သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ၊ အာဆီယံ နဲ့ မြန်မာ


အာဆီယံ- အိန္ဒိယ
အာဆီယံ- အိန္ဒိယ
အာဆီယံ (ခေါ်) အရှေ့တောင်အာရှ (၁၀) နိုင်ငံအသင်းရဲ့ ဆွေးနွေးဘက်နိုင်ငံအဖြစ် ပူးတွဲဆောင်ရွက်လာတာ အနှစ် (၂၀) ပြည့်တဲ့ အထိမ်းအမှတ်ကို အိန္ဒိယပြည် နယူးဒေလီမြို့တော်မှာ ဒီဇင်ဘာလ (၂၀) ရက်နေ့က ကျင်းပပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး နဲ့ ယဉ်ကျေးမှုမှာ ဆက်လက် ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း စာပိုဒ် (၂၆) ပိုဒ်ပါတဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ နယူးဒေလီ အစည်းအဝေးဟာ အိန္ဒိယနဲ့ အာဆီယံအသင်းရဲ့ (၁၀) ကြိမ်မြောက် ထိပ်သီးညီလာခံလည်း ဖြစ်တာမို့ အစိုးရအကြီးအကဲတွေ တက်ရောက်ကြပါတယ်။ ဒါပေမဲ့ အိန္ဒိယရဲ့ ရည်မှန်းချက် မျှော်လင့်သလို မဖြစ်နိုင်တာ တွေ့ရပါတယ်။

တကယ်တော့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဆက်ဆံရေး တိုးမြှင့်နိုင်ရင် အိန္ဒိယရဲ့ အကျိုးစီးပွားကို အားသစ်လောင်းနိုင်မယ်ဆိုတဲ့လမ်းစဉ် ကျင့်သုံးလာတာ အနှစ် (၂၀) ပြည့်တဲ့ အထိမ်းအမှတ် ဖြစ်ပါတယ်။ ဒီ မူဝါဒကို LEP (Look East Policy) အရှေ့မျှော်လမ်းစဉ် လို့ လူသိများပါတယ်။ ဒီလမ်းစဉ်ကြောင့် ဗမာစစ်အစိုးရနဲ့ ချစ်ကြည်ရေး ပြန်လုပ်နိုင်တာ ဖြစ်ပါတယ်။ အိန္ဒိယ-အာဆီယံ ကုန်သွယ်ရေး တိုးပွားလာပေမယ့် တရုတ်-အာဆီယံ ကုန်သွယ်ရေးရဲ့ ၅ ပုံ ၁ ပုံ ရှိပါတယ်။ အာဆီယံ-အိန္ဒိယ စီးပွားရေးဟာ အာဆီယံ-တရုတ် ကုန်သွယ်ရေးကိုမီဖို့ အများကြီး လိုပါသေးတယ်။

ဒါပေမဲ့ အရှေ့မျှော်လမ်းစဉ် စတင်ကျင့်သုံးကတည်းက အိန္ဒိယ-အာဆီယံ ကုန်သွယ်ရေးနှစ်စဉ် တိုးတက်နေတာကြောင့် အိန္ဒိယ နိုင်ငံခြားကုန်သွယ်မှုမှာ အာဆီယံက (၁၀) ရာခိုင်နှုန်း ယူထားပါတယ်။ မူရင်း အာဆီယံအသင်းဝင်ဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ ကုန်သွယ်ရာမှာ တရုတ်နဲ့ အခြားအင်အားကြီးနိုင်ငံတွေကို မီအောင်မလိုက်နိုင်မှန်း အိန္ဒိယက သဘောပေါက်ပုံ ရပါတယ်။ ဒါကြောင့်မို့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗိယက်နမ် နဲ့ ကုန်သွယ်ရေး တိုးမြှင့်နိုင်အောင် ကြိုးစားပါတယ်။ ၁၉၉၇ မှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း ပါဝင်တဲ့ BIMSTEC ဘင်္ဂလားပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးအုပ်စုကို ဖွဲ့စည်းပြီး ၂၀၀၀ ခုနှစ်မှာ အိန္ဒိယ၊ မြန်မာ၊ လာအို၊ ထိုင်း၊ ဗိယက်နမ် နဲ့ ကမ္ဘောဒီးယားပါဝင်တဲ့ မဲခေါင်-ဂင်္ဂါ (၆) နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို စတင်ပါတယ်။

အာဆီယံထိပ်သီး ဆွေးနွေးပွဲကို (၂၀၀၂) မှာ တက်ရောက်ခွင့်ရရှိပြီး ၂၀၀၅ မှာ အရှေ့အာရှ ထိပ်သီးညီလာခံမှာ ပါဝင်လာတဲ့အတွက် အာဆီယံနဲ့ ဆက်ဆံရာမှာ အိန္ဒိယဟာ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့နဲ့ တန်းတူရည်တူ ဖြစ်လာပါတယ်။ ဒါပေမဲ့ အာဆီယံနဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားရဲ့ စီးပွားရေး ဆက်ဆံမှုက အများကြီးပိုပြီး အားကောင်းပါတယ်။ ၂၀၀၅ စာရင်းအရ အိန္ဒိယ စီးပွားရေးဟာ တရုတ်စီးပွားရေးရဲ့ သုံးပုံတစ်ပုံတောင် မရှိတာ တွေ့ရပါတယ်။ ခေတ်နောက်ကျတဲ့ အခြေခံအဆောက်အုံကြောင့် အိန္ဒိယမှာ ရင်းနှီးမြှုပ်နံှဖို့ အာရှကုမ္မဏီတွေ အင်တင်တင် ဖြစ်နေတာလို့ သုံးသပ်ကြပါတယ်။ စီးပွားရေး အင်အားမတောင့်တင်းတဲ့ အိန္ဒိယဟာ နိုင်ငံရေးန့ ဗဟာဗျူဟာ အရေမှာ သြဇာအရှိအဝါရှိဖို့ ခက်ခဲပါတယ်။ အိန္ဒိယရဲ့ အရှေ့မျှော်လမ်းစဉ်မှာ တရုတ်လွှမ်းမိုးမှုကို တုံ့ပြန်ဖို့လည်း ရည်ရွယ်ပေမယ့် လက်တွေ့ကတော့ တရုတ်ဟာ အာဆီယံအသင်းရဲ့ စီးပွားရေးမဟာမိတ်လို ဖြစ်နေပါတယ်။

