သုံးရလွယ်ကူစေသည့် Link များ

မြန်မာပြည်မှာ ဝင်ရောက်လုပ်ကိုင်ခွင့်ပြုဖို့ လျှောက်လွှာတင်ထားတဲ့ နိုင်ငံခြားဘဏ် (၂၅) ခုထဲက အချို့ ကို မကြာမီ လုပ်ခွင့်ပေးလိမ့်မယ်လို့ သိရှိရပါတယ်။ ပြည်တွင်းဘဏ်တွေဟာ နိုင်ငံခြားနဲ့ ပူးပေါင်းလုပ်ကိုင်နိုင်တဲ့ အခြေအနေပဲ ရှိပါသေးတယ်။ ယှဉ်ပြိုင်နိုင်တဲ့အဆင့်ကို မရောက်သေးပါဘူး။ အနှစ် (၅၀) လောက် စစ်အာဏာရှင်တွေအောက် ကျရောက်ခဲ့တဲ့ မြန်မာ့ဘဏ်လုပ်ငန်းကို ယုံကြည်လာအောင် အတော်ကြိုးပမ်းရပါလိမ့်မယ်။ ဘဏ်လုပ်ငန်းခေတ်မီအောင် ပြုပြင်ပြောင်းလဲဖို့လိုကြောင်း Carnegie Endowment of International Peace က သုတေသီ Vikram Nehru က ဇွန်လအစီရင်ခံစာမှာ တင်ပြပါတယ်။ ဒီပုဂ္ဂိုလ်ဟာ ကမ္ဘာ့ဘဏ်မှာ အနှစ် (၃၀) အမှုထမ်းခဲ့သူ ဖြစ်ပါတယ်။

နိုင်ငံပိုင်လုပ်ခံရပြီး အနှစ် (၃၀) ကြာမှ ပြန်လည်တည်ထောင်ခွင့်ရတဲ့ ပုဂ္ဂလိကဘဏ်လုပ်ငန်းဟာ အကျပ်အတည်း၊ အခက်အခဲအမျိုးမျိုး ကြုံတွေ့နေရပါတယ်။ ဒါပေမဲ့ ငွေထုတ်စက်သုံးမှု၊ ငွေအပ်နှံမှု၊ ငွေလွှဲမှု၊ နိုင်ငံခြားငွေဖလှယ်မှု၊ ဘဏ်ခွဲ တိုးပွားလာမှု စတာတွေကိုကြည့်ရင် မြန်မာဘဏ်လုပ်ငန်းလောကဟာ အလျှင်အမြန် တိုးတက်နေတာကို တွေ့နိုင်ပါတယ်။ တကယ်ဆိုတော့ ပုဂ္ဂလိကဘဏ်တွေဟာ နိုင်ငံပိုင်ဘဏ် (၄) ခုထက်ပိုပြီး အလုပ်ရှုပ်နေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာနဲ့ ယှဉ်ကြည့်ရင် မြန်မာ့ဘဏ္ဍာရေးလောကဟာ သေးသေးလေးပါ။ နှစ်ပေါင်းများစွာ နိုင်ငံပိုင်အဖြစ် ရပ်တည်ခဲ့ပြီး (၃) ကြိမ်တိုင် ငွေသိမ်းခံခဲ့ရတဲ့ ဖြစ်ရပ်တွေကြောင့် ဘဏ်လုပ်ငန်းကို အယုံအကြည်နည်းနေကြပါတယ်။ ဘဏ္ဍာရေးစနစ် ခိုင်မာစေချင်ရင် ဘဏ်လုပ်ငန်းကို အဓိက ဦးစားပေး တည်ဆောက်ရပါလိမ့်မယ်။ ငွေပေးချေမှု၊ ငွေလွဲမှုနဲ့ အခြားငွေရေးကြေးရေး ကိစ္စတွေမှာ တိကျမှန်ကန် လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ဖို့ အလွန်လိုအပ်ပါတယ်။ ဒီလိုဖြစ်လာဖို့ဟာ အပြောလွယ်ပေမယ့် လက်တွေ့လုပ်ရာမှာ အလွန်ခက်ခဲပါတယ်။ သည်းခံပြီး အမြဲတမ်း ကြိုးပမ်းဖို့ လိုအပ်သလို အစိုးရ၊ ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေရဲ့  သဘောထားနဲ့ အကျင့်ဓလေ့ကိုလည်း ပြောင်းပစ်ဖို့ လိုပါတယ်။ ပြည်တွင်းဘဏ်တွေ လုပ်ရည်ကိုင်ရည်ရှိလာအောင် နိုင်ငံခြားအကူအညီရယူပြီး စွမ်းရည်မြှင့်တင်နိုင်ပါတယ်။

