သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တစ္ဆေခြောက်မယ့် နေပြည်တော်


နေပြည်တော်လမ်းတနေရာ
နေပြည်တော်လမ်းတနေရာ

လာမယ့် နိုဝင်ဘာလရောက်ရင် နေပြည်တော်မှာ အစိုးရရုံးစိုက်တာ (၁၀) နှစ် ရှိသွားပါပြီ။ ဒါပေမဲ့ စည်းစည်းကားကား မရှိတဲ့အတွက် ညဘက်ရောက်သွားရင် တစ္ဆေခြောက်မလား အောက်မေ့ရတယ်လို့ မကြာသေးခင်က ရောက်သွားခဲ့တဲ့ နိုင်ငံခြားသတင်းသမားတဦးက ပြောပါတယ်။ နယူးရောက်မြို့ထက် (၆) ဆလောက်ပိုပြီး ကျယ်ဝန်းတာမို့ ကားစီး (၂၀) ပြိုင်မောင်းနိုင်တဲ့ လမ်းမကြီးလည်း ရှိပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ အဆောက်အဦးတွေအပြင် ဂေါက်ကွင်းတွေနဲ့ တိရစ္ဆာန်ဥယျာဉ် ရှိပေမယ့် လူသွားလူလာ ကင်းမဲ့နေပြီး နေ့လယ်ပိုင်း ရောက်လာရင်တောင် လမ်းသန့်ရှင်းရေး အလုပ်သမားတွေကိုသာ တွေ့နိုင်ပါတယ်တဲ့။

အုပ်ချုပ်သူ လူတန်းစား ချမ်းသာကြွယ်ဝတာကို နေပြည်တော်သစ်က ရောင်ပြန်ဟပ်နေပြီး ပြည်သူလူထုရဲ့ နွမ်းပါးမှုကို ပျဉ်းမနားမြို့က ပြသနေတယ်လို့ နိုင်ငံခြားစာနယ်ဇင်းက ရေးပါတယ်။ ထူးဆန်းတာကတော့ နေပြည်တော်အကြောင်း အကောင်းပြောသူဆိုလို့ မရှိသလောက် ဖြစ်နေတာပါ။ ဆင်းရဲသားများတဲ့ နိုင်ငံမှာ ဒီလောက်အကုန်အကျခံပြီး အစိုးရအတွက် မြို့တော်သစ် တည်ဆောက်တာကို အံ့သြနေကြပါတယ်။ နေပြည်တော်က စရိတ်အကုန်အကျများသလောက် အကျိုးရှိမှာ မဟုတ်ဘူးလို့ သုံးသပ်ကြတာများပါတယ်။ နေပြည်တော် တည်ဆောက်လို့ ကုန်ကျတဲ့စရိတ်ကို သိဖို့ခက်ပါတယ်။

စစ်အာဏာရှင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ လျှိုဝှက်စီမံကိန်းအနေနဲ့ နေပြည်တော်ကို တည်ဆောက်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီးဟောင်း မှော်ဝန်းသားဦးခင်ညွှန့်ရဲ့ ကိုယ်ရေးမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ အရပ်ဘက်ဆိုင်ရာ အဆောက်အုံတွေကိုတော့ ဒုဗိုလ်ချုပ်မှုးကြီးမောင်အေး က တာဝန်ယူ တည်ဆောက်တယ်လို့ ဆိုပါတယ်။ စစ်အာဏာရှင်ရဲ့ လျှို့ဝှက်စီမံကိန်းကို ဓါတ်ပုံရိုက်သူတွေ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ သတင်းကိုလည်း အစောပိုင်းက မကြာခဏ ကြားရပါတယ်။ နေပြည်တော် တည်ဆောက်ရတဲ့ မဟာဗျူဟာကို ပညာရှင်တွေက အမျိုးမျိုးပြောကြပေမယ့် ဆင်ဖြူ (၅) ကောင် မွေးထားပြီး ရွှေတိဂုံစေတီအတု တည်ဆောက်ထားတာကိုကြည့်ရင် ဗေဒင်ဟောကိန်းအရလုပ်တာ ဖြစ်ဖို့များပါတယ်။

နေပြည်တော်က အဆောက်အဦးကြီး (၃၁) ခုဟာ ဗုဒ္ဓဘာသာအယူအဆ (၁) ခုဖြစ်တဲ့ သတ္တဝါတို့ ဖြစ်တည်ရာ (၃၁) ဘုံကို ရည်ညွန်းတယ်လို့လည်း ပြောကြပါတယ်။ နေပြည်တော် တည်ဆောက်ရေး စီမံကိန်းကို ဆက်လက်အကောင်အထည် ဖော်နေတာဟာ တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာပါတယ်။ ဥပမာ ရန်ကုန်-မော်လမြိုင်-ထားဝယ် ကားလမ်းကို ပြုပြင်ဖို့ ကျပ်သန်း (၅) ထောင်သာ အကုန်ခံပေမယ့် (၃) မိုင်သာရှိတဲ့ နေပြည်တော်ကားလမ်းမှာတော့ ကျပ်သန်း (၁) ထောင်ကျော် သုံးတယ်လို့ ဆိုပါတယ်။ နေပြည်တော်က ကားလမ်းတွေ ကောင်းမွန်ပြီး ကျန်ဒေသတွေမှာတော့ ပြင်ဆင်မှု နည်းပါးတဲ့အတွက် အခြေအနေ ဆိုးဝါးနေပါတယ်။ ကားအသွားအလာ အလွန်နည်းတဲ့ နေပြည်တော်က ကွန်ဂရစ်လမ်းမကြီးတွေကို ကတ္တရာစေး ထပ်လောင်းပြီး အဆင့်မြှင့်တာကိုလည်း အံ့သြနေကြပါတယ်။

