သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအာဏာသိမ်းမှုမှ ရနိုင်တဲ့ သင်ခန်းစာ


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာသုံးသပ်ချက် အစီအစဉ်မှာ ထိုင်းနိုင်ငံရဲ့ လက်ရှိအခြေအနေက မြန်မာပြည်သူတွေ ဘယ်လိုသင်ခန်းစာတွေ ရယူနိုင်ပါသလဲ။ ပါမောက္ခ စတိုင်ဘတ် (Steinberg) ကတော့ မြန်မာနိုင်ငံမှာ အစိုးရကောင်းတရပ်ရှိပြီး၊ တိုင်းရင်းသားပြဿနာကို ညှိညှိနှိုင်းနှိုင်း ဖြေရှင်းနိုင်ရင် ထိုင်းနိုင်ငံကို ကျော်တက်နိုင်မယ့်အလားအလာရှိတယ်လို့ သုံးသပ်ပြောဆိုပါတယ်။ ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ Professor Steinberg အခုအချိန်မှာ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပါတယ်။ စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ ဒီမိုကရေစီလမ်းကြောင်းကနေ နောက်ပြန်ဆုတ်သွားတယ်လို့ ယေဘုယျအားဖြင့် လူတိုင်းလက်ခံကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီလို စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ အခုအချိန်အထိတော့ မရှိသေးဘူးပေါ့။ ဆိုတော့ လောလောဆယ်မှာ နှစ်နိုင်ငံ ယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်ထွန်းရေး အလားအလာက ထိုင်းထက် အခြေအနေကောင်းတယ်လို့ပြောရင် မှန်ပါသလား။

David Steinberg ။ ။ အခြေခံ ကွဲလွဲချက်တခု ရှိပါတယ်။ မြန်မာနိုင်ငံက အလားအလာပိုကောင်းတယ်ဆိုရင် အထူးအဆန်လို့ ထင်ကြပါလိမ့်မယ်။ ထိုင်းနိုင်ငံမှာ အာဏာတည်ဆောက်မှု အဆင့်ဆင့် ကွဲလွဲနေပါတယ်။ ဘုရင်နန်းတော်အပြင် အာဏာကို အစဉ်အဆက် တည်ဆောက်ထားပါတယ်။ ဒါဟာ ထိုင်းနိုင်ငံမှာ သိပ်အရေးကြီးတဲ့ကိစ္စပါ။ ဒီနေရာမှာ အနီဝတ်တွေဟာ အာဏာလုယူသွားခြင်း ခံရသူတွေဖြစ်ပြီး၊ အစဉ်အဆက် ဖြတ်တောက်ခံထားရသူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအခြေအနေကတော့ ဒါနဲ့ လုံးဝမတူပါဘူး။ ဗြိတိသျှတွေ ဘုရင်စနစ်ကို ၁၈၈၅ မှာ ဖျက်သိမ်းခဲ့ပြီချိန်ကစပြီး အာဏာအစဉ်အဆက် တည်ဆောက်မှုက ဆုံးခန်းတိုင်သွားခဲ့ပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံဟာ ပိုမိုပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ လူထုထဲက ပေါက်ဖွားလာတာပါ။ ဒါပေမဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို လူတွေက ကြိုက်ချင်မှကြိုက်မှာပါ။ ဒါပေမဲ့ စစ်တပ်ဟာ ပြည်သူနဲ့ ပြန်လည်ပေါင်းစပ်နိုင်မယ့် အလားအလာဟာ ထိုင်းနိုင်ငံမှာထက် မြန်မာနိုင်ငံမှာ ပိုပြီးလွယ်ကူမယ်လို့ ကျနော် ထင်ပါတယ်။ မြန်မာနိုင်ငံဟာ ထိုင်းထက် ပိုမိုထူးခြားတဲ့ အလားအလာရှိတယ်လို့ ကျနော် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာလည်း စစ်တပ်ကပဲ သူတို့ စစ်သားမျိုးဆက်အလိုက် တဆင့်ပြီးတဆင့် အာဏာလွှဲပြောင်းနေကြတာ မဟုတ်ဘူးလား။

David Steinberg ။ ။ ဒါက အရင်တုန်းက ဖြစ်နေခဲ့တာတော့ မှန်ပါတယ်။ စစ်တပ်အရာရှိကြီးတွေရဲ့ သားမြေးတွေကပဲ စစ်တက္ကသိုလ်ကို အဓိက တက်ရောက်ခဲ့ကြတာပါ။ ဒါပေမဲ့ ဒါဟာ တဖြည်းဖြည်းပြောင်းလဲလာနေပြီလို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာ တက္ကသိုလ်တွေကို ကာလတာရှည် ဖိထားခဲ့တော့ နဝတ၊ နအဖခေတ်မှာ အကောင်းဆုံးပညာရေးဆိုလို့ စစ်တက္ကသိုလ်ပဲ ရှိခဲ့တယ်ဆိုတာကိုကြည့်ပါ။ ဒါကို ပြောရတာ စိတ်မကောင်းပေမယ့် ဒါက အမှန်တရားပါပဲ။ နောက်တချက်ကတော့ အခုအခါ တိုင်းပြည်က ပွင့်လင်းလာတော့ စစ်တပ်အရာရှိကြီးတွေ သားသမီးတွေအဖို့ ဒီစစ်တက္ကသိုလ်အပြင် ဘဝတက်လမ်းအတွက် တခြားအလားအလာတွေ အများကြီး ရှိလာပါတယ်။ စီးပွားရေးအခွင့်အလမ်းတွေ၊ နိုင်ငံရေးအခွင့်အလမ်းတွေ၊ ပညာရေးအခွင့်အလမ်းတွေ၊ လူမှုရေး၊ စေတနာဝန်ထမ်းလုပ်ငန်းတွေဟာ အဲဒီ စစ်တပ်သားသမီးတွေကို ပြန့်နံှ့သွားစေမှာ ဖြစ်ပါတယ်။ အရင်ကလို စစ်တပ်ထဲပဲ သွားကြတဲ့အခြေအနေကို လျော့ပါးသွားစေမယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ထိုင်းနိုင်ငံကိစ္စကို နည်းနည်းပြန်ကောက်ချင်ပါတယ်။ ထိုင်းနိုင်ငံမှာ ဘုရင်ရှိနေခြင်းက နိုင်ငံတည်ငြိမ်ဖို့အတွက် အထောက်အပံ့ဖြစ်စေတယ်။ Element of Stability လို့ တချို့က သုံးသပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းကြည့်တော့ ပြည်သူတွေဟာ ကိုယ့်ကိုယ်ကို အားကိုးချင်စိတ် မရှိအောင်၊ အားကိုးဖို့ မလိုအောင် ဖန်တီးထားတယ်လို့လည်း တဖတ်က မြင်ကြပါတယ်။ အခုအခြေအနေမှာ ဘယ်လို ရှိနေပါသလဲ။ ဆရာကြီး ဘယ်လို သုံးသပ်လိုပါသလဲ။

