သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ငြိမ်းချမ်းရေး အနာဂတ်ခရီးလမ်း


ဦးအောင်မင်း နဲ့ နိုင်ငွေသိန်း - တောင်ကြီးငြိမ်းချမ်းရေးဆွေးနွေးပွဲ။ စက်တင်ဘာ ၂၁၊ ၂၀၁၃ (ဓါတ်ပုံ နေလင်းသိုက်)
ဦးအောင်မင်း နဲ့ နိုင်ငွေသိန်း - တောင်ကြီးငြိမ်းချမ်းရေးဆွေးနွေးပွဲ။ စက်တင်ဘာ ၂၁၊ ၂၀၁၃ (ဓါတ်ပုံ နေလင်းသိုက်)
ဒီတပတ် မြန်မာ့အရေး ဆွေးနွေးသုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအရေးမှာ တိုင်းရင်းသားတွေနဲ့ မြန်မာအစိုးရကြား ညှိနှိုင်းဖြေရှင်းရမယ့်ကိစ္စတွေ ရှိနေသလို၊ တဖက်မှာလည်း တိုင်းရင်းသားတွေအချင်းချင်းကြားမှာလည်း ပြဿနာတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) က အဖွဲ့ဝင်တဦးဖြစ်သူ ဒေါက်တာမင်းဇော်ဦး နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး မေးချင်းတဲ့မေးခွန်းကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားနေတာ အပစ်အခတ်ရပ်စဲရေး အလားအလာ သိပ်ကောင်းနေပြီလို့ ကြားလိုက်ရတယ်။ နောက်ပြီးတော့ မကြာခင်မှာပဲ ဧပြီလ အစောပိုင်းမှာ ကေအိုင်အေ/ကေအိုင်အို တို့နဲ့ မြန်မာစစ်တပ်တို့ရဲ့အကြားမှာ တိုက်ပွဲတွေ ပြန်ဖြစ်တယ်ဆိုတာ ကြားပြီးတဲ့နောက် ကေအိုင်အို ဗိုလ်ချုပ်ဂွမ်မော် က တိုက်ပွဲတခုစီဖြစ်လိုက်တိုင်း သူတို့ရဲ့ ယုံကြည်မှုဟာ ပြန်ပျက်ပျယ်သွားတယ်လို့ သူက စိတ်ပျက်လက်ပျက်နဲ့ ပြောပါတယ်။ ဆိုတော့ ဒီငြိမ်းချမ်းရေးအလားအလာ ကောင်းတယ်လို့ ဆိုနိုင်ပါသလား။ ပုံမှန်နေမြဲပဲလား။ နောက်ဆုတ်နေပါသလား။

ဒေါက်တာမင်းဇော်ဦး ။ ။ လက်ရှိအနေအထားအရ ကြည့်မယ်ဆိုရင်တော့ ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဆိုတာ အပစ်အခတ်ရပ်စဲရေး မရှိလို့ဆိုတဲ့အပေါ်မှာလုပ်တဲ့ သဘောတော့ မဟုတ်ဘူး။ အပစ်အခတ်ရပ်စဲရေးက (၁၄) ဖွဲ့နဲ့ ရှိထားပြီးပြီ။ ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေးဆိုတဲ့ဟာကို လုပ်ပြီဆိုလို့ရှိရင် ဒီ (၁၄) ဖွဲ့တင်မကပဲ ကေအိုင်အို … တို့ကိုပါဖို့ ရအောင်ဆိုတဲ့ တံခါးဖွင့်မယ်ဆိုတဲ့ စဉ်းစားချက်ရှိတဲ့အပြင်မှာ နောက်တဆင့်က ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေးဆိုတာ နိုင်ငံရေးတံခါးပေါက်၊ နိုင်ငံရေးဆွေးနွေးပွဲအတွက် တံခါးပေါက်ကို ဖွင့်ပေးတာဖြစ်တယ်။ နောက်တခုက အပစ်အခတ်တွေ ဘာကြောင့် ဖြစ်လဲဆိုတဲ့ကိစ္စ။ အဓိကတော့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်။ တဖက်နဲ့တဖက် နယ်မြေပိုင်းခြားသတ်မှတ်တဲ့အပေါ်မှာ အခုထက်ထိ အဲဒီကိစ္စတွေကို ပြတ်အောင်မလုပ်ရသေးဘူး။ တဖက်ကလည်း ဒီနယ်မြေက ငါ့နယ်မြေ၊ တဖက်ကလည်း မဟုတ်ဘူး ငါလည်း ဝင်ထွက်လို့ရတဲ့ နယ်မြေဆိုတော့ အဲဒီလိုမှာ သွားတဲ့လာတဲ့အခါမှာ တဖက်နဲ့တဖက် နားလည်းမှုမှားတဲ့အခါ တိုက်ပွဲလေးတွေဖြစ်တယ်။ ကချင်ပြည်နယ်ဖက်မှာလည်း အဲဒီပြဿနာတွေရှိတယ်။