လောလောဆယ်တော့ ဘဏ်အချင်းချင်း ငွေစာရင်းရှင်းတဲ့အခါ ငွေစက္ကူအထပ်ကြီးတွေ သယ်ယူပို့ဆောင်ပြီး စက်နဲ့ ရေတွက်နေရတာမို့ အချိန်ကုန်လူပန်း ဖြစ်နေရပါတယ်။ ဘဏ်အချင်းချင်း စာရင်းရှင်းတာနဲ့ ငွေလွှဲရာမှာ ကွန်ပြူတာအသုံးပြုလုပ်နိုင်ရင် အများကြီး လုပ်ငန်းတွင်ကျယ်လာပါလိမ့်မယ်။ အခုမှ JICA ဂျပန်အေဂျင်စီရဲ့  အကူအညီနဲ့ ကွန်ပြူတာ ငွေရှင်းစနစ် တည်ဆောက်နေပြီဖြစ်လို့ ရှေ့ နှစ်မှစပြီး သုံးနိုင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ကွန်ပြူတာစနစ်သုံးမှသာ ချက်လက်မှတ်နဲ့ ငွေပေးချေမှုကို အမြန်ဆုံးရှင်းနိုင်ပါလိမ့်မယ်။ ဘဏ်တွေအချင်းချင်း အပြန်အလှန် ငွေချေးနိုင်အောင် ဗဟိုဘဏ်က အားပေးရပါလိမ့်မယ်။ ဒီလို မလုပ်နိုင်မှသာ ကြားဝင်သင့်ပါတယ်။ ဘဏ်လုပ်ငန်းလောကမှာ ငွေကြေးဈေးကွက် ပေါ်ပေါက်လာအောင်လုပ်ဖို့ ဗဟိုဘဏ်မှာ တာဝန်ရှိတယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်မှာ နိုင်ငံခြားဘဏ် မရှိသေးတဲ့အတွက် တိုက်ရိုက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားကုမ္မဏီတွေဟာ နိုင်ငံခြားမှာရှိတဲ့ဘဏ်ကတဆင့် မြန်မာပြည်တွင်းက လုပ်ငန်းကို ထောက်ပံ့နေရပါတယ်။ ဒီအတိုင်းရေရှည်ဆက်သွားရင် ခေတ်မီဘဏ်လုပ်ငန်း အတတ်ပညာရယူဖို့ အခက်အခဲရှိပါတယ်။ ပုဂ္ဂလိကဘဏ်တွေကတော့ နိုင်ငံခြားနဲ့ ဖက်စပ်လုပ်ပြီး အတတ်ပညာရယူလိုပါတယ်။ ဒါပေမဲ့ မြန်မာ့ဘဏ်လုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံနဲ့ စည်းမျဉ်းကျင့်သုံးမှုဟာ အားနည်းနေပါသေးတယ်။ အားကောင်းပြီး ရှင်သန်လာဖို့ဆိုတာ နှစ်နဲ့ချီပြီး ကြာတတ်ပါတယ်။ အခြေမခိုင်သေးမီ နိုင်ငံခြားဘဏ်ကို လက်ခံရင် ပြည်တွင်းဘဏ်ကို သုံးသူတွေ နိုင်ငံခြားဘဏ်ကို ရောက်သွားနိုင်တာမို့ ငွေကြေးစနစ်တခုလုံး အန္တရာယ်ရှိလာနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံခြားဘဏ်ကို လက်ခံရာမှာ သတိထားသင့်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေနဲ့ နိုင်ငံခြားဘဏ်တွေ ဖက်စပ်လုပ်နိုင်ပါတယ်။ ဘဏ်လုပ်ငန်း ပြုပြင်ရေး အခြေခိုင်လာရင် ဖက်စပ်ဘဏ်တွေ များပြားလာနိုင်ပါတယ်။ နိုင်ငံခြားဘဏ်သက်သက်ကိုသာ လက်ခံမယ်ဆိုရင်တော့ ကန့်သတ်ချက်တွေ လုပ်ဖို့လိုပါလိမ့်မယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူကိုသာ နိုင်ငံခြားဘဏ်ကို ကိုင်တွယ်ခွင့် ပေးသင့်တယ်လို့ ဆိုပါတယ်။ ပြည်တွင်းက နိုင်ငံခြားဘဏ်ခွဲနဲ့ ပြည်ပက နိုင်ငံခြားဘဏ်တို့ရဲ့  ဆက်သွယ်မှုကိုလည်း ဗဟိုဘဏ်က သတိထားရပါလိမ့်မယ်။ နိုင်ငံပိုင်ဘဏ်တွေ အပါအဝင် ကူးသန်းရောင်းဝယ်ရေးဘဏ်တွေ ပူးပေါင်းနိုင်ရင် ပိုပြီးထိရောက်မယ်လို့ ဆိုပါတယ်။

ကုန်သွယ်ရေး၊ ကုန်ထုတ်ရေး၊ စိုက်ပျိုးရေးစတဲ့ စီးပွားရေးကဏ္ဍတွေမှာ ပြုပြင်ရေးလုပ်ပြီးမှ ငွေရေးကြေးရေး ဘဏ္ဍာရေးကဏ္ဍကို ပြုပြင်သင့်ပေမယ့် အခြေအနေအရ မြန်မာပြည်မှာ တပြိုင်တည်း လုပ်နေရပါတယ်။ ဒါကြောင့် အစိုးရအသုံးစရိတ်နဲ့ အခွန်တော်ဆိုင်ရာ ပြုပြင်ရေးဟာ ဘဏ္ဍာရေးကဏ္ဍ ချောချောမွတ်မွတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးတဲ့ နေရာက ပါဝင်ပါတယ်။ အသုံးစရိတ်နဲ့ အခွန်ဆိုင်ရာလမ်းစဉ်ဟာ ဘဏ်လုပ်ငန်းကို ဖိစီးနေသလို မဖြစ်ဖို့လဲ အရေးကြီးကြောင်း Carnegie Endowment for International Peace မှာ အမှုထမ်းနေတဲ့ ကမ္ဘာ့ဘဏ် စီးပွားရေးပညာရှင်ဟောင်း Vikram Nehru က သုံးသပ်ထားတာကို အကျဉ်းချုံး တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG