သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်ဂွမ်မော်ရဲ့ ငြိမ်းချမ်းရေး မျှော်လင့်ချက် (ပထမပိုင်း)


KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်
KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ကို ဗွီအိုအေမြန်မာသတင်း အယ်ဒီတာ ဦးကျော်ဇံသာ က ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသား ဖယ်ဒရယ်ပြည်ထောင်စုအရေး စတဲ့အကြောင်းအရာများကို သီးသန့်တွေ့ဆုံမေးမြန်း တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဗိုလ်ချုပ်ကို သတင်းတွေကြားဖူးတာ၊ ပုံတွေထဲမှာ တွေ့ဖူးတာ ကြာပါပြီ။ လူချင်း အခုမှ တွေ့ရတာ အထူးဝမ်းသာပါတယ်။ နောက် ဗွီအိုအေ ကို အခုလို အင်တာဗျူးပေးတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်။ ပထမဦးဆုံး မေးချင်တာကတော့ အခုလောလောဆယ် ဖြစ်နေတဲ့ အခြေအနေကို နည်းနည်းမေးချင်ပါတယ်။ အခု ကေအိုင်အေ နဲ့ အစိုးရတပ်တွေကြားမှာ ဧပြီလဆန်းပိုင်းကစပြီးတော့ တိုက်ပွဲတွေပြန်ဖြစ်တယ်လို့ ကြားရပါတယ်။ အဲဒီမတိုင်ခင်လေးမှာပဲ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးအလားအလာ အတော်ကောင်းနေပြီ။ ဒီတခါတော့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ မူတွေဘောင်တွေလုပ်တာလည်း နှစ်ဖက်ညှိပြီးတော့ ရေးဆွဲကြတယ်။ ဘာညာဆိုပြီး ကြားလိုက်ရပါတယ်။ ဆိုတော့ အဲဒီလို ကြားနေရတဲ့အချိန်မှာ အခုလို တိုက်ပွဲတွေဖြစ်လာတယ်ဆိုတော့ ငြိမ်းချမ်းရေးအလားအလာ၊ အပစ်အခတ်ရပ်စဲရေး အလားအလာကို ဘယ်လောက်များ ထိခိုက်သွားစေပါသလဲ။ ဘယ်လောက်များ နောက်ပြန်ဆုတ်သွားတယ်လို့ ထင်ပါလဲ။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ တဖက်နဲ့တဖက် ဆွေးနွေးနေတဲ့အပေါ်မှာ ယုံကြည်မှုတွေကို အများကြီးလျော့သွားစေပါတယ်။ တကယ်တော့ ဒီ ဆွေးနွေးနေတဲ့အချိန်မှာကော။ နောက် ကျနော်တို့ မြစ်ကြီးနားမှာ အောက်တိုဘာလမှာ အစိုးရကိုယ်စားလှယ်များနဲ့ ကေအိုင်အို ကိုယ်စားလှယ်များက နှစ်ဖက်တိုက်ပွဲတွေကို လျှော့ချဖို့ဆိုတဲ့ ကတိကဝတ်တွေလည်း ရှိပါတယ်။ အဲဒီတော့ ဒီဆွေးနွေးပွဲတွေမှာ ကတိတွေရှိနေလျက်နဲ့ အခုလို တိုက်ပွဲတွေဖြစ်တယ်ဆိုတာက ဆွေးနွေးမှုအပေါ်မှာ အများကြီး အနှောက်ယှက်ပေးနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုဖြစ်တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဆီက ဗွီအိုအေသတင်းထောက်တယောက် မြစ်ကြီးနားမှာတုန်းကလည်း အစိုးရဖက်က ဗိုလ်ချုပ်ကြီးတယောက်ကို