သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဂ္ဂိုလ်စွဲ နိုင်ငံရေးမှ အဖွဲ့အစည်းအခြေပြု နိုင်ငံရေးသို့


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာအစီအစဉ်မှာ မြန်မာ့နိုင်ငံရေးမှာ လူပုဂ္ဂိုလ်ရေးဆန်တဲ့ နိုင်ငံရေးကနေ အဖွဲ့အစည်းအခြေပြုတဲ့ နိုင်ငံရေး ဖြစ်တည်ပြောင်းလဲလာနိုင်မယ့် အခြေအနေ၊ အလားအလာတို့ကို မြန်မာ့အရေးလေ့လာ စောင့်ကြည့်နေသူ ဝါရှင်တန်ဒီစီ Georgetown တက္ကသိုလ်မှ ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ဆိုတာ တနှစ်ပဲလိုပါတော့တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ ဘယ်လို နိုင်ငံအကြောင်းအရာတွေ၊ ဘယ်လို issue တွေကို ဘယ်လိုကိုင်တွယ်မယ်ဆိုတဲ့ ပြောသံဆိုသံကို သိပ်မကြားရဘဲနဲ့ ဘယ်သူနဲ့ ဘယ်သူဟာ မဟာမိတ်ဖွဲ့ကြတယ်။ ဘယ်သူနဲ့ဘယ်သူဟာ သိပ်မတည့်ကြဘူး။ ဘယ်သူနဲ့ဘယ်သူ ပြိုင်မယ်စသဖြင့် ဒီလူပုဂ္ဂိုလ်ရေးရာတွေပဲ လွှမ်းမိုးနေတာကို တွေ့ရပါတယ်။ တနည်းအားဖြင့်ပြောရင် မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးဟာ personalized politics ဖြစ်နေတယ်။ Institutionalized politics ဖြစ်မနေပါဘူး။ အဲဒါ ဘာကြောင့်လို့ -

Prof. Steinberg ။ ။ ဒါကတော့ ဟိုအစကတည်းက မြန်မာ့နိုင်ငံရေးဟာ ပုဂ္ဂိုလ်ရေးနဲ့အာဏာ ဆက်စပ်နေပါတယ်။ ဒီနိုင်ငံရဲ့ အာဏာဆိုတာ လူပုဂ္ဂိုလ်အပေါ် သိပ်ကိုမူတည်နေပါတယ်။ လူ့အဖွဲ့အစည်းတွေဟာ ပိုမိုရင့်ကြပ်တဲ့ နိုင်ငံရေးစနစ်ကို ရောက်ရှိလာတာနဲ့အမျှ အာဏာဆိုတာ အဖွဲ့အစည်းကို အခြေခံလာတတ်ပါတယ်။ အုံနဲ့ကျင်းနဲ့ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အာဏာဆိုတာ လူပုဂ္ဂိုလ်တဦးတယောက်ရဲ့ ကိုယ်ရေးကိုယ်တာ မဟုတ်တော့ဘဲ အဲဒီပုဂ္ဂိုလ် ပါဝင်တဲ့အဖွဲ့အစည်းတခုလုံးနဲ့ ပတ်သက်လာပါတယ်။ ဥပမာ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ အာဏာကြီးမားတဲ့ ပုဂ္ဂိုလ်တွေပါလာတယ်ဆိုရင် အဲဒီ ကွန်ဂရက်တခုလုံး ပိုမိုအင်အားကြီးလာတတ်ပါတယ်။ ဒါက သိပ်အရေးကြီးပါတယ်။ ခွဲခြားနားလည်းဖို့လည်း လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အာဏာဟာ လူပုဂ္ဂိုလ်တဦးတယောက်နဲ့ ပတ်သက်နေတယ်ဆိုတာကတော့ သိပ်အံ့သြစရာတော့ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံမှာလည်း လူပုဂ္ဂိုလ်တဦးတယောက်နဲ့ ပတ်သက်တဲ့ နိုင်ငံရေး personalized politics ကနေပြီးတော့ အုံနဲ့ကျင်းနဲ့ အဖွဲ့အစည်းကို အခြေပြုတဲ့ institutionalized politics ဖြစ်လာဖို့အတွက် အချိန်ဘယ်လောက်ကြာအုံးမယ်လို့ ခန့်မှန်းနိုင်ပါသလဲ။