ဦးကျော်ဇံသာ ။ ။ ကျန်တဲ့ (၁၄) ဖွဲ့နဲ့တော့ အဲဒီနယ်မြေပိုင်းခြား သတ်မှတ်မှုတွေက အကုန်လုံး ပြေလည်သွားပြီပေါ့။

ဒေါက်တာမင်းဇော်ဦး ။ ။ မဟုတ်ဘူး။ အဲဒီ့ (၁၄) ဖွဲ့နဲ့လဲ နယ်မြေပိုင်းခြားသတ်မှတ်မှုတွေက တိတိကျကျ မလုပ်ရသေးဘူး။ အဲဒီတော့ နယ်မြေပိုင်းခြားသတ်မှတ်မှု မရှိလို့ဆိုပြီး တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး။ ကေအန်ယူနဲ့လဲ အစိုးရစစ်တပ်နဲ့ကြားမှာ အခုန နယ်မြေသတ်မှတ်တဲ့ကိစ္စတွေ ပြီးပြတ်အောင် မလုပ်ရသေးဘူး။ ဒါပေမဲ့ အဲဒီလို မလုပ်ရသေးပေမယ့် အောက်ခြေမှာရှိတဲ့ တပ်တွေ နဲ့ အပေါ်က တပ်မှုးတွေက သွားတဲ့လာတဲ့ကိစ္စတွေမှာ တဖက်နဲ့တဖက် ပြေလည်အောင် ညှိကြတယ်။ ညှိကြပြီး သွားလာတော့ အခုနပြောတဲ့ တိုက်ပွဲဖြစ်တဲ့ကိစ္စတွေက ရှောင်နိုင်တယ်။

ဦးကျော်ဇံသာ ။ ။ ကေအိုင်အိုနဲ့ ဖြစ်တဲ့ကိစ္စမှာကြတော့ နိုင်ငံရေးကိစ္စအပြင်၊ စီးပွားရေးပြိုင်ဖက်ပေါ့ - နိုင်ငံတကာ သုံးသပ်သူ တချို့ကလည်းပြောတယ်။ ဥပမာ David Steinberg လိုလူက - ဒီပြည်တွင်းစစ် ဒီလောက်ကြာလာတော့ အစိုးရဖက်က၊ စစ်တပ်ဖက်ကကြီး မဟုတ်ဘူး။ တိုင်းရင်းသားအင်အားစုတွေဖက်ကလည်း ဒီထဲမှာ vested interests ရှိတယ်။ ဆိုတော့ သူတို့လည်း ဒီနယ်မြေမှာ စီးပွားရေးချုပ်ကိုင်နေတယ်။ မြန်မာစစ်တပ်ဖက်ကလည်း ဒါကိုယူဖို့ ကြိုးစားနေတယ်။ ဒီလို ပဋိပက္ခလည်း ရှိတယ်လို့ ဆိုပါတယ်။ မြန်မာဗိုလ်ချုပ်တယောက်ကလည်း အဲဒီလို ပြောဖူးတာ ကြားတယ်။ အဲဒါ ဘယ်လောက် အရေးပါတယ် ထင်ပါသလဲ။