အိန္ဒိယ-အာဆီယံ ဆက်သွယ်ရေး အားကောင်းဖို့ အိန္ဒိယ၊ မြန်မာ၊ ထိုင်း ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီး ပြီးစီးဖို့နဲ့ လာအို၊ ကမ္ဘောဒီးယား၊ ဗိယက်နမ်အထိ ကားလမ်းဆက်သွယ်နိုင်ဖို့ သန္မိဋ္ဌာန်ချထားကြောင်း ဒီဇင်ဘာ (၂၀) ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အိန္ဒိယ-အာဆီယံ ဆက်သွယ်ရေးမှာ မြန်မာပြည်အရေးပါပုံကို အိန္ဒိယ-အာဆီယံ ကားမောင်းပြိုင်ပွဲက ပြသနေပါတယ်။ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗိယက်နမ် တို့ဟာ မြန်မာပြည်ဖြတ်ပြီး အိန္ဒိယနဲ့ ဆက်သွယ်နိုင်ကြောင်း (၂၀၀၄) မှာ ပထမအကြိမ် ဒီနှစ်ထဲမှာ ဒုတိယအကြိမ် ကားမောင်းပြိုင်ပွဲကျင်းပပြီး ကားလမ်းပေါက်ကြောင်း ပြသပါတယ်။ ဒါပေမဲ့ စံချိန်မီ အဝေးပြေးလမ်းမကြီးဖြစ်ဖို့ အခက်အခဲရှိနေတာ ထင်ရှားပါတယ်။

ဦးသိန်းစိန်ကလည်း အိန္ဒိယရဲ့ အရှေ့မျှော်လမ်းစဉ်ကို ထောက်ခံအားပေးပြီး အိန္ဒိယ-အာဆီယံနဲ့ အိန္ဒိယ-တရုတ် ဆက်သွယ်ရေးမှာ ကြားခံပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်ကြောင်း အိန္ဒိယ စက်မှုလုပ်ငန်းရှင်များအသင်းရဲ့ ညစာစားပွဲမှာ ပြောသွားပါတယ်။ အိန္ဒိယ-အာဆီယံ ကုန်သွယ်ရေးမှာ ရေကြောင်းသုံးတာများတဲ့အတွက် ကမ်းရိုးတန်းပြည်နယ်တွေသာ အကျိုးခံစားနေရပါတယ်။ ကုန်းလမ်းဆက်သွယ်ရေး မြှင့်တင်နိုင်ဖို့အတွက် မြန်မာပြည်မှာတင်မကဘဲ မြန်မာပြည်နဲ့ဆက်နေတဲ့ အိန္ဒိယ အရှေ့မြောက်ပြည်နယ်တွေမှာလည်း အခြေခံအဆောက်အအုံ ကောင်းမွန်ဖို့လိုပါတယ်။ မြန်မာပြည်နဲ့ ဆက်နေတဲ့ မီဇိုရမ်၊ မဏီပူ၊ နာဂ၊ အရူနာချယ်ပရာဒေ့ရှ်နဲ့ အာသံ၊ မဂ္ဂလရာ၊ ထရိပူရ ပြည်နယ်တွေမှာ အခြေခံအဆောက်အအုံကောင်းမှသာ အိန္ဒိယရဲ့ အရှေ့မျှော်လမ်းစဉ် အပြည့်အဝ အကောင်အထည်ဖော်နိုင်မယ်လို့ ယူဆကြပါတယ်။ မဏိပူနဲ့ နာဂ သူပုန် ပြဿနာကိုလည်း ဖြေရှင်းနိုင်ဖို့ လိုပါတယ်။

အရှေ့ပိုင်းနဲ့ အဆက်အသွယ် ကောင်းလာအောင် အရှေ့မြောက်ပိုင်းပြည်နယ်တွေနဲ့ မြန်မာနိုင်ငံမှာ ဒေါ်လာသန်းပေါင်းထောင်ချီပြီး ရင်းနှီးမြှပ်နံှသင့်တယ်လို့ သုံးသပ်ကြပါတယ်။ အရှေ့မျှော်လမ်းစဉ်နဲ့ အရှေ့မြောက်ဒေသရဲ့ အခန်းကဏ္ဍကို ဆွေးနွေးဖို့အတွက် လာမယ့် ဖေဖေါ်ဝါရီလကုန် မဂ္ဂဒရာပြည်နယ် ရှီလောင်မြို့မှာ အပြည်ပြည်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။
XS
SM
MD
LG