David Steinberg ။ ။ တချိန်တုန်းက ဘုရင်ရှိနေတာဟာ နိုင်ငံတည်ငြိမ်ရေးအတွက် အထောက်အပံ့တရပ် ဖြစ်ခဲ့ပါတယ်။ ကျနော် ခုနှစ်အတိအကျကို မမှတ်မိဘူး ဖြစ်နေတယ်။ ဘုရင်ဟာ ပြိုင်ဖက်စစ်ဗိုလ် နှစ်ယောက်ကိုခေါ်ပြီး တိုက်ခဲ့နေတာရပ်ကြတော့။ အတူပူးပေါင်း လုပ်ဆောင်ကြဆိုပြီး ညွှန်းကြားခဲ့ပါတယ်။ အဲဒါမျိုး ဘုရင်က လုပ်နိုင်ပါတယ်။ အခုတော့ သူဟာ မလုပ်နိုင်တော့ပါဘူး။ သိပ်ကို နားမကျန်း ဖြစ်နေပါပြီ။ ထီးနန်းဆက်ခံရေးဟာ သီးခြားကိစ္စတရပ်ပါ။ ဒါပေမဲ့ သိပ်အရေးကြီးတဲ့ကိစ္စတခုလည်း ဖြစ်ပါတယ်။ တဖက်မှာတော့ မြန်မာနိုင်ငံအဖို့ ပြုပြင်ပြောင်းလဲမှုတွေသာ ရှေ့ဆက်ဖြစ်သွားမယ်ဆိုရင် လက်ရှိ အလားအလာ ပိုကောင်းနေပါတယ်။

ဦးကျော်ဇံသာ ။ ။ တချိန်က ထိုင်းနိုင်ငံမှာ ဆီနိတ်တာတယောက်လည်းဖြစ်၊ Liberal Constitution လို့ခေါ်တဲ့ constitution ကို ပါဝင်ရေးဆွဲခဲ့တဲ့ ပုဂ္ဂိုလ်တဦးလည်းဖြစ်တဲ့ ထမာဆထ် (Thammasat) တက္ကသိုလ်က ဥပဒေပါမောက္ခတယောက်ကို ကျနော် အင်တာဗျူးလုပ်ခဲ့ဘူးပါတယ်။ သူပြောတာက သူတို့ဟာ အဲဒီ liberal constitution ထဲမှာ အစိုးရကို အာဏာတွေ ပုံအောပြီးပေးထားခဲ့ပါတယ်တဲ့။ အဲဒါဟာ စစ်တပ်အာဏာသိမ်းမှု မဖြစ်စေချင်လို့ သိပ်အင်အားကြီးတဲ့ အရပ်သားအစိုးရ ဖြစ်စေချင်လို့ လုပ်ထားတာလို့ ဆိုပါတယ်။ ဒါပေမဲ့ သူ သုံးသပ်တာက ဒီအခွင့်အရေးကို သက်ဆင် ရှင်နဝပ် (Thaksin Shinawatra) က ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဆိုတော့ ဒါကိုကြည့်ပြီးတော့ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာလို့ ဆိုနိုင်ပါသလား။ အခုဖြစ်နေတဲ့ ပြဿနာကို အဲဒါနဲ့ တဆက်တည်း။

David Steinberg ။ ။ ဒါဟာ ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာပါ။ အခြေခံကတော့ ဒီဖွဲ့စည်းပုံကို ဖျက်သိမ်းပြီး စစ်တပ်က အာဏာသိမ်းလိုက်တာပါ။ Liberal ဖွဲ့စည်းပုံကို ဖျက်သိမ်းလိုက်တာပါ။ အဝါဝတ်တွေက လူထုကို မယုံကြည်ဘူးဆိုပြီး လုပ်ကြတာပါ။ လူတွေက မဲပေးကြပါတယ်။ ဒါပေမဲ့ အစိုးရဟာ ပေးချင်တဲ့ ကတိကဝတ်တွေ ပေးပြီး၊ အကောင်အထည် မဖော်နိုင်ကြပါဘူး။ ဒါက ဒီမိုကရေစီကို အလွဲသုံးစားလုပ်တာပါ။ ဒါကြောင့် တာဝန်ပေးခန့်အပ်တဲ့၊ သန့်ပြန့်တယ်၊ တကယ် စီမံအုပ်ချုပ်နိုင်တဲ့ အစိုးရတရပ်ကို လိုချင်တယ်။ လူထုက လွတ်လွတ်လပ်လပ် မဲပေးတယ်ဆိုတာကိုလည်း မယုံကြည်ဘူးဆိုပြီး အဝါဝတ်တွေဖက်က လုပ်လာကြပါတယ်။ အနီဝတ်တွေကြတော့ ဒီလိုမဟုတ်ဘူး။ ဒီမိုကရေစီကို ယုံကြည်တယ်။ မဲတပြားချင်းစီကို လေးစားကြရမယ်ဆိုပြီး လုပ်ကြပါတယ်။ အခြေအနေက သိပ်မတည်မငြိမ် ဖြစ်နေကြပါတယ်။ တကယ်တော့ ထိုင်းစစ်တပ်ဟာ ဒီတကြိမ်မှာ တကယ် အာဏာမသိမ်းချင်ဘူးလို့ ထင်ပါတယ်။ နှစ်ဖက်ပြေလည်အောင် ညှိနှိုင်းကြစေချင်ပေမယ့် မဖြစ်လာခဲ့ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီအခြေအနေမျိုးဟာ မြန်မာနိုင်ငံမှာလည်း ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ပြဿနာတက်နေတဲ့အချိန်။ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ တောင်းဆိုနေချိန် ဖြစ်ပါတယ်။ အခုလက်ရှိ အခြေအနေဟာ။ ဆိုတော့ အခု ထိုင်းမှာ ဖြစ်နေတဲ့ကိစ္စမှာ မြန်မာနိုင်ငံအနေနဲ့ သင်ခန်းစာယူနိုင်တဲ့ အချက်များ ရှိပါသလား။

David Steinberg ။ ။ သင်ယူနိုင်တဲ့အချက် ရှိပါတယ်။ အဲဒါကတော့ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းပုံတွေ အများအပြား ရှိခဲ့ပါတယ်။ စစ်တပ်က တခါစီ အာဏာသိမ်းတိုင်း ဖွဲ့စည်းပုံသစ်တမျိုးစီ လုပ်ခဲ့ကြပါတယ်။ အတိအကျ မဟုတ်ပေမယ့် အဲဒီသဘောပါပဲ။ ဒီနေရာမှာ သင်ခန်းစာကတော့ ဖွဲ့စည်းပုံဥပဒေကို လေးစားလိုက်နာမှု ရှိဖို့ပါ။ ဒါ့အပြင် ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းတရပ်လည်းရှိဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာက ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတာက အရမ်းကို ခက်ခဲနေပါတယ်။ ခင်များ သိတဲ့အတိုင်းပါပဲ။ အချိန်ကာလကြာမြင့်လာတာနဲ့အမျှတော့ ပြောင်းလဲလာရမှာ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်လား။ အဲဒီနောက်မှာလားဆိုတာတော့ မသိနိုင်ပါဘူး။ ပုဒ်မတခုချင်းကိုသာမက ဖွဲ့စည်းပုံတခုလုံးကို ပြင်မယ့်အလားအလာလည်း ရှိလာရမှာပါ။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာလည်း ဖွဲ့စည်းပုံပေါင်း (၃) ခု ရှိခဲ့ပါပြီ။ ပထမ (၂) ခုကတော့ ၁၄ နှစ်စီပဲ ခံပြီးတော့ စစ်တပ်က အာဏာသိမ်းပြီး ဖျက်ဆီးခဲ့တယ် မဟုတ်လား။