ဒေါက်တာမင်းဇော်ဦး ။ ။ ကျနော်တို့ အပစ်အခတ်ရပ်စဲရေး peace process လုပ်တော့မယ့်အခါမှာလည်း စစချင်း အဲဒီကိစ္စကို အများကြီး အလေးထားပါတယ်။ ဒါက war economy လို့ ပြောတယ့် စစ်ပွဲတွေအပေါ်မှာ အခြေခံပြီး ဖြစ်နေတဲ့ စီးပွားရေး ရှိပါတယ်။ အဲဒီ့ စီးပွားရေးတွေကလည်း ကျနော်တို့ peace process မှာ အများကြီးရိုက်ခတ်တာတွေ ရှိပါတယ်။ ဒီကိစ္စတွေကလည်း နှစ်ဖက်စလုံးမှာ အကျေအလည် ဆွေးနွေးပြီးတော့ ရှေ့ဆက်သွားရမယ့် လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဒီ အစိုးရမတက်လာခင် ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက၊ စစ်အစိုးရလက်ထက်တုန်းက ဆိုရင်လဲ ကေအိုင်အိုနဲ့ဆိုရင် နှစ်ပေါင်း (၁၇) နှစ်လောက်တောင်မှ အပစ်အခတ်ရပ်စဲရေး ရခဲ့ပါတယ်။ အလားတူ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့လည်း အပစ်အခတ်ရပ်စဲရေး အများကြီးရခဲ့တယ်။ ဆိုတော့ အဲဒီတုန်းက အပစ်အခတ်ရပ်စဲရေးက ငြိမ်းချမ်းရေးအဆင့်ကို မတက်လှမ်းနိုင်ဘဲနဲ့ ပျက်စီးသွားခဲ့တယ်။ အခုလုပ်လာတဲ့ အပစ်အခတ်ရပ်စဲရေးကြတော့ အဲဒီထက် ဘယ်ဟာမှာ ပိုသာတယ်။ ဘယ်အချက်ဟာဖြင့် ငြိမ်းချမ်းရေးကို တက်လှမ်းနိုင်မယ့် အခွင့်အခါကောင်း ဖြစ်လာတယ်လို့ ပြောနိုင်ပါသလဲ။

