သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

(၂၆) နှစ်အကြာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ပြည်သူလူထူရဲ့တခဲနက်ထောက်ခံအားပေးမှုနဲ့ပေါ်ထွက်လာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အခက်အခဲ မျိုးစုံကိုဖြတ်သန်းရင်း ၂၆ နှစ်တာကာလကိုကျော်လွန်လာခဲ့ပါပြီ၊ ဒီမိုကရေစီ ရရှိရေးဆိုတဲ့ အဓိကရည်မှန်းချက်ကို ရောက်ရှိမဲ့အလားအလာ ဘယ်လောက်ထိနီးကပ်လာစေခဲ့ပြီလဲ၊ ဘယ်လိုအားနည်းလျက်တွေရှိနေသလဲဆိုတာ NLD ဗဟိုလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး မေးချင်တာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အခု နှစ်ပေါင်း (၂၆) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ အခုအချိန်မှာ ပြန်ပြောင်းကြည့်ရင် အဓိကအားဖြင့် ဘယ်လို အောင်မြင်မှုတွေ ရလာခဲ့တယ်လို့ ထင်မိပါလဲ။

ဦးဝင်းထိန် ။ ။ ၂၀၁၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က ပြန်ပြီးလွှတ်မြောက်ချိန်က စတယ်လို့ ပြောရမယ်။ သို့သော်လဲပဲ သူအကျယ်ချုပ်ကလွတ်ပြီးချိန်မှာ သိပ်ပြီးမသိသာသေးဘူး။ နောက်ဆုံးမှာ ၂၀၁၁ သြဂုတ်လမှာ ဦးသိန်းစိန်က ဖိတ်ခေါ်ပြီး ဆွေးနွေးညှိနှိုင်းချိန်ကစပြီး ကျနော်တို့ NLD ရဲ့ ကံကြမ္မာက တိုးတက်လာတယ်။ တဖြည်းဖြည်း မြှင့်တက်လာတယ်လို့ ပြောလို့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်ခဲ့တာဟာ စစ်အာဏာရှင်စနစ်အောက်မှာ ကျရောက်နေတဲ့ လူ့အဖွဲ့အစည်းကို ဒီမိုကရေစီ လူ့အဖွဲ့အစည်းဖြစ်အောင် ဦးဆောင်ပြီးတော့ လမ်းညွှန်သွားဖို့လို့ ကျနော် နားလည်းပါတယ်။ ဆိုတော့ ပြည်သူတွေရဲ့ အဓိကမျှော်လင့်ချက်ဖြစ်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းဖြစ်ထွန်းရေး NLD ရဲ့ နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ အဲဒီအရေးကို ဘယ်လောက်အထိ ရှေ့တိုးအောင် ဆောင်ရွက်နိုင်ခဲ့ပြီလို့ ထင်ပါသလဲ။

ဦးဝင်းထိန် ။ ။ လူ့အဖွဲ့အစည်းအတွက် ဒီမိုကရေစီ ထွန်းကားရေးကိစ္စဟာ ကျနော်တို့ အထိုက်အလျောက် လုပ်နိုင်ခဲ့တယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲက ပြည်သူလူထု ထောက်ပံ့မှု ပြသတဲ့ အထောက်အထားပဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ ကျေနပ်နှစ်သိပ်နေတာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားဖို့အတွက် မျက်ခြေမပျက်တဲ့စိတ်နဲ့ ရှေ့ဆက်နေတဲ့အခါမှာ ကျနော်တို့ သင့်တော်ရင် သင့်တော်သလို အစိုးရနဲ့ ပူးပေါင်းပြီး ဆောင်ရွက်တာတွေရှိတယ်။ အချို့ကိစ္စတွေမှာ ဆန့်ကျင်တာတွေ ရှိတယ်။ ကျနော်တို့ လိုချင်တဲ့အနေအထားကတော့ အထိုက်အလျောက်တော့ ရခဲ့ပြီ။ သို့သော်လဲ ကျေနပ်စရာကောင်းတဲ့အဆင့်တော့ မရောက်သေးဘူး။ ပြည်သူလူထုအကျိုးကို တင်းပြည့်ကျပ်ပြည့် ထမ်းဆောင်နိုင်ဖို့ဆိုတာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ဆိုတာကတော့ ကျနော်တို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်အားလုံးမှာ ဆန္ဒရှိနေကြပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို မျှော်မှန်းကြတယ်ဆိုတာ ကျနော် ထင်ပါတယ်။ NLD အဖွဲ့ဝင်တွေသာမက ပြည်သူလူထု အများစုကလည်း ဒီလိုဖြစ်စေချင်တဲ့ဆန္ဒ ရှိနေကြပါတယ်။ အဲဒီလို ဖြစ်လာနိုင်တဲ့ အလားအလာ ရှိပါရဲ့လား။ အခုအခါမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အခြေခံအကျဆုံးအချက်တောင်မှ ရှေ့မတိုးနိုင် ဖြစ်နေတယ်လို့ ကျနော် ထင်ပါတယ်။