David Steinberg ။ ။ လွတ်လပ်ရေးခေတ် ဖွဲ့စည်းပုံလို့ ဆိုနိုင်ပေမယ့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ ရှိခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်ထိ တည်မြဲခဲ့ပါတယ်။ ၁၉၇၄ ကြတော့ တပါတီ ဆိုရှယ်လစ်ဖွဲ့စည်းပုံ ရှိလာပါတယ်။ ဒီမိုကရေစီမဆန်တဲ့ ဖွဲ့စည်းပုံလို့ ခေါ်နိုင်ပါတယ်။ ၁၉၈၈ အထိ တည်ခဲ့ပါတယ်။ အခုလက်ရှိ ဖွဲ့စည်းပုံကတော့ ၂၀၀၈ မှာ လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုခဲ့တာပါ။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုတယ်ဆိုတာ မမှန်ဘူးခင်များ။ အဲဒါ အစစ်အမှန် လူထုဆန္ဒခံယူပွဲဟာ။ အတုအယောင်သာ ဖြစ်တယ်ဆိုတာကို ကျနော်တို့ ထည့်ပြောရမယ် ထင်ပါတယ်။

David Steinberg ။ ။ ဒါက ကြိုက်သလို ချယ်လှယ်ထားတဲ့ ဆန္ဒခံယူပွဲပါ။ ၉၂.၄ ရာခိုင်နှုန်း အတည်ပြုတယ်ဆိုတာ ကျနော့်သဘော ပြောရရင်တော့ စတာလင်ခေတ် ဆိုဗီယက်ပြည်ထောင်စုမှာပဲ တွေ့ခဲ့ရတဲ့ ဆန္ဒခံယူပွဲမျိုးပါပဲ။ မြောက်ကိုရီးယားမှာလည်း တွေ့နိုင်ပြီး၊ တခြားနေရာတွေမှာ မတွေ့နိုင်ပါဘူး။ ဒါမျိုးဟာ ဂုဏ်သိက္ခာရှိတဲ့ ဆန္ဒခံယူပွဲ မဟုတ်ပါဘူး။ ခင်များပြောတာ ကျနော် သဘောတူပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံတခုလို အသုံးမကျဘူးလို့ မဆိုနိုင်ဘူး။ ဒီမိုကရေစီနည်းကျကျ အသိအမှတ်ပြုခဲ့တာ မဟုတ်ပေမယ့်၊ ဖွဲ့စည်းပုံတခုဆိုတာကို လေးစားရမယ်၊ ယုတ္တိတန်တဲ့နည်းနဲ့ ပြင်ဆင်နိုင်တဲ့ အခြေအနေလည်း ရှိရပါမယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေမှာ ဖွဲ့စည်းပုံတခု တည်တန့်ခိုင်မြဲဖို့ဆိုတာ အဓိက အကျဆုံး ဘယ်အရာ လိုအပ်ပါသလဲ။ ပြည်သူတွေရဲ့ နိုင်ငံရေးရင့်ကြတ်မှုလား။ ဒါမှမဟုတ် ဥပဒေကို လေးစားလိုက်နာတတ်တဲ့ ဓလေ့လား။ ဒါမှမဟုတ် ဆရာကြီး ဘာများ ဆက်ပြောချင်ပါသလဲ။

David Steinberg ။ ။ တရားဥပဒေကို လေးစားလိုက်နာတတ်ကြဖို့ လိုအပ်ပါတယ်။ အာဏာတက်လာတဲ့ အစိုးရတရပ်ရပ်က အာဏာတည်မြဲရေးအတွက် ပြဌာန်းထားတဲ့ ဥပဒေကိုသာမကပါဘူး၊ တရားဥပဒေကို လေးစားမှု၊ တရားဥပဒေရဲ့ အနှစ်သာရနဲ့ တရားဥပဒေဖော်ဆောင်ရေးဆိုတာတွေကလည်း ပေါ်ထွန်းဖို့ဆိုတာ အချိန်ကြာမြင့်တတ်ပါတယ်။ ညတွင်းချင်းလုပ်လို့ မရနိုင်ပါဘူး။ သူအလိုလို သဘာဝအလျောက် ဖြစ်လာတတ်တဲ့ကိစ္စမျိုးလို မဟုတ်ပါဘူး။ သင်ယူလုပ်ယူရတဲ့ကိစ္စပါ။ မြန်မာနိုင်ငံမှာလည်း တရားဥပဒေ လေးစားမှု ဖြစ်ထွန်းဖို့ အချိန်ယူရမှာပါ။ လွယ်လင့်တကူတော့ မဖြစ်နိုင်ပါဘူး။ ဒီမိုကရေစီအတွက် ဒုတိယအရေးကြီးတဲ့အချက်ကတော့ Ability to compromise အပေးအယူလုပ်နိုင်တဲ့ စွမ်းရည်ပဲ ဖြစ်ပါတယ်။ အခုလက်တလော ထိုင်းနိုင်ငံမှာ ကြုံနေရတဲ့ပြဿနာဟာ အဝါဝတ်တွေနဲ့ အနီဝတ်တွေ အပေးအယူလုပ်ဖို့ ငြင်းဆန်နေကြတဲ့ကိစ္စ ဖြစ်ပါတယ်။ Compromise လုပ်တယ်။ အပေးအယူလုပ် ညှိနှိုင်းတယ်ဆိုတာ ဒီမိုကရေစီရဲ့ မရှိမဖြစ်တဲ့ အနှစ်သာရပါ။ ခက်တာက အပေးအယူလုပ်တယ်ဆိုတာဟာ ငါတို့ရဲ့ ရပ်တည်ချက်ကို ဆုံးရှုံးလိုက်ရခြင်းပဲလို့ လူတွေက ဆိုနေကြပါတယ်။ ဒါကို ကျနော် နားလည်းပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီသဘောအရ အများသဘောတူညီမှုရဖို့ဆိုတာ အပေးအယူနည်းနဲ့ပဲ ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဗမာလူမျိုးစုနဲ့ တိုင်းရင်းသားလူမျိုးစုကြား အပေးအယူလုပ်ကြမယ့် အခြေအနေ တွေ့နေရပါတယ်။ မျှော်လင့်ရပါတယ်။ ဖြစ်နိုင်ပါစေလို့ ကျနော် ဆုတောင်းနေပါတယ်။ အစိုးရဖက်ကရော၊ လူမျိုးစုဖက်ကပါ အပေးအယူလုပ်ကြရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ထိုင်းနိုင်ငံမှာ ပညာတတ်တွေ၊ မြို့ပေါ်က လူလတ်တန်းစားတွေ ဆိုပါစို့။ သူတို့က သတင်းလွတ်လပ်ခွင့်တို့၊ လူ့အခွင့်အရေးတို့ကို ပိုပြီးတော့ လိုလားပါတယ်။ ပိုပြီမြတ်နိုးတယ်။ ဒါပေမဲ့ ကျေးလက်နေ ပြည်သူတွေ၊ အောက်ခြေလူတန်းစားအများစုကတော့ သက်ဆင်တို့လို ပုဂ္ဂိုလ်တွေက ပြောခဲ့တဲ့ စီးပွားရေးမက်လုံးတွေ၊ စီးပွားရေးအစီအစဉ်တွေကို ပိုပြီး နှစ်သက်ကြတာကို တွေ့ရပါတယ်။ တနည်းအားဖြင့် ပြောရရင် ထိုင်းနိုင်ငံ လူ့အဖွဲ့အစည်းကိုယ်၌က နှစ်ပိုင်းကွဲနေတယ်ဆိုတာကို ကျနော် သုံးသပ်မိပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို အခြေအနေမျိုး ဖြစ်လာနိုင်မယ်လို့ ဆရာကြီး ထင်ပါသလား။

David Steinberg ။ ။ မြန်မာနိုင်ငံမှာတော့ အဲဒီလို ကွဲပြားမှုမျိုး မရှိသေးပါဘူး။ အချိန်ကြာရင် ဖြစ်လာနိုင်ပါတယ်။ မဖြစ်ပါစေနဲ့လို့တော့ ကျနော် မျှော်လင့်ပါတယ်။ ဟုတ်ပါတယ်။ လူမျိုးရေး ကွဲလွဲမှုရှိတာတော့ မှန်ပါတယ်။ ဒီနေရာမှာတော့ ထိုင်းနိုင်ငံထက် ပိုဆိုးပါတယ်။ ထိုင်းမှာ မူစလင်တွေ နေထိုင်တဲ့ တောင်ပိုင်းပြဿနာက အဓိကကျပါတယ်။ တခြားလူမျိုးစုတွေ ရှိပေမယ့် ပြဿနာဟာ မြန်မာပြည်မှာလောက် မပြင်းထန်ပါဘူး။ မြန်မာပြည်ရဲ့ လူမျိုးစုတွေဟာ အခုအချိန်အထိ လူတန်းစားကွဲပြားမှု မရှိဘဲ ညီညွှတ်နေပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လူတန်းစားကူးပြောင်းနိုင်တဲ့ အခွင့်အလမ်းတွေကို ကြည့်မယ်ဆိုရင် အားလုံးကို စစ်တပ်က ချုပ်ကိုင်ထားတာ တွေ့ရပါတယ်။ ဒါက ထိုင်းနဲ့ကွာပါတယ်။ ထိုင်းစစ်တပ်ဟာ လူမှုရေး တိုးတက်နိုင်တဲ့ လမ်းကြောင်းတွေကို ဘယ်တုန်းကမှ လက်ဝါးကြီးအုပ်ထားခဲ့တာ မရှိပါဘူး။ မြန်မာနိုင်ငံမှာတော့ ဗိုလ်ချုပ်နေဝင်းလက်ထက်ကစပြီး ဘဝအခြေအနေ တိုးတက်နိုင်တဲ့ အခွင့်အလမ်းအားလုံးကို စစ်တပ်ကသာ မောင်ပိုင်စီးထားခဲ့တာပါ။ အခုကြတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလမ်းပွင့်လာတော့ ခရိုနီတွေ ပေါ်ထွက်လာပါတယ်။ တဖြည်းဖြည်း ပညာရေးတိုးတက်ဖွံ့ဖြိုးလာနိုင်ပါတယ်။ ခရိုနီသားသမီးတွေ ပညာလည်း တက်လာမယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာ ဖြစ်သလို၊ ပြဿနာလည်း တက်လာနိုင်ပါတယ်။ ဒီနေရာမှာ မျှမျှတတ ဖွံ့ဖြိးမှုရှိဖို့ သိပ်အရေးကြီးပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတောင် ဒီလို ပြဿနာတွေက ရှိလာနေပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တဲ့ ပြဿနာတခုကတော့ တချိန်ချိန်မှာ မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံကို နိုင်ငံရေးအရ၊ စီးပွားရေး၊ လူမှုရေးသော်လည်းကောင်း ကျော်တက်သွားနိုင်မယ့် အလားအလာများ မြင်မိပါသလား။

David Steinberg ။ ။ ဖြစ်လာနိုင်မယ်လို့ ကျနော် ထင်ပါတယ်။ ထိုင်းမှာ စစ်အာဏာသိမ်းမှု ရှိပေမယ့် စီးပွားရေး၊ လူမှုရေး တိုးတက်တယ်။ တည်ငြိမ်ပါတယ်။ မြန်မာနိုင်ငံမှာကြတော့ စီးပွားရေး၊ လူမှုရေး နိမ့်ကျသွားတယ်။ တိုင်းရင်းသားပြဿနာတွေ ပိုကြီးထွားလာတယ် စသဖြင့်ပေါ့။ ဒါပေမဲ့ မြန်မာအစိုးရဟာ တိုင်းရင်းသားတွေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မယ်ဆိုရင် ထိုင်းနိုင်ငံကို ရေရှည်မှာ ကျော်တက်နိုင်မယ့် အလားအလာ ကျနော် မြင်မိပါတယ်။ ဒါပေမဲ့လဲ အင်မတန့် အင်မတန် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးမျိုး၊ အစိုးရမျိုး ရှိဖို့တော့ လိုအပ်ပါတယ်။ နှစ်ပေါင်းများစွာ ချွတ်ခြုံကျခဲ့တဲ့ ပညာရေးစနစ်ကနေ ပေါ်ထွက်လာတဲ့သူတွေ မဟုတ်ဘဲ။ တကယ့်ကို ခေတ်မီကောင်းမွန်တဲ့ ပညာရေးစနစ်ကနေ ပေါ်ထွန်းတဲ့မျိုးဆက် ဖြစ်ရပါလိမ့်မယ်။
XS
SM
MD
LG