ဒေါက်တာမင်းဇော်ဦး ။ ။ အရင်အစိုးရလက်ထက်က နံပတ် (၁) အရေးအကြီးဆုံးအချက်က အစိုးရက နိုင်ငံရေးစကား မပြောဘူးဆိုတဲ့မူနဲ့ အပစ်အခတ်ရပ်စဲရေးကို လုပ်တာ။ နိုင်ငံရေးစကားပြောချင်ရင် နောက်တက်လာမယ့် နိုင်ငံရေးအစိုးရကို စောင့်ပါ။ တို့အစိုးရကတော့ အပစ်အခတ်ရပ်စဲရေးအဆင့်လောက်နဲ့ပဲ ရပ်ထားမှာဖြစ်တယ်ဆိုတဲ့ အခြေခံနဲ့ စပြီးတော့ အပစ်ခတ်ရပ်စဲရေးကို လုပ်ခဲ့တာ။ လက်ရှိ အစိုးရကြတော့ အပစ်အခတ်ရပ်စဲရေးအဆင့်နဲ့ သွားလို့မရဘူး။ မြန်မာပြည်ရဲ့ ပြဿနာကို တွေ့ဆုံဆွေးနွေးရေးနဲ့ ရှင်းရမယ်ဆိုတဲ့အချက်ကို လက်ခံပြီးမှ ဒီအပစ်အခတ်ရပ်စဲရေးကို လုပ်ခဲ့တာ။ အဲဒီတော့ အဲဒီနှစ်ခုကတော့ အများကြီးကွာတာပါတယ်။ လက်ရှိ အစိုးရလက်ထက်မှာက အပစ်အခတ်ရပ်စဲရေးအပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လုပ်ကိုလုပ်ပါမယ်ဆိုတဲ့ အချက်အလက်ကို အာမခံချက်ပေးပြီး လက်မှတ်ထိုးမှာဖြစ်တယ်။ အဲဒီအချက်ကတော့ အဓိကကွာတဲ့အချက် ဖြစ်တယ်လို့ ကျနော်ထင်တယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက တိုင်းရင်းသားတွေဖက်က ပြောကြတာက မြန်မာနိုင်ငံမှာ လက်ရှိ အစိုးရသည်ပင် Federation – Federal ဆိုတာကို လက်ခံနိုင်ခြင်း မရှိသေးဘူး။ ဗိုလ်ချုပ်နေဝင်းလက်ထက်တုန်းက ဖယ်ဒရယ်ဆိုတာ ပြည်ထောင်စုပြိုကွဲမယ်ဆိုပြီး ဝါဒဖြန့်ပြီးတော့ မှိုင်းတိုက်ထားခဲ့တဲ့ ဒီ စိတ်ဓါတ်တွေဟာ သူတို့ဆီမှာ လွှမ်းမိုးနေတုန်းလို့ တချို့က သုံးသပ်ကြပါတယ်။ ဆိုတော့ တဖက်ကလည်း ဘာပြောလဲဆိုတော့ အခုဆွဲထားတဲ့ ဖွဲ့စည်းပုံကို ကြည့်မယ်ဆိုရင် ဖယ်ဒရယ်ပုံစံအတိုင်း format အရ၊ schedule တွေ၊ state authority, federal authority ခွဲထားတာတွေရှိတယ်။ State အစိုးရ၊ ပြည်နယ်အစိုးရတွေကိုလည်း ပြည်နယ်လူထုရဲ့ ဆန္ဒနဲ့ ရွေးချယ်နိုင်တဲ့အခြေအနေ ဖြစ်လာနိုင်တယ်။ အဲဒီလိုဆိုရင် ဖယ်ဒရယ် ဖြစ်သွားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေဖက်က သူတို့ နားမလည်းဘူးလို့ ပြောကြတယ်။ တိုင်းရင်းသားတွေ လိုချင်တဲ့ Federation ဖွဲ့စည်းရေးကို လက်ရှိ အာဏာပိုင်တွေ ဘယ်လောက်အထိ နားလည်းသဘောပေါက်ကြလဲ။ လက်ခံကြတယ်လို့ ထင်ပါသလဲ။

ဒေါက်တာမင်းဇော်ဦး ။ ။ အဓိက ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အားနည်းချက်က ဘာလဲဆိုတော့ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်တွေကို အများကြီး မပေးထားဘူး။ ပြည်နယ်အစိုးရတွေမှာရှိတဲ့ ပြည်နယ်ဝန်ကြီးချုပ်လိုဟာမျိုးကို ဗဟိုကနေ တိုက်ရိုက်ခန့်တယ်ဆိုတဲ့ အခြေအနေအပေါ်မှာ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ လူထုကို ကိုယ်စားပြုတဲ့ လူတွေကို ဦးဆောင်မယ့်နေရာမှာ ခန့်ပိုင်ခွင့်တွေမှာ အများကြီး အားနည်းတာအမှန်ပဲ။ ဒါတွေကို ပြုပြင်ပြောင်းလဲနိုင်မယ်။ ဒါ့အပြင်မှာ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း ပိုပြီးတော့ ချဲ့ထွင်ပေးနိုင်မယ်ဆိုရင်တော့ ကျနော်တို့ တိုင်းပြည်မှာ အားလုံးလက်ခံနိုင်တဲ့ ဖယ်ဒရယ်စနစ်တခုကတော့ ရောက်လာလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ လက်ရှိ အခြေအနေမှာတော့ ဖယ်ဒရယ် ပတ်သက်တဲ့ ဆွေးနွေးချက်တွေကတော့ အစိုးရထဲမှာလည်း ရှိနေပြီ၊ လွှတ်တော်ထဲမှာလည်း ရှိနေပြီ၊ တပ်မတော်ထဲမှာတောင် ဖယ်ဒရယ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေက အထိုက်အလျောက် ဆွေးနွေးနေကြတာ ရှိပါတယ်။ လက်ခံတာ၊ လက်မခံတာကတော့ နောက်တပိုင်း။ နောက်တခုက နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် မိန့်ခွန်းတွေမှာ ပြောထားတဲ့ကိစ္စတွေရှိတယ်။ အဲဒီတော့ အဲဒီအခြေအနေနဲ့ ယှဉ်လိုက်မယ်ဆိုရင် ဟိုအရင်တုန်းက ဖယ်ဒရယ်ဆိုတာ လုံးဝကို မပြောရဲတဲ့ကိစ္စ။ ဒီနေ့ဒီအချိန်မှာ အရင်တုန်းကလိုတော့ ဖယ်ဒရယ်ကို အသံကြားတာနဲ့ မပြောရဲဘူးဆိုတဲ့အဆင့်မှာတော့ မရှိတော့ဘူးလို့ ကျနော် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါက်တာမင်းဇော်ဦး နောက်တခုက Myanmar Peace Center ပတ်သက်ပြီးတော့ မေးချင်ပါတယ်။ Myanmar Peace Center ဟာ ဘယ်လိုပုံစံမျိုးနဲ့ ရပ်တည်ပါသလဲ။ တချို့ တိုင်းရင်းသားတွေဖက်က သူတို့ဟာ အစိုးရဖက်ကို ရပ်တည်တယ်။ သူတို့ကို အယုံအကြည်မရှိဘူးလို့ ပြောကြပါတယ်။ အဲဒီလို စွပ်စွဲသံတွေလည်း ကျနော်တို့ ကြားရပါတယ်။ ဆိုတော့ ဒေါက်တာမင်းဇော်ဦး က Myanmar Peace Center ရဲ့ ရပ်တည်ချက်ကို ဘယ်လို ပြောလိုပါသလဲ။ ဘယ်လို define အဓိပ္ပါယ်ဖွင့်လိုပါသလဲ။ ဒီနှစ်ဖက်ကြားမှာ။