နေပြည်တော်ဟာ အစိုးရရုံးစိုက်တဲ့ အုပ်ချုပ်ရေးမြို့တော်သာဖြစ်တာမို့ လက်ရှိတည်ဆောက်ရေး လုပ်ငန်းအားလုံးကို ရပ်ဆိုင်းသင့်ကြောင်း အမျိုးသားလွှတ်တော်မှာ ဖေဖေါ်ဝါရီ (၁၀) ရက်နေ့က ဒေါက်တာမြတ်ဉာဏ်စိုး ပြောသွားတာကို မြန်မာတိုင်း(စ်) သတင်းစာမှာ ဖော်ပြပါတယ်။ မြေယာတွေကို သိမ်းယူပြီး ကားလမ်းကြီးတွေကို ကွန်ရက်လို ဖောက်လုပ်နေပေမယ့် အသုံးပြုသူ မရှိဘူးလို့ ဆိုပါတယ်။ နေပြည်တော်နဲ့ ဆက်ထားတဲ့ ကားလမ်းတွေမှာ ကားမပြောနဲ့ ဆိုင်ကယ်သွားတာတောင် မတွေ့ရဘူးလို့ ဆိုပါတယ်။ ဆိပ်ကမ်းနဲ့ဝေးတဲ့ နေပြည်တော်မှာ စက်မှုဇုန် တည်ထောင်လို့ အကျိုးမရှိနိုင်ပါဘူး။ စီးပွားရေးမြို့တော် ဖြစ်လာဖို့ အခြေအနေမပေးတဲ့ နေပြည်တော်ကို ဆက်လက်တည်ဆောက်နေတာ ရပ်ဆိုင်းသင့်ကြောင်း ဒေါက်တာမြတ်ဉာဏ်စိုးက အမျိုးသားလွှတ်တော်မှာ တင်ပြသွားတာ ဖြစ်ပါတယ်။

မြေယာအများအပြားသိမ်းယူပြီး တည်ဆောက်ထားတဲ့ နေပြည်တော်ကို အစိုးရရုံးပြောင်းပြီး (၄) နှစ်အကြာ ၂၀၀၉ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ နေပြည်တော်စည်ပင်သာယာရေး ဥပဒေကို ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ပြဋ္ဌာန်းပါတယ်။ ဒီဥပဒေအရ နေပြည်တော် စည်ပင်သာယာရေးကော်မတီဟာ တည်တောက်ရေးလုပ်ငန်း အောင်မြင်ဖို့အတွက် လုပ်ချင်တာအားလုံးကို လုပ်ခွင့်ရှိနေပါတယ်။ နေပြည်တော် တည်ဆောက်မှုကို ထိပ်တန်းလျှို့ဝှက်ချက် လုပ်ထားပြီးတော့ တည်ဆောက်ပြီး (၄) နှစ်အကြာမှ ထင်သလို လုပ်ခွင့်ပေးတဲ့ ဥပဒေကို ပြဋ္ဌာန်းတာ ဖြစ်ပါတယ်။ အစိုးရလုပ်တာ အားလုံးမှန်ကြောင်းပြောတဲ့ ဥပဒေ ဖြစ်ပါတယ်။

ထင်သလို သိမ်းယူပြီး ပြန်လည်စွန့်လွှတ်တဲ့မြေကို အသိမ်းခံရသူက စုံစမ်းဖို့ နေပြည်တော်ခရိုင်နဲ့ မြို့နယ်တွေမှာ မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီရုံး (၁၁) ခု ဖွင့်လှစ်ထားရပါတယ်။ မြို့နယ် (၄) ခုစီ ပါဝင်တဲ့ ခရိုင် (၂) ခုကို နေပြည်တော်ကောင်စီနယ်မြေဆိုပြီး အုပ်ချုပ်မှုဒေသ လုပ်ထားပါတယ်။ ဒါပေမဲ့ မြို့နယ်ဟောင်းတွေဖြစ်တဲ့ တပ်ကုန်း၊ ပျဉ်းမနားနဲ့ လယ်ဝေးမှာသာ လူနေများပြီး အစိုးရရပ်ကွက်မှာ လူနေကျဲပါတယ်။ နေပြည်တော်သွား အမြန်လမ်းမှာ လမ်းဖွင့်လှစ်တဲ့ ၂၀၀၉ ကစပြီး (၅) နှစ်အတွင်း ကားမှောက်လို့ သေဆုံးသူ (၄၀၀) နီးပါး ရှိလာတဲ့အတွက် ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး အမြန်လမ်းတလျှောက် ပရိတ်ရွတ်ရကြောင်း သိရှိရပါတယ်။

XS
SM
MD
LG