သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားကို အတုယူရေး


မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ အင်ဒိုနီးရှားသမ္မတဟောင်း Yudhoyono တို့ ASEAN အစည်းအဝေး
မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ အင်ဒိုနီးရှားသမ္မတဟောင်း Yudhoyono တို့ ASEAN အစည်းအဝေး

မြန်မာ့နိုင်ငံရေးဟာ ဆူဟာတိုခေတ် အင်ဒိုနီးရှားပုံစံမျိုး ဖြစ်နေတာမို့ အင်ဒိုနီးရှားလို အရပ်သားချည်း ပါဝင်တဲ့ အစိုးရဖြစ်အောင် အသွင်ပြောင်းနိုင်ပါ့မလားလို့ လေ့လာသုံးသပ်ကြတာ အတော်လေးကြာနေပါပြီ။ လွန်ခဲ့တဲ့အနှစ် (၂၀) ၁၉၉၅ မှာ ဗိုလ်ချုပ်မှူးသန်းရွှေ အင်ဒိုနီးရှားနိုင်ငံသွားပြီး သမ္မတဆူဟာတိုကို ဂါရဝပြုသလို၊ ဆူဟာတိုကိုယ်တိုင် ၁၉၉၇ မှာ မြန်မာပြည်ကို လာရောက်လည်ပတ်ပါတယ်။ အင်ဒိုနီးရှား အခြေခံဥပဒေကိုတောင် မြန်မာဘာသာပြန်ပြီး လေ့လာကြကြောင်း သိရပါတယ်။ လက်ရှိ ပုံစံဟာ အင်ဒိုနီးရှားပုံစံဖြစ်နေလို့ အင်ဒိုနီးရှားလို အသွင်ကူးပြောင်းဖို့ အကြံဉာဏ် ပေးကြပါတယ်။

ဗမာစစ်အစိုးရ အဆက်ဆက်ဟာ အင်ဒိုနီးရှားခေတ်ကို စံနမူထားပုံရတယ်လို့ ယူဆကြပါတယ်။ လွန်ခဲ့တဲ့နှစ်ကတော့ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားအကူအညီပေးရေးအဖွဲ့ USAID က ဝါရင့်အကြံပေးအရာရှိ Brian Vogt က စာတမ်းထုတ်ပြီး အင်ဒိုနီးရှားပုံစံအတိုင်း မြန်မာပြည်မှာ အသွင်ကူးပြောင်းသင့်တယ်လို့ တင်ပြထားပါတယ်။ စစ်တပ်က သဘောမတူရင် စစ်တပ်ပါဝင်တဲ့အခန်းကဏ္ဍကို (၂၀၀၈) အခြေခံဥပဒေမှာ ပြင်ဆင်လို့မရတဲ့အတွက် အရပ်သားချည်းပါဝင်တဲ့ အစိုးရအဖြစ် ပြေပြစ်စွာ အသွင်ကူးပြောင်းနိုင်အောင် နည်းလမ်းရှာဖွေသင့်တယ်လို့ ဆိုပါတယ်။

ဗမာစစ်အစိုးရ ပြဌာန်းထားတဲ့ ၂၀၀၈ အခြေခံဥပဒေဟာ စစ်ဗိုလ်ကို တရားဝင်နိုင်ငံလုပ်ခွင့်ပေးတဲ့ ဆူဟာတိုရဲ့ ဒွိဖန်စီ (Dwifungsi Dual Function) အယူအဆနဲ့ဆင်တယ်လို့ Brian Vogt က ဆိုပါတယ်။ ဒီသဘောအရ အင်ဒိုနီးရှားလွှတ်တော်မှာ စစ်ဗိုလ်က (၂၀) ရာခိုင်နှုန်း ယူပါတယ်။ ဒီနည်းနဲ့ ဆူဟာတိုဟာ အနှစ် (၃၀) ကျော် အုပ်ချုပ်ပါတယ်။ အစိုးရအမှုထမ်းပါဝင်တဲ့ Golker ပါတီ အင်ဒိုနီးရှားမှာ ကြီးစိုးသလို၊ မြန်မာပြည်မှာ ကြံ့ဖွံ့ပါတီ ကြီးစိုးပါတယ်။ ရွေးကောက်ပွဲ ကျင်းပတိုင်းမှာ Golkar ပါတီက မဲဆန္ဒ (၆၀) ရာခိုင်နှုန်း ရရှိလို့ စစ်တပ်ကိုယ်စားလှယ်နဲ့ပေါင်းပြီး အစိုးရဖွဲ့ပါတယ်။ ၁၉၉၉ ရောက်တော့ အစိုးရအုပ်ချုပ်ရေး ယန္တရားမှာ စစ်ဗိုလ် (၄၀၀၀) နဲ့ အငြိမ်းစားစစ်ဗိုလ် (၈၀၀၀) ရှိလာပါတယ်။ ဆူဟာတို အနားယူသွားလို့ ပြုပြင်ရေးလုပ်တဲ့အခါမှသာ စစ်တပ်ကိုယ်စားလှယ်ဦးရေကို လျှော့ချနိုင်ပါတယ်။