ဦးဝင်းထိန် ။ ။ ဒါနဲ့ ပတ်သက်ပြီးတော့ နှိုင်းယှဉ်ပြီးတော့ ဥပမာတစ်ခု ပြောနိုင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စပြီး ထောင်ကတည်းက ကျနော်တို့ ရည်မှန်းချက်ထဲမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ ရည်မှန်းချက်ပါသလို၊ စစ်အစိုးရနဲ့ ရင်ဆိုင်တွေ့ပြီး dialogue ကိစ္စပါတယ်။ ပါတဲ့အခါမှာ အဲဒီကိစ္စကို ၁၉၈၈-၈၉ မှာ စပြီးတော့ ပြောတုန်းက ကျနော်တို့ကို လူတွေက အရူးထင်ကြတယ်။ ဖြစ်နိုင်ပါ့မလား။ စစ်တပ်ကလူတွေနဲ့ ပြောရမှာ ဘယ်လိုဖြစ်မှာပဲဆိုပြီး ပြောကြတယ်။ သို့သော် ဒီလမ်းစဉ်ကို ဒေါ်အောင်ဆန်းစုကြည်က တစိုက်မတ်မတ် ကိုင်စွဲပြီးတော့ လှုပ်ရှားလာတဲ့အခါမှာ ၂၀၁၁ ရှစ်လပိုင်းမှာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ပစ်ပယ်လို့ မရဘူးဆိုတဲ့သဘောနဲ့ သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်ပြီးတွေ့တဲ့ဟာက နှစ်ပေါင်း (၂၀) ကျော် မျှော်မှန်းတဲ့ Dialogue ပဲ။ အဲဒီ Dialogue ကြောင့် ကျနော်တို့ ပါတီ ပြန်ပြီး မှတ်ပုံတင်ခဲ့တယ်။ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခဲ့တယ်။ အခု လွှတ်တော်ထဲရောက်နေတယ်။ ဒါက ကျနော်တို့ တစိုက်မတ်မတ် လုပ်ခဲ့တဲ့ ရည်မှန်းချက်။ အလားတူပဲ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးကိစ္စကိုလည်း ဆက်ပြီးလှုပ်ရှားမှာ။ တလောက လုပ်ခဲ့တဲ့ (၄၃၆) ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အောင်မြင်တဲ့ကိစ္စက ပြည်သူလူထု တခဲနက်ထောက်ခံလို့ဖြစ်တယ်။ နောက် အာဏာပိုင်ဖက်က ပြည်သူ့လွှတ်တော်ဖက်က ပုဂ္ဂိုလ်တွေကလည်း သတိထားမိတော့ (၄၃၆) ပြင်ဆင်ရေးက အလားအလာကောင်းမယ်လို့ မျှော်လင့်တယ်။ အဲဒီ (၄၃၆) ပြင်ဆင်ရေးကောင်းပြီဆိုရင် နောက်တဆင့်က ပုဒ်မ (၅၉-စ) ကို ဘယ်လိုနည်းနဲ့ ကိုင်တွယ်ရမလဲဆိုတာကို စဉ်းစားရမယ့်သဘော ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုလို့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးဟာ Three Waves လှိုင်းသုံးဆင့်နဲ့ လုပ်တာ ပထမအဆင့်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်ဆိုပြီးတော့ အခုလက်ရှိ မြန်မာအစိုးရကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ကြွားလုံးထုတ်သွားတယ်လို့ ပြောရလေမလား။ ဆိုတော့ ဦးဝင်းထိန်တို့က အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ ဒီအဆင့်မှာ ပြည့်စုံပြီးမြောက်ခဲ့ပြီလို့ ယူဆပါသလား။

