တကယ်တမ်းလုပ်မယ်ဆိုလို့ရှိရင် အရင်းခံဖြစ်တဲ့ နိုင်ငံရေးပြဿနာကို အရင်ဖြေရှင်းရပါမယ်။ ကျနော်တို့ နိုင်ငံရေးပြဿနာကို ကျနော်တို့ တကယ်လို့ ဖြေရှင်းနိုင်တယ်ဆိုလို့ရှိရင် အစိုးရဘက်ကလည်း တော်လှန်ရေး အဖွဲ့အစည်းတွေကို သွားပြီးတော့မှ ချေမှုန်းစရာမလိုတော့ဘူး။ ချေမှုန်းစရာမလိုတဲ့အခါကျတော့ သူ့မှာလည်း ဒီအင်အားစုစည်းဖို့ဆိုတာလည်း မလိုတော့ဘူး။ မဟာမိတ်တွေ ဖွဲ့ဖို့ဆိုတာလည်း မလိုတော့ဘူး။ တော်လှန်ရေးအဖွဲ့တွေ အနေနှင့်ကလည်း သူတို့ကလည်း သူတို့လိုလားတဲ့ နိုင်ငံရေး လိုလားချက်တွေကို သူတို့က ဖြည့်ဆည်းပြီးလိုက်ပြီဆိုတဲ့အခါကျတော့ သူတို့အနေနှင့်ကလည်း အင်အားစုစည်းပြီးတော့မှ တော်လှန်ဖို့ဆိုတာ ဘာမှမလိုတော့ဘူး။

ဦးကျော်ဇံသာ ။ ။ဆိုတော့ မူးယစ်ဆေးဝါးကို အားကိုးစရာမလိုတော့ဘူးပေါ့ အဲဒီအခါမှာ။
ဦးခွန်းဆိုင် ။ ။ မလိုတော့ဘူးပေါ့။ အဲဒါကို။ အဲဒါကြောင့်မို့လို့ ဒီ အဲဒီတော့မှပဲ ကျနော်တို့က တကယ်ဖြေရှင်းနိုင်မှာ ဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ ကိုနော်ဒင်း ဘယ်လိုသဘောရပါသလဲ။ ကိုနော်ဒင်း သဘောထားပြောပါ။

ဦးနော်ဒင်း ။ ။ ကျနော်ကတော့ အဓိကကတော့ အခု ဒီကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဒီ ၁၇ နှစ် ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို နှင့် အစိုးရကြားမှာ ငြိမ်းချမ်းရေးနောက်ပိုင်းမှာ မူးယစ်ဆေးဝါး အရမ်းပေါများလာတယ်။ အဲဒီဟာကို အဓိကထားပြီးတော့မှ ကျနော်က သုံးသပ်ပြောချင်တာပေါ့။ ဆိုတော့ ဒီမူးယစ်ဆေးဝါးတိုက်ဖျက်မှုဟာ အစိုးရဘက်က လုပ်တာတော့ ဝန်အရကတော့ လုပ်နေတာတွေ့ရတယ်။ ဒါပေမယ့် လက်တွေ့မကျဘူး။ အဓိကကတော့ နှစ်ချက်ရှိတာပေါ့။ တစ်အချက်အနေနှင့်က ဦးခွန်းဆိုင် ပြောတဲ့အတိုင်း တိုင်းရင်းးသားတွေနှင့်ဖြစ်တဲ့ နိုင်ငံရေးပြဿနာ မပြေလည်သေးတော့ မူးယစ်ဆေးဝါးလည်း ထိရောက်စွာ တိုက်ဖျက်ဖို့အတွက် မဖြစ်နိုင်တဲ့ အခြေအနေဖြစ်တယ်။