မေးပါတယ်။ သူက “တိုက်ပွဲတွေလို မပြောနိုင်ဘူး။ ဒါက အဲဒီမှာ စီးပွားရေးလုပ်ကွက်တွေရှိတယ်။ သစ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ ပဋိပက္ခဖြစ်ပြီးတော့ ဖြစ်နေရတဲ့ကိစ္စ” လို့ ဆိုပါတယ်။ တနည်းအားဖြင့်ကြည့်ရင် သုံးသပ်သူတွေကလည်း ပြောကြတယ်။ ဒီ ပြည်တွင်းစစ်မှာ အစိုးရဖက်ကသာမက တော်လှန်ရေးအင်အားစုတွေကလည်း vested interest ရှိနေတယ်။ သူတို့ကလည်း အဲဒီနယ်တွေမှာ သူတို့ စီးပွားရေးလုပ်နေကြတဲ့ကိစ္စတွေ ရှိနေကြတယ်။ ဆိုတော့ စီးပွားရေးအချင်းချင်း၊ စီးပွားရေးပဋိပက္ခကလည်း အရေးကြီးတယ်လို့ ဆိုကြပါတယ်။ နိုင်ငံရေးကိစ္စကို ဖယ်ထားလိုက်ရင်တချက်။ စီးပွားရေးကိစ္စက ဘယ်လောက်အရေးပါပါသလဲ။ ဒီ ပဋိပက္ခတွေ ဖြစ်နေရတဲ့အထဲမှာ။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ ဒီဟာကို တိုတိုလေး ပြောမယ်ဆိုရင်တော့ အစိုးရနဲ့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေက စီးပွားရေးပြိုင်ဖက်တော့ မဟုတ်ဘူး။ အဲဒီတော့ ဒီတိုက်ပွဲကို စီးပွားရေးကိစ္စနဲ့ အကြောင်းပြတယ်ဆိုရင် ခိုင်လုံတဲ့အကြောင်းပြချက် မဟုတ်ဘူးလို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခုဖြစ်နေတဲ့ကိစ္စဟာ စီးပွားရေးကိစ္စတော့ မဟုတ်ဘူးပေါ့။
ဗိုလ်ချုပ်ဂွမ်မော် ။ ။ စီးပွားရေးကိစ္စတော့ မဟုတ်ပါဘူး။ ဥပမာ သစ်လုပ်ငန်း၊ သစ်မှောင်ခိုကို ဖမ်းတယ်ဆိုတဲ့ကိစ္စမျိုးက ခိုင်လုံတဲ့အကြောင်းပြချက် မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ နိုင်ငံရေးနဲ့ ပတ်သက်လို့က အဓိက အခက်အခဲဆုံးက ဘယ်ကိစ္စလို့ ထင်ပါသလဲ။ ရှင်းရှင်းလင်းလင်း မေးရရင်၊ ဖယ်ဒရယ်ဆိုတာ တိုင်းရင်းသားတွေက လိုချင်ကြတယ်။ ဖယ်ဒရယ်ပြည်ထောင်စုပုံစံမျိုး ဖွဲ့စည်းချင်တယ်။ ဟိုဖက်က ဒီဟာကိုများ သိပ်နားလည်းရ ခက်နေသလား။ လက်ခံဖို့ သိပ်ခက်ခဲနေလို့လား။ သို့တည်းမဟုတ် ဘယ်လိုအခက်အခဲများ ရှိနေကြပါသလဲ။ ဘာကိုများ ညှိရခက်နေသလဲ - အဓိကအားဖြင့် နိုင်ငံရေးမှာ။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ အချက် (၂) ချက်ကို အဓိကပြောချင်ပါတယ်။ ပထမအချက်က တိုင်းရင်းသားများ တောင်းဆိုနေတဲ့ တိုင်းရင်းသားများကို နားလည်းပြီးတော့၊ အသိအမှတ်ပြုပြီးတော့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်ပါတယ်။ ဒါက ပထမအချက်ပေါ့။ ဒုတိယအချက်ကတော့ လက်တွေ့ညှိနှိုင်းတဲ့အပေါ်မှာ အခြေခံယူဆချက်တွေ အများကြီးကွာခြားမှု ရှိပါတယ်။ အဓိကအချက် ဒီ (၂) ချက်ကိုပဲ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဖယ်ဒရယ်ကို သူတို့ လက်မခံနိုင်တာလား။ နားမလည်းတာလား။ သို့တည်းမဟုတ် ဗိုလ်ချုပ်နေဝင်းလက်ထက်ကတည်းက ဒါက ပြည်ထောင်စုပြိုကွဲမယ်ဆိုတဲ့ ဝါဒဖြန့်သင်ကြားမှုတွေ သူတို့ခေါင်းထဲမှာ စွဲနေတာလား။ ဘယ်လို သုံးသပ်မိပါသလဲ။ ဗိုလ်ချုပ် သူတို့နဲ့ မကြာခဏ တွေ့နေရတော့။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ အဓိကတော့ ဖယ်ဒရယ်ကို လက်မခံချင်ဘူးလို့ပဲ မြင်ပါတယ်။ နားမလည်းတာတော့ မဖြစ်နိုင်ပါဘူး။ လက်မခံချင်တာပဲ ဖြစ်ပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ တချို့ကပြောကြတယ် ငြိမ်းချမ်းရေးအဖွဲ့ဝင်တွေ၊ အကျိုးဆောင်တွေ၊ ပုဂ္ဂိုလ်တွေက သူတို့ လက်ခံပါတယ်။ တချို့စစ်ဗိုလ်တွေတောင်မှ ဒါကို သဘောပေါက်ကြပါတယ်ဆိုပြီး ပြောနေကြပါတယ်။ အထူးသဖြင့် ဘယ်လို တွေ့ရပါသလဲ။ စစ်တပ်က လက်မခံတာလား။ အရပ်သားတချို့ နည်းနည်းပါတယ်ပေါ့။ သူတို့က လက်မခံတာလား။ ဒါမှမဟုတ် ဗမာလူထုအများစုကိုက ဖယ်ဒရယ် လက်မခံတဲ့ အယူအဆက ဗမာလူထုအများစုကို ကိုယ်စားပြုနေတယ် ထင်ပါသလား။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ ပြည်သူလူထုအားလုံးကတော့ ဖယ်ဒရယ်ကို လက်ခံတယ်လို့ ကျနော် နားလည်းတယ်။ အခု ကျနော်တို့ NCCT က ရေးဆွဲတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မှုကြမ်းမှာ အပစ်အခတ်ရပ်စဲရေး ပြီးတဲ့နောက်ပိုင်း ဆွေးနွေးမှုမှာ ဖယ်ဒရယ်ကို ဆွေးနွေးဖို့ တင်ပြထားတယ်။ အစိုးရကပြန်ပြီး ရေးဆွဲတဲ့ text ထဲမှာတော့ ဖယ်ဒရယ်ဆိုတဲ့ စကားလုံ တနေရာမှ သုံးမထားတာကို တွေ့ရတယ်။ ဒါကြောင့်မို့ ဒီဖယ်ဒရယ်ကို အစိုးရက လက်မခံနိုင်ဘူးဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့သုံးသပ်သူတွေကတော့ အခု ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ဇယားတွေ ခွဲထားတယ်။ ဖယ်ဒရယ်ပြည်ထောင်စုတွေ လုပ်တဲ့အတိုင်း ဇယား (က) မှာပါတာက ဘယ်သူလုပ်ပိုင်ခွင့်။ ..ထဲမှာပါတာက ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့် စသဖြင့် အဲဒီလို ပုံစံက ရှိနေပြီသား။ အဲဒီမှာ လုပ်ပိုင်ခွင့်ကိုသာ ညှိပြီးတော့ ပိုပြီပေးလိုက်နိုင်ရင် ဖယ်ဒရယ်ပုံစံမျိုး ဖြစ်သွားနိုင်တယ်လို့ တချို့က ပြောကြပါတယ်။ အဲဒီအပြင် ပြည်နယ်အလိုက် အစိုးရအာဏာပိုင်ကို ပြည်နယ်လွှတ်တော်က ရွေးကောက်တင်မြှောက်ခွင့် ဒါတွေ တနေ့ရရှိလာရင် ဖြစ်သွားနိုင်တယ်လို့လည်း ပြောကြပါတယ်။ ဖွဲ့စည်းပုံဘောင်အတွင်းကပဲ အဲဒါကို လွှတ်တော်ထဲက