သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်


မနှစ်ကနဲ့ ဒီနှစ်ထဲမှာ နိုင်ငံခြား လူ့အခွင့်အရေးအဖွဲ့တွေ မြန်မာပြည်ကို လာရောက်လေ့လာကြသလို သမ္မတဦးသိန်းစိန် ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က အဖွဲ့ဝင်တွေဟာ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတွေကို သွားရောက်လေ့လာကြပါတယ်။ ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြကလည်း ဇွန်လ (၈) ရက်နေ့က စင်္ကာပူမှာ စာတမ်းဖတ်ပြီး ကော်မရှင်အကြောင်း ရှင်းပြသွားပါတယ်။ ငြိမ်းချမ်းရေးကို အန္တရာယ်မပေးနိုင်တဲ့ အကျဉ်းသားတွေကို လွှတ်ပေးဖို့ ကော်မရှင်က သမ္မတကို ပန်ကြားပြီး မကြာမီ ထောင်ချီလွှတ်ပေးတာကို ဆောင်ရွက်ချက်အဖြစ် ဦးဝင်းမြ က ပြောပါတယ်။

အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်း တည်ထောင်ရာမှာ လိုက်နာရမယ့် ကုလသမဂ္ဂရဲ့  ပဲရစ်မူဝါဒနဲ့အညီ မြန်မာ့လူ့အခွင့်အရေး ကော်မရှင်ကို တည်ထောင်တယ်လို့လည်း ဦးဝင်းမြက ပြောပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် နှစ်အတော်ကြာလုပ်ခဲ့သူက ကုလသမဂ္ဂမူနဲ့ မကိုက်ညီတဲ့ကိစ္စကို ကိုက်ညီပါတယ်လို့ ထုတ်ဖော်ပြောဆိုရဲတာတွေ့ရပါတယ်။ ဗမာစစ်အစိုးရရဲ့  လူ့အခွင့်အရေး ချိုးဖျက်ချက်တွေကို အမြဲတမ်းကာကွယ်ပြောဆိုခဲ့တဲ့ ဦးဝင်းမြအဖို့ ပြောနေကြစကား ဖြစ်နေပုံရပါတယ်။

ပဲရစ်မူဝါဒနဲ့အညီ ဖွဲ့စည်းတယ်လို့ ဦးဝင်းမြ ပြောတာဟာ လုံးဝယုတ္တိမရှိတဲ့စကား ဖြစ်ပါတယ်။ ပဲရစ်မူဝါဒအပိုဒ် (၂) မှာ အမျိုးသားအဖွဲ့အစည်းရဲ့  လုပ်ပိုင်ခွင့်ကို အခြေခံဥပဒေ (သို့မဟုတ်) ဥပဒေမှာ ဖော်ပြရမယ်လို့ ဆိုပါတယ်။ ၂၀၀၀ ခုနှစ်ကဖွဲ့တဲ့ ပြည်ထဲရေးဝန်ကြီးရဲ့  လူ့အခွင့်အရေးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းတဲ့ အမိန့်ကြေညာစာကို ၂၀၁၁ ဧပြီလ (၂၀) ရက်နေ့မှာ သမ္မတက ထုတ်ပြန်ပါတယ်။ လူ့အခွင့်အရေးအဖွဲ့သစ်မှာ ဝန်ကြီး (၂) ဦး၊ ဒု-ဝန်ကြီး (၅) ဦး၊ ဒု-ရှေ့ နေချုပ်၊ ရဲချုပ်၊ အကျဉ်းဌာနညွှန်ချုပ်စတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။ လူ့အခွင့်အရေးအဖွဲ့ရဲ့  တာဝန် (၇) ခုထဲမှာ လူ့အခွင့်အရေးကော်မရှင်ဖွဲ့ဖို့ အကြံပြုရေးလည်း ပါဝင်ပါတယ်။ ဒါကြောင့် မြန်မာ့အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဟာ ပြည်ထဲရေးဝန်ကြီးခေါင်းဆောင်တဲ့ လူ့အခွင့်အရေးအဖွဲ့က ပေါက်ဖွားလာတယ်လို့ ဆိုနိုင်ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့  အမိန့်ကြေညာစာတမ်းမှာပါတဲ့ လုပ်ငန်းတာဝန် (၇) ခုဟာ အကြံပေးရေး၊ လေ့လာတင်ပြရေး၊ မြှင့်တင်ရေး၊ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ရေး စတာတွေနဲ့သာ ပတ်သက်ပါတယ်။ လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းပုံ၊ လုပ်ထုံးလုပ်နည်း၊ အသုံးစရိတ် ရယူနည်း စတာတွေ မပါဝင်ပါဘူး။ ကုလသမဂ္ဂ ပဲရစ်မူဝါဒအပိုင်း (၄) မှာ ဖော်ပြတဲ့ ဖွဲ့စည်းပုံနည်းလမ်းနဲ့ မြန်မာ့ကော်မရှင် ဖွဲ့စည်းပုံဟာဆီနဲ့ ရေလိုကွာခြားပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားတဲ့ တသီးပုဂ္ဂလအဖွဲ့အစည်းက ကိုယ်စားလှယ်၊ ကျွမ်းကျင်တဲ့ပညာရှင်၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ အစိုးရအမှုထမ်းစသဖြင့် အလွှာမျိုးစုံက ကိုယ်စားလှယ်တွေ ပါဝင်ရမယ်လို့ ပဲရစ်မူဝါဒမှာ ဖော်ပြပါတယ်။ မြန်မာ့လူ့အခွင့်အရေး ကော်မရှင်မှာတော့ အမြဲတမ်း အမိန့်နာခံလာခဲ့တဲ့ အငြိမ်းစားအစိုးရ အရာထမ်းတွေသာ ပါဝင်နေတာတွေ့ရပါတယ်။