နောက်တခုကတော့ ကချင်ပြည်နယ်ကို အဓိကထားပြီးတော့မှ ကြည့်ရလို့ရှိရင်တော့ နိုင်ငံရေးပါတယ်။ နိုင်ငံရေးပါတယ်ဆိုတာက ကချင်ပြည်နယ်မှာ အစိုးရထိန်းချုပ်တဲ့ မြို့ပြကျေးတွေမှာ မူးယစ်ဆေးဝါးက လွယ်လွယ်ကူကူနှင့် ရရှိနိုင်အောင် အစိုးရက ဖန်တီးပေးထားတာ တွေ့ရတယ်။ အဲဒါကတော့ အဓိကရည်ရွယ်ချက်က အစိုးရပြောတဲ့ နယ်ကြားစောင့်တပ်ကို လက်မခံတဲ့ပုံအရတော့ ကချင်လူငယ်တွေကို အနုနည်းနှင့် ဖျက်ဆီးတဲ့အနေနှင့် သူတို့က မူးယစ်ဆေးဝါးမျိုးစုံကို ကချင်အစိုးရထိန်းချုပ်တဲ့နေရာ။ ဥပမာအားဖြင့်ဆိုလို့ရှိရင် မြစ်ကြီးနားမှာ မူးယစ်ဆေးဝါး အပေါဆုံးဖြစ်တယ်။ နောက်ပြီးတော့လည်း မြစ်ကြီးနားတက္ကသိုလ်မှာလည်း မူးယစ်ဆေးဝါးတွေကို မြစ်ကြီးနားတက္ကသိုလ်ရဲ့ အိမ်သာထဲကိုတောင်မှ သက်ဆိုင်ရာ NGO အဖွဲ့အစည်းတွေနှင့် မူးယစ်ဆေးဝါးထိုးတဲ့ ဆေးထိုးအပ်တွေကို ထည့်ဖို့နေရာ ဥပမာအားဖြင့် MDM လိုဟာမျိုးတွေ Medecins Du Monde ဟာမျိုးတွေ NGO တွေက ဘိန်းထိုးပြီးမှ သုံးထားတဲ့ တစ်ခါသုံး ဆေးထိုးအပ်တွေ ထည့်ဖို့ပုံးတွေ စီစဉ်ထားရဲ့တဲ့အဆင့်ထိ ဖြစ်နေတယ်။ ကာမိုင်းမြို့မှာလည်း မူးယစ်ဆေးဝါး အလွန်အကျွံများတယ်။ ရပ်ကွက်တစ်ခုမှာတောင်မှ တစ်ခါသုံးဆေးထိုးအပ်တွေ ဆေးသုံးသမားတွေအတွက် သက်ဆိုင်ရာ NGO တွေထောက်ပံ့တာ တပတ်မှာတောင် ထောင်ကြေးဖြစ်တယ်လို့ ကျနော်တို့ သိရတယ်။ ဒါမျိုးတွေ အားလုံးကိုကြည့်ရင်တော့ သူတို့က တဘက်မှာလည်း မူးယစ်ဆေးဝါးကို မူအားဖြင့်တိုက်ဖျက်သလို ပြုပြီးတော့မှ တစ်ဘက်မှာလည်း သူတို့ရဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေ အကောင်ထည်ဖော်ထားတဲ့ဟာမျိုးကို ကျနော်တို့တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒါကို ကချင်ခေါင်းဆောင်တွေ ကချင်ဒေသမှာရှိတဲ့ တိုင်းရင်းသားအာဏာပိုင်တွေ တခါ ကချင်ပြည်သူ့လွှတ်တော်အမတ်တွေ ကချင်ပြည်နယ်လွှတ်တော်တွေ ဘာလုပ်နေသလဲ။ သူတို့ ဒီကိစ္စကို ထောက်ပြပြီးတော့ ဝေဖန်နိုင်ခြင်း၊ ပြုပြင်ဖို့တောင်းဆိုခြင်း မကြားရပါလား။ အဲဒါကို။