ဒေါက်တာမင်းဇော်ဦး ။ ။ အဓိကတော့ ကျနော်တို့က peace process ဆိုတာ လက်ရှိ transition ဖြစ်လာသလဲဆိုတဲ့အပေါ်မှာ အခြေခံပြီး လုပ်ရတာ။ လုပ်ရတော့ ကျနော်တို့ Myanmar Peace Center ကို သမ္မတကနေ ဖွဲ့စည်းပေးခဲ့တာ။ ဖွဲ့စည်းပေးခဲ့တယ်ဆိုတော့ ကျနော်တို့က အစိုးရမူနဲ့လည်း တပိုင်းဆက်စပ်တယ်။ တဖက်ကလဲ ကျနော်တို့ လည်ပတ်တဲ့အခါမှာကြတော့ ကျနော်တို့က NGO ပုံစံမျိုးနဲ့ လည်ပတ်တာရှိတယ်။ Hybrid အရောပုံစံမျိုးနဲ့ လုပ်နေတာ။ တခုက အခုနက ဝေဖန်ကြတယ့် ဘာဖြစ်လို့ အစိုးရနဲ့ ဆက်စပ်လဲဆိုတဲ့ ဝေဖန်တဲ့အပိုင်းရှိတယ်။ လက်ရှိ ကျနော်တို့ရဲ့ အနေအထားအရ ဥပမာဆိုပါစို့ ကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတခုကို ကျနော်တို့ ကမကထလုပ်မယ်ဆိုလို့ရှိရင် ကျနော်တို့ Myanmar Peace Center အနေနဲ့ အစိုးရက အသိအမှတ်ပြုတဲ့ အဖွဲ့အစည်းတခု မဟုတ်ဘူးဆိုရင် ကျနော်တို့ ဘယ်လိုလုပ်ပြီး အစိုးရကလူတွေကို သွားခေါ်လို့ ရမလဲ။ တပ်မတော်ကလူတွေကို ဘယ်လိုဖိတ်လို့ ရမလဲ။ အဲဒီတော့ ဒါကလက်တွေ့ မြန်မာပြည်မှာရှိတဲ့ အနေအထား။ နောက်တခုက အခုတိုက်ပွဲတွေဖြစ်တယ်။ တိုက်ပွဲတွေကို ရပ်သွားနိုင်ဖို့အတွက် ကမကထဝင်ပြီးတော့ လုပ်ပေးမယ်။ ဝင်ညှိနှိုင်းပေးမယ်ဆိုရင် ကျနော်တို့ကို ဒီလို အသိအမှတ် မပြုထားဘဲနဲ့ ကျနော်တို့က ဘယ်လို တပ်မတော်နဲ့ သွားစကားပြောမလဲ။ နောက်တခုက တိုင်းရင်းသားတွေဖက်က အမြင်ပေါ့။ ဒါကတော့ ကျနော် ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒီကိစ္စတွေက အသံပေါင်းစုံကိုတော့ မေးသင့်တယ်လို့ထင်တယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ တိုင်းရင်းသားအင်အားစုတွေဖက်က ယုံယုံကြည်ကြည်နဲ့ Myanmar Peace Center ကို လာချဉ်းကပ်ပြီး ဒါလေးကိုဖြင့် အာဏာပိုင်တွေ လက်ခံနိုင်အောင် ပြောပြပေးတာမျိုး အဲဒီလို ချဉ်းကပ်တာ၊ ယုံကြည်အားကို ချဉ်းကပ်တာမျိုး ရှိပါသလား။