Prof. Steinberg ။ ။ ဒါကတော့ အတော်ကို ကြာအုံးမှာပါ။ ဒီအဆောက်အအုံတွေကို ဖွံ့ဖြိုးအောင် လုပ်ရအုံးမှာပါ။ လူထုအနေနဲ့ကလည်း ဒီအဆောက်အအုံ၊ အဖွဲ့အစည်းတွေကို မှီခိုရပ်တည်လာကြရမှာ ဖြစ်ပါတယ်။ အာဏာကြီးမားတဲ့ပုဂ္ဂိုလ်တွေအနေနဲ့လည်း ဒီအဆောက်အအုံ အဖွဲ့အစည်းဆိုတာဟာ လူပုဂ္ဂိုလ်တဦးချင်းထက် ပိုမိုအဓွန်ရှည် ခိုင်မြဲတယ်ဆိုတာကို နားလည်းသဘောပေါက်ကြရပါလိမ့်မယ်။ သူတို့ဟာ သူတို့လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို တကယ်တမ်း မျှော်မှန်းတယ်၊ လိုလားတယ်ဆိုရင် ဒီ institution တွေ အဆောက်အအုံတွေကို ခိုင်မာကြီးထွားအောင် လုပ်ပေးကြဖို့ လိုအပ်ပါတယ်။ နောက်ပြီး ဒီမိုကရေစီတခုရဲ့ ဂုဏ်အင်္ဂါတရပ်ဟာ pluralism ကွဲလွဲထွေပြားတဲ့ အယူအဆကို အခြေခံတယ့်အချက်ပါ။ ဒါကြောင့် အုပ်ချုပ်ရေးကဏ္ဍ၊ တရားဥပဒေပြုကဏ္ဍနဲ့ တရားစီရင်ရေးကဏ္ဍတို့အကြား တစုံတခုသော အတိုင်းအတာအထိ ကွဲလွဲမှု ရှိတတ်ပါတယ်။ တင်းမာမှုဆိုတာလည်း အထိုက်အလျောက် ရှိနိုင်ပါတယ်။ ဒါကို မကောင်းတဲ့အချက်လို့ မဆိုနိုင်ပါဘူး။ မြန်မာပြည်ဆိုရင် စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီအသွင် ပြောင်းနေတဲ့ကာလဆိုတော့ တင်းမာမှုကို ပိုပြီးတော့ တွေ့ရမှာပါ။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ မြန်မာနိုင်ငံဟာ အခုလက်ရှိ ပုဂ္ဂိုလ်တဦးချင်း အခြေပြုတဲ့နိုင်ငံရေးကနေ နောက်တဆင့် လှမ်းနေတာဟာ အဆောက်အအုံကို အခြေပြုတဲ့နိုင်ငံရေးဆီကို ပြောင်းလဲနေတယ်လို့ မှန်မှန်ကန်ကန် ပြောနိုင်ပါရဲ့လား။ တနည်းအားဖြင့် အဲဒီလို မဟုတ်ဘဲနဲ့ ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မှု cult of personality ခေါ်တဲ့ ဘက်ကို ဦးတည်သွားတယ်ဆိုတာကော မဖြစ်နိုင်ဘူးလား။

