သုံးရလွယ်ကူစေသည့် Link များ

နိုဘလ်ငြိမ်းချမ်းရေးဆု နဲ့ အငြင်းပွားစရာ ကင်းရှင်းမှု


နိုဘလ်ငြိမ်းချမ်းရေးဆုတံဆိပ်
ဟော်လန်နိုင်ငံအခြေစိုက် OPCW (ခေါ်) အဆိပ်လက်နက် ပိတ်ပင်ရေးအဖွဲ့ကို နိုဘလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်တာဟာ မစ္စတာနိုဘလ်ရဲ့  မူလရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့အတွက် အငြင်းပွားမှု ကင်းရှင်းတဲ့ဆုဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ အဆိပ်လက်နက် ပိတ်ပင်ရေးအဖွဲ့ကို ဆုပေးဖို့ ဘယ်သူကမှ အမည်တင်သွင်းပုံ မရပါဘူး။ နိုဘလ်ဆု ပေးသင့်သူ (သို့မဟုတ်) အဖွဲ့အစည်းရဲ့  အမည်ကို ဖေဖေါ်ဝါရီလ (၁) ရက်နေ့ နောက်ဆုံးထား တင်သွင်းရပါတယ်။ ဆီရီယားမှာ သြဂုတ်လမှာ အဆိပ်လက်နက်သုံးပြီး အောက်တိုဘာလ (၁) ရက်နေ့မှာ OPCW အဖွဲ့က စတင်ဖျက်သိမ်းတာမို့ နိုဘလ်ဆုရွေးချယ်တဲ့ အချိန်ဇယားနဲ့ အံဝင်ခွင်ကျ မဖြစ်ဘူးလို့ မြင်ကြပါတယ်။ လုပ်ရိုးလုပ်စဉ်အတိုင်းဆိုရင် ဒီအဖွဲ့ဟာ ရှေ့ နှစ်မှ ဆုယူရမှာ ဖြစ်ပေမယ့် အငြင်းပွားမှု ကင်းရှင်းအောင် ဒီနှစ်ထဲမှာ ဆုချီးမြှင့်လိုက်တာလို့ ယူဆသူတွေ ရှိပါတယ်။

နိုဘလ်ငြိမ်းချမ်းရေး ဆုချီးမြှင့်နေတာ အနှစ်တရာကျော်ပြီမို့ ဆုချီးမြှင့်တဲ့ ရည်ရွယ်ချက် ပြောင်းလဲလာသလို အငြင်းပွားမှုနဲ့ မကြာခဏ ကြုံတွေ့ခဲ့ရပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အစဉ်တစိုက်ဆောင်ရွက်နေသူနဲ့ စစ်ဆန့်ကျင်သူကို ဆုပေးဖို့ မူလရည်ရွယ်ခဲ့ပေမယ့် လူ့အခွင့်အရေး တိုက်ပွဲဝင်သူနဲ့ နိုင်ငံရေးသမားတွေကို ဆုချီးမြှင့်တဲ့အတွက် အကြီးအကျယ် အငြင်းပွားရတဲ့ သာဓကတွေ ရှိပါတယ်။

Afghanistan မှာ စစ်ဆင်ရေးတိုးမြှင့်နေတဲ့ သမ္မတအိုဘားမားကို ၂၀၀၉ မှာ နိုဘလ်ဆိုပေးတာနဲ့ Libya ကို တိုက်ခိုက်တဲ့ ဥရောပသမဂ္ဂကို မနှစ်က ဆုချီးမြှင့်တာဟာ စစ်ဆင်ရေးကို ထောက်ခံအားပေးသလို ဖြစ်နေပါတယ်။ အီးယူ (ခေါ်) ဥရောပသမဂ္ဂကို မနှစ်က ဆုချီးမြှင့်တဲ့နေမှာ နော်ဝေနိုင်ငံသားတွေ ကန့်ကွက်ဆန္ဒပြကြပါတယ်။ နိုဘလ်ငြိမ်းချမ်းရေးဆုရှင် (၃) ဦးကလည်း အတိအလင်း ကန့်ကွက်ကြပါတယ်။ စစ်ရေးစွက်ဖက်မှုကို ဦးစားပေးတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Henry Kissinger နဲ့ မြောက်ဗိယက်နမ်ခေါင်းဆောင် Le Duc Tho ကို ၁၉၇၃ ခုနှစ်မှာ ဆုချီးမြှင့်တော့ Kissinger က လက်ခံပေမယ့် ဗိယက်နမ်ခေါင်းဆောင်က လက်မခံပါဘူး။ အမေရိကန် ဦးဆောင်တဲ့ နေတိုး (NATO) ကာကွယ်ရေးမဟာမိတ်အဖွဲ့မှာ နော်ဝေ ပါဝင်နေတာ နိုဘလ်ငြိမ်းချမ်းရေးဆုကို သံသယ ဖြစ်စေပါတယ်။