လုပ်ရင်လည်း ဖြစ်မယ်ဘာညာဆိုပြီး သူတို့မူနဲ့ သူတို့ပြောကြတယ်။ ဗိုလ်ချုပ် အဲဒါကို ဘယ်လောက် အယုံအကြည် ရှိပါသလဲ။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ ၂၀၀၈ ဖွဲ့စည်းပုံကို တချို့ပညာရှင်တွေက ဖယ်ဒရယ်ပုံစံ ဖွဲ့စည်းပုံ ဖြစ်တယ်လို့ပြောတယ်။ ဇယားအရ format အရတော့ အခြေခံယူဆလို့ ရခြင်းရမှာ ဖြစ်ပါတယ်။ သို့သော်လဲ ဒီထဲမှာ ပါဝင်တဲ့ သတ်မှတ်ချက်တွေ၊ စံနှုန်းတွေ၊ အာဏာခွဲဝေမှုတွေအရဆိုရင်တော့ ကျနော်တို့က ဖယ်ဒရယ်စနစ်ကို ပီပီပြင်ပြင် ပုံမဖော်နိုင်ဘူးလို့ပဲ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု မြန်မာနိုင်ငံမှာ စောစောက ဗိုလ်ချုပ်ကပြောတယ် ဖယ်ဒရယ်ကို ပြည်သူအများစုက လက်ခံတယ်ဆိုတော့ တခြားပြည်မက နိုင်ငံရေးပါတီတွေ တည့်တည့်ပြောရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားတွေအရေးနဲ့ ပတ်သက်ပြီး ဘယ်လောက် တိုင်းရင်းသားတွေဖက်က လိုလားချက်ကို နားလည်းသဘောပေါက်၊ လက်ခံတယ်လို့ သုံးသပ်မိပါသလဲ။ အဓိကအားဖြင့် ဖယ်ဒရယ်ဆိုတဲ့ ကိစ္စမျိုးကို NLD လို အဖွဲ့အစည်းမျိုးက တရားဝင်လက်ခံတယ်လို့ ပြောတာများ ကြားဖူးပါသလား။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ တရားဝင်ထုတ်ပြန်တာတော့ မကြားဖူးဘူး။ သို့သော်လဲ မိန့်ခွန်းတွေမှာ ကြည့်လို့ရှိရင် လက်ခံတယ်လို့ ဒီလိုပဲ သဘောပေါက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တိုင်းရင်းသားတွေအပေါ် သဘောထားကို ဗိုလ်ချုပ်တို့အနေနဲ့ လက်ခံနိုင်တယ်ဆိုတဲ့ သဘောလား။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ တိုင်းရင်းသားတွေရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်းနဲ့ ဖော်ပြတာမျိုးတော့ မတွေ့ရသေးဘူး။ သို့သော်လဲပဲ တိုင်းရင်းသားတွေအရေးကို NLD လို ပါတီကြီးတွေကတော့ လက်ခံလိမ့်မယ်လို့ ဒီလိုပဲ မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့ ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ရောက်တုန်းက LSE မှာ ကချင်ကျောင်းသားတချို့ထပြီး ဆွေးနွေးတာကြားပါတယ်။ အဲဒီတုန်းက ကချင်ပြည်နယ်မှာ စစ်ပြေးဒုက္ခသည်တွေ ဒုက္ခရောက်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ တခွန်းမှ မပြောပါလားလို့ ပြောပါတယ်။ ဆိုတော့ အဲဒီလိုအမြင်မျိုး ကချင်ပြည်နယ်က လူတွေမှာ တကယ်ပဲ ရှိကြပါသလား။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ ကချင်လူထုထဲမှာ ရှိနိုင်ပါတယ်။ ကေအိုင်အိုထဲမှာတော့ မရှိဘူး။ မရှိဘူးဆိုတာ ကေအိုင်အို အနေနဲ့ကတော့ NLD သော်လည်းကောင်း တခြားသောပါတီများကသော်လည်းကောင်း ကချင်များအရေးကို ပြောတယ်မပြောဘူးဆိုတာကို ကျနော်တို့က တခါမှ ထည့်မစဉ်းစားမိဘူး။