Prof. Steinberg ။ ။ မြန်မာနိုင်ငံဟာ အဆောက်အအုံအခြေပြု နိုင်ငံရေးဆီကို ဦးတည်နေတယ်လို့ ကျနော်အနေနဲ့ မပြောနိုင်ပါဘူး။ ဖြစ်ပါစေလို့ပဲ ကျနော် မျှော်လင့်ပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ဒီလိုပဲ ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ လူတိုင်းဟာ ပုဂ္ဂိုလ်တဦးချင်းကို ဦးတည်အခြေပြုနေတာကို တွေ့နေရပါတယ်။ အတိုက်အခံပဲဖြစ်ဖြစ်၊ အစိုးရဖက်မှာပဲဖြစ်ဖြစ် အခိုင်အမာဆုံး၊ အတောင့်အတင်းဆုံးဖြစ်တဲ့ စစ်တပ်မှာတောင် ပုဂ္ဂိုလ်တဦးချင်းဆီ ဗဟိုပြုနေတာကို တွေ့ရပါတယ်။ ၁၉၆၂ ခုနှစ်ကတည်းက စစ်တပ်ဟာ ဒီအတိုင်း လုပ်လာတာပါ။ ဒါဟာ စိတ်ပျက်စရာကောင်းတယ်ဆိုပေမယ့် အံ့သြစရာတော့ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီလိုမျိုး ပုဂ္ဂိုလ်တဦးတယောက်ကို အခြေပြုနေတဲ့ နိုင်ငံရေးသာ ဖြစ်နေမယ်ဆိုရင် တိုင်းပြည်အနာဂတ်အတွက် ကောင်းပါရဲ့လား။

Prof. Steinberg ။ ။ တိုင်းပြည်အနာဂတ်အတွက် ဒါကို ပြောင်းလဲပြစ်ရပါလိမ့်မယ်။ ခင်များပြောတဲ့ လက်ရှိ အဓိကဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ မျက်နာချင်းဆိုင်ထိုင်ပြီးတော့ ဒီအချက်၊ ဒီအချက်တွေကိုပြင် ငါတို့ကတော့ သဘောမတူဘူး။ ဒါပေမဲ့ တိုင်းပြည်အနာဂတ်အတွက် တူညီတဲ့ပန်းတိုင်တရပ်ဆီကို ငါတို့ ဦးတည်ကြမယ်။ ဥပမာဆိုပါစို့ လူနည်းစု ပြဿနာတွေကို ဘယ်လိုကိုင်တွယ်မယ်။ မူစလင်တွေကိစ္စ ဘယ်လိုကိုင်တွယ်မယ်။ ဒါတွေကို ဘယ်လိုရှုမြင်သုံးသပ်မယ်ဆိုတာတွေကို ညှိကြရပါလိမ့်မယ်။ အနောက်တိုင်းရဲ့အမြင်နဲ့ ကိုင်တွယ်စရာ မလိုပါဘူး။ မြန်မာ့ရှုထောင့်ကပဲကြည့်ပြီး မျှမျှတတ လုပ်ကြဖို့ လိုပါတယ်။ မြန်မာတွေပဲ ဆုံးဖြတ်ကိုင်တွယ်ကြရမှာပါ။

ဦးကျော်ဇံသာ ။ ။ အခုမြန်မာပြည်မှာတော့ အထင်ကရ ပုဂ္ဂိုလ်ကြီးတွေက အခုန ဆရာကြီးပြောတဲ့အတိုင်း တိုင်းပြည်ကိစ္စကို ထိုင်ပြီးတော့ ညှိနှိုင်းဖို့၊ ပြောဆိုကြတာ သိပ်မကြားရပါဘူး။ ကြားနေရတဲ့ သတင်းတွေအရဆိုရင် ဘယ်သူဟာဖြစ် ဘယ်သူနဲ့ အလွမ်းသင့်တယ်။ ဘယ်သူနဲ့ မဟာမိတ်ဖြစ်နေတယ်။ ဘယ်သူကတော့ ဘာလိုချင်လို့ ဘယ်သူကို ကပ်နေတယ်။ ဒါမျိုးတွေပဲ ကြားနေရပါတယ်။