လူ့အခွင့်အရေးကော်မရှင်အနေနဲ့ သီးခြားလွတ်လပ်စွာ ရပ်တည်လုပ်ကိုင်နိုင်ဖို့အတွက် ရန်ပုံငွေ အလုံအလောက်ရှိရမယ်လို့ ပဲရစ်မူဝါဒ အပိုဒ် (၅) က ဆိုပါတယ်။ ဒီလိုဖြစ်အောင် ဥပဒေပြဌာန်းပြီး ခန့်အပ်ပုံ၊ ရန်ပုံငွေရယူပုံ၊ လုပ်ပိုင်ခွင့် အတိုင်းအတာ စတာတွေကို ဖော်ပြရမယ်လို့ ဆိုပါတယ်။ ဒီလို ဥပဒေအရ ဖွဲ့စည်းနိုင်မှသာ အာဏာရအစိုးရနဲ့ သီးခြားကင်းလွတ်စွာ ရပ်တည်နိုင်မယ်လို့ ပဲရစ်မူက ဆိုပါတယ်။ သမ္မတရဲ့  ထောက်ပံ့ငွေ (၁၂) သန်းရဲ့  ရပ်တည်နေတဲ့ မြန်မာ့လူ့အခွင့်အရေး ကော်မရှင်အတွက် အသုံးစရိတ် သန်း (၅၀၀) တောင်းတာကို လွှတ်တော်က မတ်လ (၁၆) ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။ အခြေခံဥပဒေနဲ့ ဘောင်မဝင်ကြောင်း ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။ လွှတ်တော်ဘက်က ကြည့်ရင်တော့ လူ့အခွင့်အရေးကော်မရှင်ဟာ သမ္မတရဲ့  လက်အောက်ခံအဖွဲ့တခုသာ ဖြစ်ပါတယ်။

အခုတော့ လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်မှာ ပြဌာန်းဖို့ လုံးပမ်းနေကြပါတယ်။ ဦးသိန်းစိန်အစိုးရ တက်လာပြီး (၅) လအကြာမှာ တည်ထောင်တဲ့ ကော်မရှင်ဖြစ်တာမို့ လုပ်ပုံလုပ်နည်း မမှန်ကန်ပေမယ့် အစိုးရရဲ့  ဆောင်ရွက်ချက်ကို မျက်နှာပန်းလှစေပါတယ်။ လူ့အခွင့်ရေးကော်မရှင်က လူ့အခွင့်အရေးမြှင့်တင်ဖို့ ရည်ရွယ်တာဟာ အားရစရာဖြစ်ပေမယ့် ပဲရစ်မူဝါဒနဲ့အညီ ဖွဲ့စည်းပါတယ်လို့ ပြောတကိတော့ လုံးဝလက်မခံနိုင်ဘူးလို့ လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရှေ့ နေအသင်းရဲ့  ၂၀၁၂ ဒီဇင်ဘာလ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာ့လူ့အခွင့်အရေး ချိုးဖျက်မှုကို စုံစမ်းရေးကော်မရှင်ဖွဲ့စည်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား က တောင်းဆိုပြီးတဲ့နောက် ရက်သတ္တပတ် (၂) ပတ်အတွင်း မြန်မာ့လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်လိုက်တာဟာလည်း စဉ်းစားစရာပဲလို့ ဆိုပါတယ်။ စည်းမျဉ်းဥပဒေအရ တည်ထောင်ထားတာ မဟုတ်တဲ့အတွက် ကော်မရှင်ဟာ လုပ်ချင်သလို လုပ်နိုင်ပါတယ်။ အာဏာပိုင်အဖွဲ့အစည်းက လူ့အခွင့်အရေးအများဆုံး ချိုးဖျက်နေတဲ့ မြန်မာပြည်မှာ အစိုးရအရာထမ်းဟောင်းတွေ ပါဝင်တဲ့ လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းတာကို ဝါဒဖြန့်မှုအဖြစ် မြင်သူတွေလည်း ရှိပါတယ်။
XS
SM
MD
LG