ဦးနော်ဒင်း ။ ။ အခုအချိန်အထိက ကချင်ပြည်နယ်အစိုးရအနေနှင့်ကတော့ မူးယစ်ဆေးဝါးနှင့် ပက်သတ်တဲ့ ထိရောက်တဲ့အရေးယူမှုတွေ လုပ်ဖို့အတွက် ဘာမှလည်း ကျနော်တို့ မကြားရဘူး။ အဓိကအားဖြင့်တော့ ခရစ်ယာန်ဘာသာရဲ့အဖွဲ့တွေ လုပ်တာတွေ့တယ်။ ဒါပေမယ့် သူတို့ကလည်း အစိုးရရဲ့ပူးပေါင်းမှုတွေ မပါတော့ အရမ်းကြီး အောင်မြင်မှုတော့မရဘူး။ နောက်တခုကတော့ ကျနော်တို့ ကချင်လွတ်မြောက်ရေးအဖွဲ့အနေနှင့်ကတော့ ပြီးခဲ့တဲ့ ၂၀၁၀ ကနေစပြီးမှ သူဘက်ကတော့ အစိုးရပူးပေါင်းပါဝင်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့ဘက်ကတော့ တကယ်ပဲ ဒီဟာကို ထိန်းချုပ်တဲ့နေရာမှ သူတို့သက်နိုင်သလောက် သူတို့ကတော့ အကြီးအကျယ် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မှုတွေလုပ်တာ ကျနော်တို့တွေ့ရတယ်။

ဦးကျော်ဇံသာ ။ ။ တစ်ခုက ဦးခွန်းဆိုင်လည်း ပြောတယ်။ သူတို့ ဒီ ပလောင်ခေါင်းဆောင်ကြီး ဦးအိုက်ဖုန်းကိုတောင် သူက ကိုးကားပြီးပြောတယ်။ လက်နက်ကိုင်တော်လှန်ရေး အင်းအားစုတွေဟာ ဘယ်အဖွ့ဲမှ မူးယစ်ဆေးဝါးလုပ်ငန်းနှင့် မကင်းပါဘူး။ အနည်းဆုံး သူတို့ လက်နက်ဝယ်နိုင်ဖို့အတွက် ဘိန်းကိုထုတ်လုပ်ရတယ်။ မူးယစ်ဆေးဝါးမှာ ပါဝင်ပတ်သက်ရတယ်လို့ဆိုတယ်။ ဆိုတော့ ကေအိုင်အို ကိုနော်ဒင်းပြောတဲ့ ကေအိုင်အိုကကော ကင်းရှင်းပါရဲ့လား ဒီဟာနှင့်။ ကင်းရှင်းတာ သေချာလား။

ဦးနော်ဒင်း ။ ။ ဟုတ်ကဲ့။ ကျနော်မြင်တာက ကေအိုင်အိုဘက်ကတော့ မူလည်းမရှိဘူး။ မူးယစ်ဆေးဝါးဘက်က အခွန်ကောက်မယ်။ မူးယစ်ဆေးဝါးကို အဲဒီလိုမျိုးကတော့ သူတို့ ကေအိုင်အိုဘက်မှာ ရှင်းရှင်းလင်းလင်း အဲဒီ Policy မရှိတာကတော့ ၁၉၉၀ ပတ်ဝန်းကျင်ကနေစပြီးမှ ကေအိုင်အိုမှာ မူမရှိဘူး။ အဲဒီနေ့မတိုင်ခင်မှာတော့ မူးယစ်ဆေးဝါး တိုက်ဖျက်မှုတွေလုပ်တယ်။ သို့သော်လည်းပဲ တိတိကျကျ အဲဒီလိုမျိုး မူးယစ်ဆေးဝါးထဲက အခွန်ကောက်တဲ့ဟာမျိုးတွေကို လုံးဝ သူတို့မှာ မကောက်ဘူးဆိုတဲ့ Policy မရှိဘူး။ ဒါပေမယ့် ၁၉၉၀ နောက်ပိုင်းကျလို့ရှိရင်တော့ သူတို့မှာ ဒီမူးယစ်ဆေးဝါးကနေ လုံးဝအခွန်မကောက်ရဘူး။ ဒါက ကေအိုင်အိုရဲ့ Policy က ထင်ထင်ရှားရှား။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒါနိုင်ငံရေးကိစ္စဟာ အဓိကပြေလည်ဖို့လိုတယ်။ ကျနော် သိချင်တာက အဲဒီလို နိုင်ငံရေးအားဖြင့် ပြေလည်မှု ရနိုင်သလောက်ရတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ အပစ်အခတ်ရပ်စဲရေးလုပ်ကြတယ်။ သို့ပေမယ့်လည်း အခုနကပြောသလို မူးယစ်ဆေးဝါးနှင့်ကတော့ မပျက်နိုင်သေးဘူး။ အဲဒါ ဘာကြောင့်လည်းဆိုတော့ ပြည်သူတွေ မူးယစ်ဆေးဝါးကို မှီခိုနေခဲ့ရတဲ့ တောင်သူတွေအတွက် ဘဝအာမခံချက်မရှိသေးလို့ ဒါကိုများ မှီခိုနေရသလား ဆိုတာလည်း ကျနော် စဉ်စားမိပါတယ်။

ဦးခွန်းဆိုင် ။ ။ ဟုတ်ပါတယ်။ ဒီဥစ္စာဟာ အများကြီးဟုတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူထုရဲ့ပြဿနာကို ကျနော်တို့ မဖြေရှင်းမနိုင်မချင်း ဒီကိစ္စဟာ အထူးသဖြင့် ဘိန်းပြဿနာကို ကျနော်တို့ မဖြေရှင်းနိုင်ဘူး။ ကျနော်တို့ တောင်သူတွေကို ကျနော်တို့ မေးကြည့်ပါ။ ဘာဖြစ်လို့ ခင်များတို့ဟာ အခုထိ ဘိန်းစိုက်နေကြတာတုန်းလို့ ပြောလို့ရှိရင် သူတို့က အရင်တုန်းက ကျနော်တို့ မပက်သတ်ခဲ့ဘူး။ အရင်တုန်းကဆိုရင် ကျနော်တို့ ဆန်စပါး စိုက်ခြင်းအားဖြင့် ကျနော်တကို့ တစ်နှစ်လုံး တစ်နှစ်ပတ်လုံး ကျနော်တို့က စားသုံးနိုင်တယ်။ နောက် လက်ဖက်စိုက်ခြင်းအားဖြင့် ကျနော်တို့မှာ အကျိုးရှိတယ်။ သနပ်ဖက်တွေ စိုက်ခြင်းအားဖြင့် အကျိုးရှိတယ်။ အခုဆိုလို့ရှိရင်တော့ ကျနော်တို့ ဆန်စပါးစိုက်လိုက်လို့ အများအားဖြင့်က တစ်ဘက်က အစိုးရကိုလည်း ကျွေးရတယ်။ ဒီတော်လှန်ရေး အဖွဲ့တွေကိုလည်း ကျွေးရတယ်။ ပြည်သူ့စစ်သည်တော်တွေကိုလည်း ကျွေးရတယ်။ ကျနော်တို့ စားဖို့ကိုတောင်မှ မလောက်မငတ်ဖြစ်လာတယ်။ အဲဒီလိုမျိုး အခြေအနေဖြစ်နေတာကိုး။ အဲဒီတော့ တကယ်လို့ မူးယစ်ဆေးဝါးပြဿနာကို ကျနော်တို့ တကယ်ဖြေရှင်းမယ်ဆိုလို့ရှိရင် နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မယ်ဆိုလို့ရှိရင် ဒီလူထုအတွက်လည်း ကျနော်တို့ အများကြီး သက်သာသွားမယ်။ သို့သော်လည်းပဲ တဖက်ကလည်း သူတို့ရဲ့စားဝတ်နေရေးအတွက် ကျနော်တို့က ဖြည့်ဆည်းပေးရမယ်ဆိုတာ သေချာပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ နောက်တခုက နိုင်ငံတကာကလည်းပဲ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်တယ်။ အမေရိကန်ပြည်ထောင်စုရဲ့ DEA တို့၊ တခါ ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့အစည်းတို့ဟာ မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကကော ဘယ်လိုမှ အရှေ့ကို မတိုးနိုင်ဘူးလား။ မြန်မာနိုင်ငံရဲ့မူးယစ် ဆေးဝါးပြဿနာ ဖြေရှင်းတဲ့နေရာမှာ။

ဦးခွန်းဆိုင် ။ ။ တကယ်တမ်း အခုထိ တကယ်တမ်း ကူညီတာ မရှိသေးဘူး။ အခုထိ။ ၁၉၈၈ ခုနှစ် အမေရိကန်ကနေ ထွက်လိုက်ပြီးတဲ့နောက်ပိုင်းမှာ အခုမှာ ပြီးခဲ့တဲ့ လပိုင်းကမှ ပြန်ပြီးတော့မှ ပူးပေါင်းလုပ်ဆောင်မယ်ဆိုတာ ရှိလာတယ်။ UNODC တို့ကလည်း အစိုးရက သဘောတူတဲ့ နေရာတွေမှာပဲ သူတို့ ကူနိုင်တယ်။ အစိုးရက သဘောမတူတဲ့နေရာမှာ သူတို့ မကူနိုင်ဘူး။ အစိုးရက သူတို့ သဘောတူတယ် သဘောမတူဘူးဆိုတာက သူတို့က နိုင်ငံရေးနှင့် လုံခြုံရေး အခြေအနေတွေကို သူတို့ သုံးသပ်ပြီးတော့မှ သူတို့က ဆုံးဖြတ်တာဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုနော်ဒင်း … မြန်မာ့အိမ်နီချင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက အကူအညီတွေကကော ဘယ်လောက် ထိရောက်မှုရှိလဲ။

ဦးနော်ဒင်း ။ ။ သူတို့တွေအနေနှင့် ဒေသခံတွေကို မူးယစ်ဆေးဝါးမစိုက်ဖို့အတွက် ဆန်စပါး နည်းနည်းပါးပါး ကူညီတာရှိတယ်။ ဒါပေမယ့် အစားထိုးသီးနှံတွေစိုက်ဖို့အတွက် တရုတ်အစိုးရရော နောက် ဗမာအစိုးရရော သူတို့တွေအနေနှင့် ဘာမှဖန်တီးပေးမှုလည်း မရှိဘူး။ နောက်တခုကလည်း အရေးကြီးတဲ့အချက်ကတော့ ဥပမာအားဖြင့် ကချင်ပြည်နယ်မှာရှိတဲ့ ရေကာတာ စီမံကိန်းကြီးမှာဆိုလို့ရှိရင် ဥပမာ မြစ်ဆုံရေကာတာ စီမံကိန်းကအစပေါ့ တရုတ်နှင့် ဗမာအစိုးရက ဘိန်းဘုရင် လော်စစ်ဟန် ပိုင်တဲ့ ကုမ္ပဏီတွေကို အသုံးပြုနေတယ်။ ခွန်ဆာဆိုလို့ရှိရင်လည်း ဘိန်းဘုရင် ခွန်ဆာဆိုလို့ရှိရင် သူတို့ ဒီအစိုးရနှင့် ပေါင်းသွားတာမျိုးရှိတယ်။ဘာမှ အရေးယူတဲ့ဟာမျိုးတွေ မရှိဘူး။ အဲဒါကြောင့် ကချင်ဒေသအခြေအနေအရပြောရရင် ဒီတရုတ်နှင့် ကျနော်တို့မြန်မာအစိုးရကော ဒီမူးယစ်ဆေးဝါး ကနေပြီးမှ သူတို့က အကျိုးစီးပွားတွေ ခံစားနေတာကို ကျနော်တို့တွေ့ရတယ်။ တကယ် မူအရပဲ သူတို့လုပ်တယ်။ တကယ်လက်တွေ့ ဘာမှ သူတို့လုပ်တာ ကျနော်တို့ မတွေ့ရဘူး။
XS
SM
MD
LG