Prof. Steinberg ။ ။ ကောင်းပါပြီ။ ဒါဆိုရင် ဗမာပြည်မှာက အခုအခါမှာ သတင်းစာလွတ်လပ်ခွင့်တွေကလည်း အတော်အသင့် ရှိနေပါပြီ။ ဒီလို ကိုယ်ရေးကိုယ်တာတွေထားပြီး တိုင်းပြည်အရေးကိစ္စတွေကို ပြောကြပါစို့ဆိုပြီး သတင်းစာတွေက ဘာကြောင့် မပြောကြတာလဲ။ ဒီလို မီဒီယာတွေကတဆင့် လူထုဟာ နိုင်ငံရေးအထင်ကရ ပုဂ္ဂိုလ်တွေကို ဖိအားပေးကြရမှာ ဖြစ်ပါတယ်။ ဒါဟာ အခွင့်အရေးပါ။ ပြောတဲ့နေရာမှာ ဦးဘယ်သူ၊ ဒေါ်ဘယ်သူဘယ်ဝါဆိုပြီး ပုဂ္ဂိုလ်စွဲနဲ့ ပြောဖို့မဟုတ်ပါဘူး။ ဒီပုဂ္ဂိုလ်ကြီးတွေဟာ လူနည်းစုကိစ္စ၊ လူထုကျန်းမာရေး၊ ပညာရေး၊ ဆင်းရဲနွှမ်းပါးမှုစတဲ့ ဒီလိုပြဿနာတွေကို ပြောကြဖို့၊ ဆွေးနွေးကြဖို့ကို တွန်းအားပေးကြရမှာပါ။

ဦးကျော်ဇံသာ ။ ။ ခက်တာက မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်ဆိုတာ အကန့်အသတ်ရှိနေဆဲ ဖြစ်ပါတယ်။ ပိုဆိုးတာက မီဒီယာ တော်တော်များများဟာ အခုန အထင်ကရ ပုဂ္ဂိုလ်တွေထဲက တချို့ဆိုရင် မဝေဖန်ရဲဘူးခင်များ။ သူတို့ရဲ့ လူကြိုက်များမှုဟာ မီဒီယာထက်ကို များစွာအရှိန်အဝါ ကြီးမားနေတာ တွေ့ရပါတယ်။

Prof. Steinberg ။ ။ ဟုတ်ပါတယ်။ ဒါကလည်း ပြဿနာတခုပါ။ ဒါပေမဲ့ အခုဟာက အသွင်ကူးပြောင်းရေးကာလပါ။ ၁၉၆၂ ခုနှစ်ကတည်းက ဆင်ဆာဖြတ်တောက်မှု ရှိလာခဲ့ပါတယ်။ အခုလွတ်လပ်ခါစ သိပ်တော့အကဲဆတ်နေပါသေးတယ်။ နားလည်းရဖို့လည်း ခက်နေပါတယ်။ လွတ်လပ်ခွင့်တွေမှာ အကန့်အသတ်တွေကတော့ ရှိနေပါတယ်။ ဘယ်အထိ ဆက်သွားမယ်ဆိုတာ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းပေါ် မူတည်ပါတယ်။ ဒါပေမဲ့ ကျနော့်အမြင် ပြောမယ်ဆိုရင်တော့ သက်ဆိုင်ရာ အထင်ကရ ပုဂ္ဂိုလ်တွေကိုယ်၌က ဒီအခက်အခဲတွေကို သိမြင်နားလည်းရမယ်။ ကျော်လွှာနိုင်အောင်လည်း ကြိုးစားကြရမယ် ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တချက်က မြန်မာနိုင်ငံမှာ ဒီလို ပုဂ္ဂိုလ်ရေးကို အခြေပြုတဲ့ နိုင်ငံရေးထွန်းကားနေတာဟာ မြန်မာနိုင်ငံမို့လို့များ ပိုဖြစ်နေတာလား။ ကျနော် စဉ်းစားမိတာက မြန်မာလူမျိုးတွေရဲ့ အစဉ်အလာကို၌က ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မှုကို သိပ်ပြီးတော့ နှစ်သက်မြတ်နိုးကြတယ့်သဘောမျိုး ကျနော် တွေ့ရလို့ပါ။ အဲဒီလို ယဉ်ကျေးမှုနဲ့များ ဆက်စပ်ပြီး မြန်မာနိုင်ငံမှာပဲ ဒီလို ဖြစ်နေသလား။