ဦးဝင်းထိန် ။ ။ ကျနော်တို့ ကြားဖြတ်ရွေးကောက်ပွဲရဲ့ ရည်မှန်းချက်ပန်းတိုင်တခုက နိုင်ငံမှာ၊ ပြည်တွင်းမှာ တာရှည်ခံမယ့် ငြိမ်းချမ်းရေးရဖို့ဆိုတာ ရည်မှန်းချက်တခုပါ။ အဲဒီ ရည်မှန်းချက်တခုနဲ့ ပတ်သက်ပြီး လက်ရှိ အစိုးရလုပ်နေတဲ့ နိုင်ငံရေး Process ကို မျက်ခြေမပျက် စောင့်ကြည့်တယ်။ တခုရှိတာ ကျနော်တို့က အဲဒီအထဲကို မပါနိုင်သေးဘူး။ ဘာကြောင့် မပါနိုင်သေးလဲဆိုတော့ ကိုယ့်ကိုမခေါ်ဘဲနဲ့ ပါလို့မဖြစ်ဘူး။ ကိုယ့်ကိုမခေါ်ဘဲနဲ့ ပါလို့ရှိရင် ဖိုပါချင် ဖြစ်သွားမှာ ဖြစ်သလို။ ကျနော်တို့ကို ဂရုမပြုကောင်းလို့ ကျနော်တို့က ရန်မလုပ်ဘူး။ တချိန်မှာ ကျနော်တို့က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အရေးပါတဲ့ကဏ္ဍက ပါလာနိုင်မယ်လို့ ယုံကြည်တယ်။ အဲဒီ ရည်မှန်းချက် ရှိနေပါတယ်။ ဒါကြောင့်မို့ အစကတည်းက အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့နဲ့ စစ်အစိုးရမဟုတ်၊ ဘောင်ဘီချွတ်တဲ့ ဦးသိန်းစိန်အစိုးရနဲ့ အထိုက်အလျောက် ပြောလို့ဆိုလို့ လုပ်လို့ရနေပြီ။ သို့သော်လဲပဲ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးရဖို့ဆိုတာ တချိန်မှာ ထဲထဲဝင်ဝင် ပါလာနိုင်စရာအကြောင်းရှိတယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေ အရေးအပြင်။ ကြီးလေးကြီးလို့ လူတွေပြောနေကြတဲ့ သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံဖို့လည်း တောင်းဆိုသံတွေ ကြားနေရပါတယ်။ အဲဒါကော တွေ့ဆုံနိုင်မယ့် အလားအလာ ရှိပါသလား။

ဦးဝင်းထိန် ။ ။ အဲဒါကတော့ သမ္မတဦးသိန်းစိန်အပေါ် မူတည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီ လေးပွင့်ဆိုင် တွေ့ဆုံရေးအတွက် တောင်းဆိုတာကြာပြီ။ လွှတ်တော်ဖက်ကတော့ ဒီဆန္ဒကို ဆန့်ကျင်စရာအကြောင်း မရှိဘူး။ နိုင်ငံတော်သမ္မတက မီးစိမ်းပြရင်တော့ တပ်မတော်ဦးစီးချုပ်ကိုယ်တိုင်ကလည်း ငြင်းပယ်စရာအကြောင်း မရှိပါဘူး။ ဒီရည်မှန်းချက်ကိုလည်း ဆုပ်ကိုင်ထားပြီးတော့ ရရင်အဲဒီနည်းနဲ့ ကြိုးစားမယ်ဆိုတဲ့ဆန္ဒ ရှိနေကြပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါ ဖြစ်မလာသေးဘဲနဲ့တော့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတော်ခရီးရောက်နေပြီလို့ ပြောဖို့မခက်ဘူးလား။