Kissinger ကို ငြိမ်းချမ်းရေး ဆုချီးမြှင့်ခံရတာကို ကန့်ကွက်တဲ့အနေနဲ့ နော်ဝေ နိုဘလ်ကော်မတီဝင် နှစ်ဦး နုတ်ထွက်သွားပါတယ်။ အမေရိကန် ဦးဆောင်တဲ့ နေတိုးအဖွဲ့ တည်ထောင်သူထဲမှာ နော်ဝေ ပါဝင်နေတာဟာ နော်ဝေ နိုဘလ်ကော်မတီရဲ့  သဘောထားကို လွှမ်းမိုးစေတယ်လို့ မြင်သူလည်း ရှိပါတယ်။ နိုဘလ်ဆု ရွေးချယ်ရေးကော်မတီဝင်တွေကို နော်ဝေနိုင်ငံရေးပါတီကြီးတွေက ရွေးချယ်ထားတာမို့ နိုဘလ်ဆုဟာ နော်ဝေနိုင်ငံရေးနဲ့ ရောထွေးယှက်တင် ဖြစ်လာတယ်လို့လည်း မြင်ကြပါတယ်။ ဥပမာ ဗမာစစ်အုပ်စုက တင်မြှောက်ထားတဲ့ ဦးသိန်းစိန်လည်း နိုဘလ်ငြိမ်းချမ်းရေးဆု ရသင့်သူအဖြစ် အမည်တင်သွင်းခံရပါတယ်။ ဦးသိန်းစိန်အစိုးရ နိုဘလ်ဆု ရသင့်တယ်လို့ Finland သမ္မတဟောင်းက လွန်ခဲ့တဲ့ မတ်လအစောပိုင်းက Helsinki မြို့ မှာ အတိအလင်း ဆော်သြသွားပါတယ်။

ဦးသိန်းစိန်ဟာ နောက်ဆုံးရွေးချယ်တဲ့ ဆန်ခါတင် (၅) ဦး စာရင်းမှာပါတယ်လို့ အော်စလို ငြိမ်းချမ်းရေး သုတေသနဌာနရဲ့  အကြီးအကဲက မကြာမီက ပြောပါသေးတယ်။ နာမည်ကြီးနေတဲ့ (၁၆) နှစ် သမီး Malala Yousefzai ကို ရွေးချယ်တာဟာ ကလေးကို ဆုပေးသလို ဖြစ်နေလို့ ဦးသိန်းစိန်ကို ပေးတာကမှ ကောင်းသေးတယ်လို့ ယူဆသူတွေလည်းရှိပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်ဘက်ကို ထောက်ခံဆော်သြသူကနည်းပြီး ဆန့်ကျင်သူက များနေပုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆုပေးဖို့ အမည်တင်သွင်းသူဟာ ချက်သမ္မတ Vaclav Havel ဖြစ်ပြီး ဆုရဖို့ အဓိက ဆော်သြသူ နှစ်ဦးက ခင်ပွန်းသည် Dr. Michael Aris နဲ့ နော်ဝေနိုင်ငံသား တိဘက်ရေးရာပညာရှင် Hallvard Kuloy တို့ဖြစ်ကြပါတယ်။ အခုတော့ သူုတို့ နှစ်ဦးစလုံး ကွယ်လွန်သွားကြပါပြီ။

နိုဘလ်ငြိမ်းချမ်းရေး ဆုပေးသင့်သူကို အမည်တင်သွင်းခွင့်ရှိသူဟာ လွှတ်တော်ကိုယ်စားလှယ်နဲ့ အစိုးရအဖွဲ့ဝင်၊ ပါမောက္ခနဲ့ သုတေသနဌာနမှူး၊ နိုဘလ်ဆုရဖူးသူနဲ့ နိုဘလ်ဆုကော်မတီနဲ့ ပတ်သက်သူတွေ ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ လုပ်ရိုးလုပ်စဉ်ကတော့ အမည်တင်သွင်းခံရသူကို ဆုပေးအောင် ဝိုင်းဝန်းဆော်သြကြပါတယ်။ ဒါပေမဲ့ ဘေးတီးကောင်းတိုင်း ဆုရတာတော့ မဟုတ်ပါဘူး။ အာဏာရှင်တွေဖြစ်တဲ့ Mussolini (၁၉၃၅)၊ Hitler (၁၉၃၉) နဲ့ Stalin (၁၉၄၅) တို့လည်း အမည်တင်သွင်းခံကြရပါတယ်။ အိန္ဒိယခေါင်းဆောင် ဂန္ဒီကြီးရဲ့  အမည်ကိုလည်း မကြခဏ တင်သွင်းကြပါတယ်။

ဂန္ဒီကြီးကို ဆုချီးမြှင့်ဖို့ (၅) ကြိမ် အမည်တင်သွင်းခဲ့ပေမယ့် အရွေးမခံရတာဟာ နော်ဝေ နိုဘလ်ကော်မတီကို နာမည်ပျက်စေပါတယ်။ ဂန္ဒီကို ဂုဏ်ပြုတဲ့အနေနဲ့ နိုဘလ်ဆုကို လက်ခံကြောင်း ဒလိုင်းလားမား က ၁၉၈၉ ခုနှစ်မှာ ပြောသွားပါတယ်။ ဂန္ဒီ ကွယ်လွန်ပြီး အနှစ် (၅၀) ကြာတော့မှ ဒီလိုပုဂ္ဂိုလ်ကြီးကို ငြိမ်းချမ်းရေးဆု ချီးမြှင့်ဖို့ ပျက်ကွက်ခဲ့တာ ဝမ်းနည်းကြောင်း ၂၀၀၆ ခုနှစ်မှာ နော်ဝေ နိုဘလ်ကော်မတီက ကြေညာပါတယ်။ ဒါကြောင့်မို့ အငြင်းပွားစရာ ကန့်ကွက်စရာမရှိအောင် နိုဘလ်ငြိမ်းချမ်းရေးဆုကို OPCW ခေါ် အဆိပ်လက်နက် ပိတ်ပင်ရေးအဖွဲ့ကို မနှောင့်မနှေး အမြန်ပေးလိုက်တာ ဖြစ်ပုံရပါတယ်။
XS
SM
MD
LG