Prof. Steinberg ။ ။ မြန်မာနိုင်ငံမှာပဲ ဒီလို ထူးထူးခြားခြား ဖြစ်နေတယ်လို့တော့ ကျနော် မထင်ပါဘူး။ နိုင်ငံတိုင်း လူ့အဖွဲ့အစည်းတိုင်းမှာ သူ့ပုံစံနဲ့သူ ရှိတတ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ အနောက်နိုင်ငံလူ့အဖွဲ့အစည်းတွေမှာ ယေဘုယျအားဖြင့်တော့ အဖွဲ့အစည်းတွေဟာ ပုဂ္ဂိုလ်ကြီးတဦးချင်းထက် အာဏာပိုရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ချွင်းချက်တချို့တော့ နိုင်ငံအလိုက် ရှိနေပါတယ်။ ဒီနေရာမှာ အတွေးအခေါ်ဆန်တဲ့ သဘောထားတရပ် ရှိနေပါတယ်။ အာဏာဆိုတာ အကန့်အသတ်မရှိ ကျယ်ပြန့်တယ်လို့ ယူဆတဲ့လူ့အဖွဲ့အစည်းတွေမှာ အာဏာကို ခွဲဝေဖို့ ဝန်မလေးတတ်ကြပါဘူး။ ဒါပေမဲ့ အာဏာဆိုတာ အကန့်အသတ် ရှိတယ်လို့ မြင်ကြရင်တော့ ဘယ်သူနဲ့မှ ခွဲဝေမယူချင်ကြပါဘူး။ ဒါဟာ အတွေးအခေါ် အယူအဆ တရပ်ပါ။

ဦးကျော်ဇံသာ ။ ။ နောက်တခု မြန်မာပြည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပုံရိပ်ဟာ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ဟာ ဒီမိုကရေစီခေါင်းဆောင်ဖြစ်တယ်။ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ အင်အားစုဖြစ်တယ်ဆိုပြီးတော့ ဖြစ်နေတာပါ။ လူတိုင်းက လက်ခံထားကြပါတယ်။ ဆိုတော့ သူတို့ပါတီက ဘာလုပ်လာမလဲ။ သူ အာဏာရရင် ဘာလုပ်လာမလဲဆိုတာကို လူတွေ စိတ်မဝင်စားကြတော့ဘူး။ ဒါကို စမ်းစစ်နေစရာ မလိုဘူးဆိုပြီးတော့များ လက်ခံထားကြတာလား။

Prof. Steinberg ။ ။ ကျနော်တော့ မသိပါဘူး။ ကျနော် သိတာကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဆန်တဲ့ အဖွဲ့အစည်း တခုမှ မရှိဘူးဆိုတာပဲ ဖြစ်ပါတယ်။ NLD လည်း ဒီမိုကရေစီနည်းကျတဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီလည်း ဒီမိုကရေစီ မဆန်ပါဘူး။ တရားစီရင်ရေးလည်း လွတ်လပ်မှု မရှိပါဘူး။ စစ်တပ်ဆိုတာကတော့ အစကတည်းက ဒီမိုကရေစီ မရှိတာပါ။ ဒါကြောင့် အချိန်ယူရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ စိတ်ပျက်စရာကောင်းတယ် ဆိုပေမယ့်လည်း အံ့သြစရာ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆရာကြီးက NLD က ဒီမိုကရေစီဆန်တဲ့ အဖွဲ့အစည်း မဟုတ်ဘူးဆိုတော့ ဒါကို NLD က လက်ခံပါ့မလား။