ဦးဝင်းထိန် ။ ။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စက ကျနော်တို့ မျှော်မှန်းလောက်သတော့ မဖြစ်သေးဘူး။ ဒါပေမဲ့ လမ်းခုလတ်တော့ ရောက်နေပြီလို့ ပြောလို့ရပါတယ်။ မျှော်လင့်ချက်မရှိဘူးဆိုတာတော့ မဟုတ်ပါဘူး။ မျှော်လင့်ချက်ထားတယ်။ လုပ်ဖို့လည်း ဆက်ပြီးကြိုးစားနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဒီကိစ္စကို မျက်ခြေမပျက် စောင့်ကြည့်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါက အောင်မြင်မှုပိုင်းနဲ့ ရှေ့အလားအလာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လူတွေ ဝေဖန်ကြတာလည်း ကြားရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မိမိကိုယ်ကို အားမရနိုင်တဲ့ အစိတ်အပိုင်းများ ရှိမိပါလား။ ကိုယ်ကိုယ်ကို ဝေဖန်ရေးလုပ်မိရင် ဘယ်ဟာတွေကို တွေ့ရပါသလဲ။

ဦးဝင်းထိန် ။ ။ ကျနော်တို့လည်း ကိုယ့်ကိုယ်ကို ဝေဖန်ရေးလုပ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်တပြည်လုံးသွားတဲ့အခါ ဘာတွေ့ရသလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ချုပ်ကို ပြည်သူလူထုက ထောက်ခံနှုန်းကတော့ ကျမသွားဘူး။ တဖြည်းဖြည်းတောင် တိုးလာတယ်လို့ ပြောလို့ရတယ်။ သို့သော်လဲပဲ ကျနော်တို့ရဲ့ မြို့နယ်အဖွဲ့စည်းတွေ၊ ခရိုင်အဖွဲ့အစည်းတွေ၊ တိုင်းအဖွဲ့အစည်းတွေက စည်းစည်းလုံးလုံး၊ ကျစ်ကျစ်လစ်လစ် မရှိတဲ့အတွက်ကြောင့်မို့ လူထုကို ကျနော်တို့ လိုချင်သလို တည်ဆောက်လို့ မရသေးဘူး။ အဲဒီလို တည်ဆောက်လို့ ရမှသာလျှင် ပြည်သူလူထုရဲ့ ထောက်ခံချက်ကို ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် ထောက်ခံချက်ကို နိုင်ငံရေးအင်အားစုအဖြစ် ပြောင်းလဲနိုင်မှ ဖြစ်ပါတယ်။ ကျနော်တို့က ချို့ယွင်းချက်တွေကို ကိုယ့်ကိုယ်ကို ဝေဖန်ပြီးတော့ တတ်နိုင်သမျှ ပြုပြင်ဖို့ ကြိုးစားနေပါတယ်။

ဦးကျော်ဇံသာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်လွှဲရင် ခေါင်းဆောင်မှုအဆင့်ဆင့် down the line နောက်ဘယ်သူဆက်မယ်။ တဗိုလ်ကျတဗိုလ်တက် အဲဒီလို အစီအစဉ် စနစ်တကျ လုပ်ထားတာမျိုး မရှိဘူးလို့ ပြောကြပါတယ်။ အဲဒါကို ဘာပြန်ပြောစရာ ရှိပါသလဲ။

ဦးဝင်းထိန် ။ ။ ဒါကတော့ ရှင်းရှင်းလေးပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားက ဗမာပြည်မှာရှိတဲ့ အနေအထား၊ နိုင်ငံတကာမှာ ရှိတဲ့အနေအထားကို ဘယ်သူမှ ယှဉ်လို့မရဘူး။ အစိုးရဖွဲ့ထဲကလူတွေလည်း ယှဉ်လို့မရဘူး။ ကျနော်တို့ NLD အဖွဲ့က ယှဉ်လို့မရဘူး။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်လို့ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက်နဲ့ နီးစပ်တဲ့ နံပတ်နှစ်၊ ဒုတိယခေါင်းဆောင်၊ ဒုတိယတန်းဆိုတာ ကျနော်တို့ ထည့်ပြီးစဉ်းစားစရာလည်း မရှိဘူး။ ဝေဖန်စရာအကြောင်းလည်း မရှိဘူး။

ဦးကျော်ဇံသာ ။ ။ ကျနော်ထင်တယ် အဲဒီလို ပြောတဲ့လူတွေက စိုးရိမ်လို့ ပြောတယ်လို့ ထင်ပါတယ်။ ဒါက သင်္ခါရသဘော ဘာမှမပြောနိုင်ဘူးပေါ့။ မဖြစ်ပါစေလို့ လူတိုင်းဆုတောင်းပါတယ်။

ဦးဝင်းထိန် ။ ။ ဖြစ်နိုင်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်အနေအထားကို ဘယ်သူမှီမလဲ။ သူ့နေရာကို ဘယ်သူက နံပတ် two လို့ ယှဉ်လို့ရမလဲ။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စကို ပြောနေလို့။ ပြောစရာမရှိလို့ ရှာကြံပြောနေတယ်လို့ပဲ ယူဆရမှာပဲ။

ဦးကျော်ဇံသာ ။ ။ တခါတခါ ဒေါ်အောင်ဆန်းစုကြည် အဆင်မပြေလို့ မပြောနိုင်တဲ့ကိစ္စတွေကြရင် ဘယ်သူက တာဝန်ခံပြီးတော့ ဖြေရှင်းရပါသလဲ။

ဦးဝင်းထိန် ။ ။ အဲဒါ အခုလောလောဆယ်တော့ လွှတ်တော်ဖက်ကလာတဲ့ ကိစ္စဝစ္စမှန်သမျှပေါ့။ ပါတီအတွင်းက ပြဿနာဖြစ်ဖြစ်၊ ပြည်သူလူထုရဲ့ ပြဿနာပဲဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ်တွေက တတ်နိုင်သလောက် ဖြေရှင်းသလို၊ ရန်ကုန်မှာရှိတဲ့ ရုံးချုပ်ကိစ္စမှာ ဦးဟံသာ၊ ဦးဉာဏ်ဝင်းတို့က ပါတီတွင်းက ပြဿနာတွေကို သူတို့ တတ်နိုင်သမျှ ဖြေရှင်းနေပါတယ်။ ပြဿနာပေါ်လာတာကို ခေါင်းခံပြီးတော့ ဖြေရှင်းနေတဲ့ အနေအထား တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။နိုင်ငံရေး တက်ကြွသူတချို့ရဲ့ သုံးသပ်သံကို ကျနော် ကြားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ခေါင်းဆောင်ပြီးတော့ လူထုနည်းနဲ့ တောင်းဆိုသင့်တာတွေ၊ လုပ်သင့်တာတွေ အများကြီး ရှိတယ်လို့လည်း ပြောကြပါတယ်။ အဲဒီကိစ္စတွေကိုလည်း မလုပ်ဘူးလို့ သူတို့က ဝေဖန်ကြတယ်။ ဥပမာဆိုကြပါစို့ နှိုင်းယှဉ်ကြတယ် မဟတ္တမဂန္ဓီ အိန္ဒိယမှာ လွတ်လပ်ရေးတိုက်ပွဲတွေ လုပ်ခဲ့တုန်းက အကြမ်းမဖက်တဲ့ လူထုနည်းနဲ့ ဖိဆန်တဲ့အလုပ်တွေကို လုပ်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီလမ်းစဉ်ကို တခါမှ မရွေးဘူးဆိုတဲ့ ဝေဖန်သံကြားရပါတယ်။ ဒီကိစ္စကို ဘာပြောစရာ ရှိပါသလဲ။

ဦးဝင်းထိန် ။ ။ ဒါနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် လုပ်နေတဲ့ အလုပ်တွေကို ဝေဖန်မယ်ဆိုရင် ဝေဖန်သံတွေ အများကြီး ရှိကောင်းရှိမှာပေါ့။ သို့သော် ကျနော်တို့က ထဲထဲဝင်ဝင် လုပ်နေတဲ့ဟာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို ဘယ်သူမှ သံသယမရှိဘူး။ ဒါကတချက်။ နောက်တချက်က ကျနော်တို့ဟာ အဖိနှိပ်ခံပြီးတော့မှ ဆိုင်ဘုတ်တွေ အဖြုတ်ခံရပြီးပြီ။ ပါတီအဖွဲ့ဝင်တွေ ဖရိုဖရဲဖြစ်အောင် လုပ်နေခံရတဲ့ အနေအထားကနေ အခု လွှတ်တော်ထဲမှာ ရောက်နေပြီ။ ပြောစရာရှိတာတွေ ရဲရဲဝံ့ဝံ့ ပြည်တွင်းမှာလည်း ပြောနေပြီ။ ပြည်ပမှာလည်း ပြောနေပြီ။ အဲဒီအနေအထားနှစ်ခု ခြားနားချက်ကို တိုးတက်လာတာကို မြင်လို့ရှိရင် ရေခွက်ထဲမှာ ရေတဝက်ပြည့်တာကိုတော့ မြင်ရမယ်။ ရေတဝက်လိုတာကိုတော့ ရေတဝက်မပြည့်ဘူးဆိုတာတော့ ရယ်စရာအကြောင်းမရှိဘူးလို့ ကျနော် ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တဲ့ မေးခွန်းတခုကတော့ မီဒီယာနဲ့ ဆက်ဆံရေးဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မီဒီယာနဲ့ ဆက်ဆံရေးမှာ အတော်လေး မပြေမပြစ်မှုတွေရှိတယ်။ အဆင်မပြေမှုတွေ ရှိတယ်လို့ မီဒီယာသမားတွေရဲ့ ငြီးတွားသံလည်း ကြားရပါတယ်။ အဲဒါကို ဘာပြောချင်ပါသလဲ။