အင်ဒိုနီးရှားအစိုးရ ယန္တရားအဆင့်ဆင့်မှာ ကျေးရွာအထိ စစ်တပ်ကိုယ်စားလှယ် ပါဝင်ပါတယ်။ အင်ဒိုနီးရှားစစ်တပ်ဟာ စီးပွားရေးလုပ်ငန်းကိုလည်း ချုပ်ကိုင်တာကြောင့် ဆူဟာတိုခေတ် (၃၂) နှစ်မှာ စစ်ဗိုလ်တွေဟာ အချက်အချာကျတဲ့ စီးပွားရေးလုပ်ငန်းကြီးမှာ နေရာယူနိုင်ပါတယ်။ စစ်အသုံးစရိတ် သုံးပုံနှစ်ပုံကို စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေက ရရှိပါတယ်။ ၁၉၉၈ မှာ ဆူဟာတို အာဏာစွန့်လွတ်ချိန်ကစပြီး စစ်တပ်အခန်းကဏ္ဍ လျှော့ချသွားပုံကို မြန်မာ့အရေးမှာ လေ့လာသင့်တယ်လို့ ဆိုပါတယ်။ စစ်မှုထမ်းနေတဲ့ အရာရှိကို အစိုးရအုပ်ချုပ်ရေး ယန္တရားမှာ ပါဝင်ခွင့်ပိတ်ပင်ပြီး၊ အမျိုးသားလွှတ်တော်နဲ့ ဒေသလွှတ်တော်က စစ်တပ်ကိုယ်စားလှယ်ဦးရေကိုလည်း လျှော့ချပါတယ်။ ဆယ်နှစ်အတွင်း စစ်တပ်ကိုယ်စားလှယ်စနစ်ကို လုံးဝဖျက်သိမ်းဖို့လည်း လွှတ်တော်က ဆုံးဖြတ်ပါတယ်။

စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်ကို အရပ်သားအာဏာပိုင်လက်ထဲ လွှဲပြောင်းယူနိုင်တဲ့ အကြောင်းရင်းတွေကို Brian Vogt က ထောက်ပြပါတယ်။ အာဏာရှင်ဆူဟာတိုဟာ သူ့သဘောအလျှောက် အာဏာလွှဲပေးတာမို့ သူမရှိတဲ့အခါမှာ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်တွေ ကျန်ရှိနေပါတယ်။ ဒါပေမဲ့ ပြုပြင်ရေးလုပ်ဖို့ တောင်းဆိုလာတာကြောင့် စစ်ခေါင်းဆောင်ပိုင်းဟာ တဖြည်းဖြည်း ပြုပြင်ဖို့ လုပ်ကိုင်လာပါတယ်။ အခု မြန်မာပြည်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ အင်ဒိုနီးရှားမှာလည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒီမိုကရေစီ အသွင်ပြောင်းရေးမှာ ပါဝင်ခဲ့တဲ့ အင်ဒိုနီးရှား စစ်ဗိုလ်တွေ ရှိသေးတာမို့ သူတို့အတွေ့အကြုံကို ဗမာစစ်ဗိုလ်တွေ သင်ခန်းစာယူသင့်တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားမှာ ဒီမိုကရေစီ ကျင့်သုံးနေပေမယ့် စစ်တပ်ရဲ့ အကြမ်းဖက်မှုနဲ့ အဂတိလိုက်စားမှုကို အရေးမယူနိုင်သေးတာကိုလည်း စဉ်းစားဖို့ လိုပါတယ်။

စစ်တပ်အခန်းကဏ္ဍ လျှော့နည်းရေးအတွက် အမေရိကန်၊ အင်ဒိုနီးရှား နဲ့ မြန်မာအစိုးရတို့ ပူးတွဲလုပ်ဆောင်သင့်တယ်လို့ Brian Vogt က ဆိုပါတယ်။ သံဃာဦးဆောင်တဲ့ ၂၀၀၇ အုံကြွမှုကို နှိမ်နင်းပြီးတဲ့အခါမှာ အင်ဒိုနီးရှားသမ္မတဟာ အငြိမ်းစာဗိုလ်ချုပ်ကြီး Widjojo ကို စေလွှတ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပြုပြင်ရေးလုပ်ဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့ စစ်ဘက်ရေးရာ အဆက်အသွယ်ပြန်လုပ်လာချိန်မှာ မြန်မာနဲ့ အင်ဒိုနီးရှား စစ်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနိုင်အောင် အမေရိကန်က စီစဉ်ပေးနိုင်ရင် အများကြီး အကျိုးရှိလိမ့်မယ်လို့ Brian Vogt က ယူဆပါတယ်။

(၂) နိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်သားအသင်းအဖွဲ့တွေကလည်း အရပ်ဘက် စစ်ဘက်ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အမြင်ချင်းဖလှယ်နိုင်ပါတယ်။ ၂၀၁၂ က မြန်မာလွှတ်တော်ကိုယ်စားလှယ် (၂၆) ဦး အင်ဒိုနီးရှားကို သွားရောက်လေ့လာခဲ့ပါတယ်။ အရပ်သားအဖွဲ့အချင်းချင်းလည်း (၂၀၀၂) မှာ တွေ့ဆုံခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီကိစ္စမှာ အင်ဒိုနီးရှားနဲ့ မြန်မာ အဆက်အဆံ ပိုများလာဖို့ပဲ လိုတယ်လို့ ဆိုပါတယ်။ စစ်တပ်အကျိုးစီးပွားကို ထိန်းသိမ်းပြီး အရပ်သားလက်ထဲ အာဏာလွှဲပြောင်းပေးနိုင်တဲ့ အင်ဒိုနီးရှား အတွေ့အကြုံဟာ မြန်မာအတွက် အသင့်တော်ဆုံးလို့ Brian Vogt က သုံးသပ်ထားပါတယ်။

XS
SM
MD
LG