ဒေါက်တာမင်းဇော်ဦး ။ ။ အများကြီး ရှိတာပေါ့။ ဒါပေမဲ့ ကျနော်တို့ရဲ့ အခက်အခဲတွေက ဘာလဲဆိုတော့ ကျနော်တို့က နိုင်ငံရေးအဖွဲ့အစည်း မဟုတ်ဘူး။ နိုင်ငံရေးအဖွဲ့အစည်း မဟုတ်တော့ ကိုယ်ဘာလုပ်တယ်ဆိုတဲ့ဟာကို ဆိုင်ဘုတ်တပ်ပြီးတော့၊ သတင်းစာထဲမှာ ထည့်ရေးပြီးတော့ publicity ရအောင်၊ credit ရအောင် လုပ်တဲ့အဖွဲ့အစည်း မဟုတ်ဘူး။

ဦးကျော်ဇံသာ ။ ။ ဒေါက်တာမင်းဇော်ဦး ကျနော် နောက်တခု ဆက်မေးချင်တာက အခုလောလောဆယ် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး process ကို ကြည့်မယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဒါတွေ အကုန်လုံး အဆင်ပြေသွားရင် တိုင်းရင်းသားအင်အားစုတွေလဲပဲ အဲဒီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်လောက်အောင် လုပ်စေချင်တဲ့ စေတနာနဲ့ လုပ်နေကြတယ်လို့ သုံးသပ်ကြတယ်။ စေတနာဆိုတာထက် အဲဒီ လုပ်စေချင်တဲ့ ဆန္ဒနဲ့ လုပ်နေကြတယ်။ အဲဒီလို ဖြစ်လာနိုင်တဲ့ အလားအလာ မြင်ပါသလား။ ၂၀၁၅ မတိုင်ခင် ရွေးကောက်ပွဲမတိုင်ခင်မှာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကိစ္စ ပြေလည်ပြီးတော့ တိုင်းရင်းသားအင်အားစုတွေ အကုန်လုံး ဥပဒေဘောင်အတွင်းက၊ ဒီမိုကရေစီနည်းအရ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြလိမ့်မယ်။ သူတို့ လိုချင်တဲ့ဆန္ဒအတိုင်း။

ဒေါက်တာမင်းဇော်ဦး ။ ။ တိုင်းရင်းသားတွေဖက်ကတော့ အဓိက နိုင်ငံရေးအာမခံချက်ကို လိုချင်တယ်။ သဘောကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးသဘောတူညီချက်ကြီးတခု ရပြီးမှ သူတို့က သူတို့ရဲ့ လက်နက်ကိုင်အဖွဲ့တွေကို ပါတီအသွင်ပြောင်းတာတို့ဘာတို့က အဲဒီနောက်ပိုင်းမှာမှ ဖြစ်လာလိမ့်မယ်လို့ ကျနော် မြင်တယ်။ အဲဒီတော့ အဲဒီဟာကိုရဖို့ ၂၀၁၅ မတိုင်ခင်ရဖို့ဆိုတာတော့ ကျနော် တယောက်တည်းအမြင်နဲ့ ပြောရရင်တော့ ခက်ခဲမယ်လို့ထင်တယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ အခု ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ကြိုးပမ်းတဲ့အခါမှာ အဓိက အတားအဆီး ဘာလဲ။