ဦးဝင်းထိန် ။ ။ အဆင်မပြေမှုတွေ ရှိတယ်ဆိုတာ ကျနော်တို့လည်း သိပါတယ်။ တချို့ကိစ္စတွေမှာ ကျနော်ကိုယ်တိုင် တာဝန်ရှိတယ်။ ဘာကြောင့် တာဝန်ရှိလဲဆိုရင် တချို့သတင်းထောက်လေး ကိုယ်လုပ်ရမယ့် Homework အိမ်စာတွေကို မလေ့လာဘဲနဲ့ ပေါက်ကရ မေးခွန်းတွေ မေးတဲ့အခါမှာ ကျနော် သည်းမခံနိုင်လို့ ငေါက်ပစ်တာတွေရှိတယ်။ ဥပမာဆိုပါစို့ ဒေါ်အောင်ဆန်းစုကြည် မရှိရင် ဘယ်သူနေရာ ဆက်ခံမလဲဆိုတာမေးရင် ဒီမေးခွန်းကို ဖြေလည်းမဖြေဘူး။ မေးလည်းမမေးနဲ့လည်း ငေါက်ပစ်လိုက်တာရှိတယ်။ ဘာကြောင့်လဲဆိုတော့ အဓိပ္ပါယ်မရှိတဲ့ မေးခွန်းဖြစ်လို့။ အဲဒီတော့ ရေရှည်မှာတော့ ဒီပြဿနာကို တခုတော့ရှိတယ်။ ပြန်ကြားရေးတာဝန်ခံ ကိုအုန်းကြိုင်ကိုယ်တိုင် ကျန်းမာရေး ချို့တဲ့လာတာလည်း ပါတာပေါ့။ ခါတိုင်း ဒီကိစ္စတွေကို သူရင်ဆိုင်ဖြေရှင်းပြီး ပြဿနာတော်တော်များများ ဖြေရှင်းသွားတာ။ အခု ဦးကျော်ဇံသာ ဒီလိုပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော်တို့လည်း တတ်နိုင်သမျှ ကိုယ့်မှာချို့ယွင်းချက်ရှိတာကို ရှာပြီးတော့ ပြုပြင်ဖို့ ကြိုးစားပါမယ်။

ဦးကျော်ဇံသာ ။ ။ သတင်းထောက်လေးတွေ ဒေါ်အောင်ဆန်းစုကြည် မရှိရင် ဘယ်သူခေါင်းဆောင်မလဲဆိုတဲ့ မေးခွန်းဟာ ဒီနိုင်ငံမှာတောင် သမ္မတကို ဒုတိယသမ္မတတွေထားတာပဲ။ နိုင်ငံတိုင်းမှာထားတယ်။ တခြားခေါင်းဆောင်တွေ တခုခုဖြစ်ခဲ့ရင်ဆိုပြီး ထားခဲ့တာပဲ မပြောနိုင်ဘူးလေ။

ဦးဝင်းထိန် ။ ။ အဲဒါ ဖြစ်လာမှာပေါ့ မပူပါနဲ့။ ခင်များတို့ စိတ်ပူသလို ကျနော်တို့လည်း စိတ်ပူပါတယ်။ ဒါပေမဲ့ ဖြစ်လာမှာပါ။

XS
SM
MD
LG