သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရရဲ့ အာဆီယံအိပ်မက်


အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးဖွင့်ပွဲ မြန်မာသမ္မတ ဦးသိန်းစိန် တက်ရောက်။ (သြဂုတ် ၈၊ ၂၀၁၄)
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးဖွင့်ပွဲ မြန်မာသမ္မတ ဦးသိန်းစိန် တက်ရောက်။ (သြဂုတ် ၈၊ ၂၀၁၄)

လွန်ခဲ့တဲ့ သြဂုတ်လ အစောပိုင်းက အာဆီယံအသင်း တည်ထောင်တဲ့ (၄၇) နှစ်ပြည့် အခမ်းအနားနဲ့ (၄၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး နေပြည်တော်မှာ ကျင်းပပါတယ်။ ငြိမ်းချမ်းသာယာတဲ့ အာဆီယံအသိုက်အဝိုင်းဆီကို မမှိတ်မသုန် ချီတက်နေတာ (၈၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်လို့ လာမယ့်တနှစ်အတွင်း အားလုံးပြီးနိုင်လိမ့်မယ်လို့ ဦးသိန်းစိန် က ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကလည်း အာဆီယံအသိုက်အဝန်းကိုရောက်ဖို့ လက်တကမ်းသာ လိုတော့တယ်လို့ အားရပါးရ ပြောကြားသွားပါတယ်။ နားဝင်ပီယံ ဖြစ်စရာကောင်းတဲ့ စကားတွေပါ။

တခုတည်းသော စရိုက်လက္ခဏာ၊ တခုတည်းသော မျှော်မှန်းချက်နဲ့ တခုတည်းသော အသိုက်အဝန်းကို မကြာမီရောက်တော့မယ်လို့ ဦးသိန်းစိန် က ပြောပါတယ်။ တခုတည်းသော ဈေးကွက်နဲ့ ထုတ်လုပ်မှုအခြေခံဒေသကို မကြာမီ တွေ့မြင်ရတော့မယ်ဆိုတဲ့ သဘောပါ။ တခုတည်းသော ဈေးကွက်ဆိုတာ အပြောလွယ်သလောက် လက်တွေ့လုပ်ရခက်တဲ့ ကိစ္စပါ။ ကုန်ပစ္စည်းတွေ၊ ကုန်ထုတ်စွမ်းအားစုတွေနဲ့ ဝန်ဆောင်လုပ်ငန်းကို ပြည်တွင်းမှာ အသုံးပြုသလို အာဆီယံတခွင်မှာ လွတ်လပ်စွာ သုံးနိုင်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ မဖြစ်နိုင်သေးတာကို ရည်မှန်းထားတာမို့ စိတ်ကူးယဉ်ပန်းတိုင်လို့ ခေါ်နိုင်ပါတယ်။

အာဆီယံ (၁၀) နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကွာခြားချက်ကိုကြည့်ပြီး တခုတည်းသော ဈေးကွက်ဟာ မဖြစ်နိုင်သေးတာမို့ ရည်မှန်းချက်အဖြစ်သာ သဘောထားသင့်တယ်လို့ အာဆီယံ

စီးပွားရေးသုတေသနဌာနက မကြာမီကထုတ်ဝေခဲ့တဲ့ ASEAN Rising စာအုပ်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် တခုတည်းသော ဈေးကွက် ပေါ်ပေါက်ရေးကို စံပြရည်မှန်းချက်အဖြစ် သဘောထားတာက ပိုပြီး သဘာဝကျပါတယ်။ မကြာမီ အကောင်အထည်ပေါ်တော့မလိုလို မစားရဝခမန်း ပြောတာမျိုးဟာ ပြည်သူလူထုကို နားယောင်စေပါတယ်။ ၂၀၁၅ နှစ်ကုန်မှာ အာဆီယံအသိုက်အဝန်း အကောင်အထည် မပေါ်နိုင်ဘူးလို့ ပြောသူတွေထဲမှာ ADB အာရှဖွံ့ဖြိုးရေးဘဏ်က ပညာရှင်တွေလည်း ပါဝင်ပါတယ်။ ၂၀၂၅ လောက်ရောက်မှ တစိတ်တပိုင်း အကောင်အထည် ပေါ်နိုင်တယ်လို့ ADB ပညာရှင်တွက ခန့်မှန်းပါတယ်။

ဒါတောင် အကောက်အခွန်ကိစ္စမှာသာ အကောင်အထည်ပေါ်ဖို့ အလားအလာ ရှိနိုင်ပါတယ်။ ကံသေကံမ ဖြစ်လိမ့်မယ်လို့ မပြောနိုင်သေးပါဘူး။ ဥပမာ တနိုင်ငံနဲ့ တနိုင်ငံ ရုံးလုပ်ထုံးလုပ်နည်း မတူပါဘူး။ ဆိုရှယ်လစ် စနစ်ကျင့်သုံးခဲ့တဲ့ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ နဲ့ ဗိယက်နမ်မှာ လုပ်ရကိုင်ရခက်တဲ့ ကြိုးနီစနစ်တွေ ကျန်နေပါသေးတယ်။ အခွန်အကောက်နဲ့ မဆိုင်တဲ့ အခြားကန့်သတ်ချက်တွေလည်း ရှိနေပါတယ်။ ဥပမာ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှာစိုးလို့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိနေပါတယ်။ ဒီလို ကန့်သတ်ချက်တွေ ရှိနေတာဟာ အာဆီယံ စီးပွားရေးအသိုက်အဝန်း ပေါ်ပေါက်ရေးကို အဟန့်အတား ဖြစ်စေပါတယ်။ အာဆီယံနိုင်ငံတခုရဲ့ စည်းမျဉ်းကို မကျေနပ်ရင် အစိုးရအချင်းချင်း ညှိနှိုင်းဖြေရှင်းရပါတယ်။ သွင်းကုန်နဲ့ ပတ်သက်ပြီး အစိုးရအချင်းချင်း ဖြေရှင်းရတာ (၆၅) ကြိမ် ရှိပါပြီ။

၂၀၁၅ နှစ်ကုန်မှာ အာဆီယံ စီးပွားရေးအသိုက်အဝန်း အကောင်အထည်ပေါ်ဖို့ ကမ္ဘောဒီးယားဟာ အဆင့်သင့် မဖြစ်သေးဘူးလို့ အလုပ်သမားရေးဝန်ကြီးဌာန အရာထမ်း Chuop Narath က မကြာမီက ပြောဆိုသွားပါတယ်။ ၂၀၁၂ မှာ ကမ္ဘောဒီးယားရဲ့ အသားတင်ထုတ်လုပ်မှုဟာ အမေရိကန်ဒေါ်လာ သန်း (၁၄၀၀၀) ကျော် ရှိပါတယ်။ လာအိုက သန်း (၉၀၀၀)၊ မြန်မာက သန်း (၅၀၀၀၀) ကျော်၊ ဗိယက်နမ်က တစ်သိန်းလေးသောင်းကျော် ရှိပါတယ်။ ထိုင်းရဲ့ အသားတင်ထုတ်လုပ်မှုက မြန်မာထက် (၇) ဆ ပိုများပါတယ်။ မလေးရှားက မြန်မာထက် (၆) ဆ ပိုများပြီး၊ စင်္ကာပူက (၅) ဆ၊ အင်ဒိုနီးရှားက (၁၇) ဆ ပိုများကြပါတယ်။ အာဆီယံနိုင်ငံတွေမှာ ဆင်းရဲချမ်းသာ ကွာဟမှုရော၊ ယဉ်ကျေးမှု ကွာဟမှုတွေရော ကြီးမားပါတယ်။ ဒီလို အခြေအနေမှာ တခုတည်းသော ဈေးကွက်ပေါ်လာရင် ဆင်းရဲတဲ့နိုင်ငံက ရှုံးဖို့များတယ်လို့ ခန့်မှန်းကြပါတယ်။

စီးပွားရေးလုပ်ငန်းတွေ ဖြတ်သန်းရတဲ့ လုပ်ထုံးလုပ်နည်းဟာ အာဆီယံ (၁၀) နိုင်ငံမှာ တူညီကြတာ မဟုတ်ပါဘူး။ ရုံးလုပ်ထုံး အဆင့် (၃) ဆင့်သာလိုတဲ့ နိုင်ငံရှိသလို (၁၅) ဆင့်လောက် လိုအပ်တဲ့ နိုင်ငံလည်း ရှိပါတယ်။ ဥပမာ မြန်မာပြည်မှာဆိုရင် အစိုးရသဘောတူညီချက်ရယူဖို့ လိုအပ်တာတွေ အလွန်များပါတယ်။ ဒါကြောင့် ကမ္ဘာ့ဘဏ်စာရင်းကိုကြည့်ရင် အာဆီယံ (၁၀) နိုင်ငံမှာ စီးပွားရေးလုပ်ရတာ အခက်ဆုံးနိုင်ငံဟာ မြန်မာ ဖြစ်နေပါတယ်။ နယ်ခြားဖြတ် ကုန်သွယ်ရေးမှာ လာအိုက အခက်ဆုံး ဖြစ်နေပါတယ်။ ကုန်သွယ်ရေး ကန့်သတ်ချက်တွေကြောင့် နိုင်ငံခြားပစ္စည်းတွေ ဈေးနှုန်းကြီးမြင့်သွားရတာလို့ ဆိုပါတယ်။

အာဆီယံ စီးပွားရေးလုပ်ငန်းတွေ လုပ်ရကိုင်ရ လွယ်ကူအောင် အာဆီယံနိုင်ငံရဲ့ ပေါ်လစီတွေကို ပြုပြင်ပြောင်းလဲတာဟာ သဘာဝအကျဆုံးလို့ ဆိုပါတယ်။ ကုန်သွယ်ရေး ကန့်သတ်ချက်တွေကို ဖြေရှင်းဖို့ အာဆီယံကော်မတီ (၄) ခု ဖွဲ့ထားပါတယ်။ အာဆီယံ စီးပွားရေးအသိုက်အဝန်း အောင်မြင်စွာ တည်ဆောက်ဖို့အတွက် ပထမဦးဆုံး အာဆီယံလုပ်ငန်းရှင်တွေ လုပ်ကိုင်ရလွယ်အောင် လုပ်ပေးဖို့ လိုပါတယ်။ အာဆီယံ ကုန်သွယ်ရေးမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗမာအစိုးရအဖို့ကတော့ အာဆီယံ စီးပွားရေးအသိုက်အဝန်းဟာ စိတ်ကူးယဉ် အိပ်မက်လို ဖြစ်နေပုံ ရပါတယ်။

XS
SM
MD
LG