ဒေါက်တာမင်းဇော်ဦး ။ ။ နံပတ် (၁) က ကျနော်တို့ အပစ်အခတ်ရပ်စဲရေးအဆင့်မှာ ပြောလို့ရှိရင် တပ်နေရာချထားရေးကိစ္စကို ပြီးအောင်လုပ်ရလိမ့်မယ်။ ဒါက အရမ်းအရေးကြီးတယ်။ တပ်နေရာ ချထားရေးကို ကျနော်တို့ လုပ်ပြီးတဲ့အခါမှာ နောက်တခုက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စားဝတ်နေရေးပြဿနာတွေကို ဝိုင်းဝန်းပြီး ဖြေရှင်းနိုင်ပေးဖို့လိုတယ်။ ဒါတွေကိုလည်း ကျနော်တို့ အဓိက မလုပ်ပေးနိုင်ဘူးဆိုရင် အပေါ်မှာ ဘယ်လောက်ပြီး ပြေလည်နေပြီး ငြိမ်းချမ်းရေးဆွေးနွေးဆွေးနွေး၊ အောက်ခြေမှာလည်း အဲဒီလို ထိတွေ့မှုတွေ ဆက်ဖြစ်နေမယ်လို့ ကျနော်မြင်တယ်။ အရေးကြီးတာတခုကတော့ အားလုံးက ဒါကို process တခုအနေနဲ့ ဖြစ်စဉ်တခုအနေနဲ့ အားလုံး စိတ်ရှည်လက်ရှည်နဲ့ သည်းခံဖို့တော့ ကျနော်တို့ လိုလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံရေးကိစ္စအနေနဲ့ကော အရေးကြီးတဲ့အချက် ဘာတွေရှိပါသလဲ။ တပ်နေရာ ခွဲခြားသတ်မှတ်ဖို့ကိစ္စ။ စားဝတ်နေရေး၊ လူထုဘဝ အဆင်ပြေရေး လုပ်တဲ့ကိစ္စတွေအပြင်။ ဥပမာအားဖြင့် နိုင်ငံရေးအားဖြင့် မပြေလည်မှုတွေ ဘယ်လိုဟာတွေ ဖြစ်နိုင်ပါသလဲ။

ဒေါက်တာမင်းဇော်ဦး ။ ။ အဓိက နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့။ ဒီ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးပြီဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေးဆိုတဲ့ကိစ္စကလည်း ပါကိုပါနေတယ်။ နောက်တခုက တချို့ ဒီပြဿနာတွေက အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တင်မကဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာရှိတဲ့ ပြဿနာတွေ အများကြီးရှိတယ်။ ဥပမာ ရှမ်းပြည်နယ်ဆိုရင် အများကြီး ရှုပ်ထွေးတယ်။ ရှမ်းပြည်နယ်ပြဿနာကို ဖြေရှင်းတဲ့အခါမှာ အစိုးရ နဲ့ လက်နက်ကိုင်အဖွဲ့ တဖွဲ့ချင်းဆီတောင် မဟုတ်ဘဲနဲ့၊ အားလုံးကြားထဲမှာ လက်ခံနိုင်တဲ့ အဖြေတခုထွက်ဖို့ လိုလိမ့်မယ်။ ကချင်ပြည်နယ်မှာဆိုရင် ရှမ်းနဲ့ ကချင်နဲ့ကိစ္စတွေ ဒါတွေက အများကြီးရှေ့လျှောက် စကားပြောရမယ့် ပြဿနာတွေလို့ ကျနော်မြင်တယ်။
XS
SM
MD
LG