ဦးကျော်ဇံသာ ။ ။ သူက တခါကမ်းလှမ်းတယ်။ ကျနော်တို့ဆီလာတုန်းက အင်တာဗျူးလုပ်တုန်းက။ တိုင်းရင်းသားတွေနဲ့ ဖြစ်တဲ့ပဋိပက္ခမှာ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးပါဝင်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ပေးရင် ကောင်းမယ်လို့ လူထုက သုံးသပ်ကြတယ်။ ဒေါ်စု ဘယ်လိုသဘောရပါသလဲဆိုတော့ သူက ဘာပြောသလဲဆိုတော့ နှစ်ဖက်စလုံးက လိုလိုလားလား ဖိတ်ခေါ်ရင် ကျမ အဆင်သင့်ပဲလို့ ဆိုပါတယ်။ နောက် ကျနော် ကြားသိရတဲ့တခုက ဆွေးနွေးပွဲတခုမှာ ဒေါ်အောင်ဆန်းစုကြည်လို ဖိတ်ဖို့ကို တချို့က လိုလားကြတယ်လို့ ပြောပါတယ်။ တချို့ကလည်း မဖိတ်လိုကြဘူး။ ဖိတ်ဖို့ဘာမှ မပြောဘူးဆိုပြီးတော့ ပြောသံကြားရပါတယ်။ အဲဒီလို ဖိတ်ဖို့မပြောဘူးဆိုတဲ့အထဲမှာ ကေအိုင်အေဖက်ကလည်း ပါတယ်လို့ ထင်ပါတယ်။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ ကေအိုင်အိုဖက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ဖို့မဖိတ်ဖို့ ဆိုတာထက် အပစ်အခတ်ရပ်စဲရေးတွေ လုပ်ပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦးတို့လို ပုဂ္ဂိုလ်မျိုးတွေပါဖို့အတွက် စီမံချက်တွေ ရှိပါတယ်။ ဒီလိုအချိန်မှာ ပါဝင်သင့်တယ်လို့လည်း ကေအိုင်အို က ခံယူပါတယ်။

ဦးကျော်ဇံသာ ။ ။ အပစ်အခတ်ရပ်စဲရေးကို နည်းနည်းပြန်ကောက်ရရင် စောစောက ဗိုလ်ချုပ်ပြောတယ် အခု ဧပြီနောက်ပိုင်းမှာ ဖြစ်လာတဲ့ ပဋိပက္ခတွေကြောင့် အတော်လေး အလှမ်းဝေးသွားတယ်။ ယုံကြည်မှုတည်ဆောက်ထားတာ ပျက်သွားတယ်လို့ ပြောပါတယ်။ ပြန်လည်တည်ဆောက်နိုင်ဖို့ အလားအလာကော ရှိပါရဲ့လား။ ဘယ်လောက်လောက်မှာ ဖြစ်နိုင်မယ် ထင်ပါသလဲ။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ ယုံကြည်မှု တည်ဆောက်ရေးကတော့ ဆက်တိုက်လုပ်ရမှာပါ။ အဲဒီတော့ ဒီတိုက်ပွဲတွေ တခါလုပ်လိုက်တိုင်း အရင်တည်ဆောက်ထားတဲ့ ယုံကြည်မှုက တော်တော်လျော့သွားပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့ကတော့ တိုက်ပွဲဖြစ်ရတာဟာ ဗမာတပ်မတော်နဲ့ သမ္မတကို ခွဲခြားပြီး ပြောကြတယ်။ သမ္မတက တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်။ သို့ပေမယ့် သူ့ရဲ့ ညွှန်ကြားချက်ကို အောက်ခြေတပ်မှုးတွေ၊ စစ်တပ်က လက်မခံဘူးလို့ ပြောကြပါတယ်။ အဲဒါကော ဘယ်လောက်မှန်တယ်လို့ သုံးသပ်မိပါသလဲ။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ ကျနော်တို့ ကေအိုင်အိုကတော့ အဲဒီလို သုံးသပ်ချက်မျိုး မထားဘူး။ သမ္မတဆိုတာ တနိုင်ငံလုံးမှာ အားလုံးရဲ့ခေါင်းဆောင် ဖြစ်ပါတယ်။ အဲဒီတော့ သမ္မတရဲ့ စကားကို နားထောင်တယ်။ နားမထောင်ဘူးဆိုတာကို ကျနော်တို့က ဝေဖန်သုံးသပ်စရာ မလိုဘူး။ အားလုံးက သမ္မတရဲ့ စကားကို သူ့ရဲ့ အစိုးရအဖွဲ့အစည်းနဲ့ တပ်တို့က နားထောင်ဖို့ လိုပါတယ်။ ဒါကြောင့်မို့လို့ အောက်ခြေက အဖွဲ့တွေက လက်မခံတာ သမ္မတအပေါ်မှာ တာဝန်ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီလိုကိစ္စမျိုးကို ဗိုလ်ချုပ်တို့အစိုးရ ငြိမ်းချမ်းရေးကောင်စီတို့နဲ့ ဆွေးနွေးကြတဲ့အခါမှာ တင်ပြတာရှိမယ် ထင်ပါတယ်။ သူတို့ အဲဒီကိစ္စကို ဘယ်လိုပြောပါသလဲ။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ ကျနော်တို့ ဒီအမြင်ကတော့ ဒီအတိုင်းပဲ ထားပါတယ်။ အစိုးရလို့ ပြောလိုက်ရင် ကျနော်တို့က ထိပ်ဆုံးမှာ သမ္မတတာဝန်ရှိတယ်။ သမ္မတရဲ့ လုပ်ပိုင်ခွင့်၊ သမ္မတကို နားခံမှုက အားလုံး ရှိသင့်တယ်လို့ ဒီအယူအဆကိုပဲ အဓိက ဆွေးနွေးပါတယ်။

ဦးကျော်ဇံသာ ။ ။ ကေအိုင်အိုရဲ့ ခံယူချက်က အပစ်အခတ်ရပ်စဲရေးဆိုတာ အရေးမကြီးဘူး။ ငြိမ်းချမ်းရေး၊ နိုင်ငံရေးသဘောတူညီချက်ရရင် အပစ်အခတ်ရပ်စဲရေးက အလိုလိုလိုက်လာနိုင်မှာပဲလို့ ခံယူထားတယ်လို့ ကျနော် နားလည်းပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ဗိုလ်ချုပ်ဂွမ်မော်အနေနဲ့ တကယ်လို့ လက်ခံတယ်၊ လက်မခံတာထား၊ ဗိုလ်ချုပ်က ပုဂ္ဂိုလ်ရေးအားဖြင့်၊ လေ့လာသူအဖြစ် တက်ရောက်နိုင်တယ်ဆိုတဲ့ သဘောမျိုး ပြောတယ်လို့ ထင်ပါတယ်။ ဆိုတော့ အခု ဧပြီမှာဖြစ်တဲ့ ပဋိပက္ခတွေနောက်ပိုင်းမှာ ဗိုလ်ချုပ်ရဲ့ အဲဒီရပ်တည်ချက်ကို ပြန်လည်ရုတ်သိမ်းပါသလား။ အခုအခြေအနေမှာ သူတို့ ဆက်လက်ရှေ့ဆက်တိုးပြီးတော့ အပစ်အခတ်ရပ်စဲရေးလုပ်ကြရင် ဗိုလ်ချုပ်အနေနဲ့ တက်ရောက်ဖို့ ရည်ရွယ်ချက် ရှိပါသေးသလား။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ ကျနော်က NCCT ရဲ့ အဖွဲ့ဝင်ဖြစ်တယ်။ အဲဒီတော့ NCCT ရဲ့ တာဝန်အရ ရန်ကုန်ကို ကျနော်တို့သွားတယ်။ သို့သော်လဲ ကျနော်တို့ဆီမှာ တိုက်ပွဲတွေ ဒီထက်ပြင်းထန်လာရင်တော့ NCCT အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ရန်ကုန်ကိုသွားဖို့ ကိစ္စကို ပြန်ပြီးသုံးသပ်မယ့်အစီအစဉ်တွေ ကျနော်တို့ဆီမှာ ရှိပါတယ်။
XS
SM
MD
LG