Prof. Steinberg ။ ။ လက်ခံမယ် မထင်ပါဘူး။ ကျနော် ပြောတာက ဘယ်သူမှ လက်ခံကြမှာတော့ မဟုတ်ပါဘူး။ ကျနော်ကလည်း သူတို့ လက်ခံဖို့ မမျှော်လင့်ပါဘူး။ ဒါပေမဲ့ လူတွေဟာ တိုင်းပြည်တခုလုံး အကျိုးရှိတဲ့ကိစ္စဟာ ဘာလဲဆိုတာ ပုဂ္ဂိုလ်ရေးတွေ ဘေးဖယ်ထားပြီး စဉ်းစားသင့်ပါတယ်။ အဓိကတော့ မြန်မာတွေ လုပ်ကြရမှာပါ။ တချို့မြန်မာတွေ လုပ်ကြတာတွေလည်း ရှိပါတယ်။ မြန်မာပြည်အပေါ်မှာ စေတနာရှိတဲ့ နိုင်ငံခြားသားတွေလည်း ဒါကို စဉ်းစားကြရပါမယ်။ နားဝင်မချိုပေမယ့် အမှန်ကို ပြောကြရပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ NLD ကို ဒီမိုကရေစီ မဆန်ဘူးလို့ ဘာလို့ ပြောရသလဲဆိုတာကိုလည်း နည်းနည်းရှင်းပြပါ။

Prof. Steinberg ။ ။ ဆုံးဖြတ်ချက်တွေကို ခေါင်းဆောင်ပိုင်းက ချမှတ်တယ်။ ခေါင်းဆောင်မှုတဖွဲ့လုံးက ဒီဆုံးဖြတ်ချက်ကို ချမှတ်ကြတာမျိုး မဟုတ်ပါဘူး။ NLD ဟာ ဒီမိုကရေစီဆန်တဲ့ အဖွဲ့အစည်းအဖြစ် တခုကိုတော့ ရောက်လာမှာပါ။ မဖြစ်နိုင်ဘူးလို့ ကျနော် မဆိုလိုပါဘူး။ ဒါပေမဲ့ အခုလက်ရှိမှာတော့ ဆုံးဖြတ်ချက်တွေကို အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကပဲ ချမှတ်နေတာ ဖြစ်ပါတယ်။ ဒီလို ဆုံးဖြတ်ချက်ကို မကြိုက်ရင် ပါတီကထွက်ပြီး ပါတီသစ် ထောင်နိုင်ပါတယ်။ တချို့ဆိုရင် ဒီအတိုင်းပဲ လုပ်ခဲ့ကြတာပါ။ ကျနော်က ဘယ်သူကိုမှ ဘယ်အဖွဲ့အစည်းကိုမှ ကွက်ပြီးဝေဖန်နေတာမျိုး မဟုတ်ပါဘူး။ ဒီလိုအခြေအနေမှာ ဒီလူ့အဖွဲ့အစည်းမှာ ဖြစ်နေတာကို ပြောတာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီလို လူပုဂ္ဂိုလ်အပေါ်မှာ အခြေပြုပြီးတော့ မဲပေးခဲ့ကြမယ်။ ရွေးကောက်ပွဲရလဒ် ပေါ်ထွက်လာမယ်ဆိုရင် ဘယ်လို ဖြစ်လာမလဲ။

Prof. Steinberg ။ ။ ပါတီတခုချင်းဆီက သီးခြားမူဝါဒတရပ်ဆီ ကြေညာလာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလို မူဝါဒ ကြေညာချက် platform ဆိုတာ ပညာရေး ပိုကောင်းအောင်၊ ကျန်းမာရေး ပိုကောင်းအောင် လုပ်မယ်ဆိုတာနဲ့ မပြီးသေးပါဘူး။ ဒါတွေ ပိုကောင်းအောင် ဘယ်လိုလုပ်မယ်ဆိုတဲ့ လုပ်ငန်းစဉ်နဲ့တကွ ချပြရပါလိမ့်မယ်။ အခုတော့ ကျန်းမာရေး၊ ပညာရေး နဲ့ ပိုမိုကောင်းမွန်တဲ့ ဘဝအခြေအနေကိုပဲ ပြောနေကြပါတယ်။ ဒါတွေကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒီလောက်နဲ့တော့ မလုံလောက်ပါဘူး။
XS
SM
MD
LG