စစ်ဗိုလ်နဲ့ ခရိုနီ အရင်းရှင်လူတန်းစားကြီးပွားတဲ့ခေတ်မှာ ပြည်သူလူထုဟာ အကျိုးမခံစားကြရတာ များပါတယ်။ သံယဇာတကရတဲ့ ဝင်ငွေဟာ လူတစုလက်ထဲ ရောက်နေပါတယ်။ စီးပွားရေးတိုးတက်မှု (၄၀) ရာခိုင်နှုန်းဟာ ရန်ကုန် နဲ့ မန္တလေးတဝိုက်မှာ ဖြစ်နေတာမို့ တပြည်လုံး သာယာဝပြောအောင်လုပ်နိုင်ဖို့ လိုနေပါတယ်။ အားလုံးသာယာဝပြောရေးအတွက် ချမှတ်ကျင့်သုံးရမယ့် မူဝါဒတွေကို ကမ္ဘာ့ဘဏ်အုပ်စုက မကြာမီက သုတေသနစာတမ်း ထုတ်ဝေပါတယ်။ All Aboard: Policies for shared prosperity ဆိုတဲ့ စာတမ်းပါ။ နယ်ပယ် (၆) ခုမှာ သင့်တော်တဲ့ မူဝါဒတွေ ချမှတ်ဖို့ အကြံပေးထားပါတယ်။
လူ့စွမ်းရည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာရေး နဲ့ ကျန်းမာရေးဝန်ဆောင်မှု တိုးချဲ့ရေး၊ စိုက်ပျိုးရေး မြှင့်တင်ပြီး ကျေးလက်ဆင်းရဲမှုလျော့ပါးရေး၊ ပုဂ္ဂလိက လုပ်ငန်းရှင်သန်တိုးတက်မယ့် အခြေအနေသစ် ဖန်တီးရေး၊ အနာဂတ်မှာ ငွေကြေးအရင်းအနှီး တိုးပွားလာဖို့အတွက် ပွင့်လင်းခေတ်မီတဲ့ ဘဏ္ဍာရေးစနစ် တည်ဆောက်ရေး၊ တပြည်လုံးစွမ်းအင်သုံးစွဲနိုင်ရေး၊ အစိုးရလုပ်ငန်းကဏ္ဍ ပွင့်လင်းမြင်သာရေးနဲ့ တာဝန်ခံရေးစတဲ့ နယ်ပယ် (၆) ခုမှာ စာတမ်းတခုစီပြုစုပြီး အကြံဉာဏ်ပေးထားတာ ဖြစ်ပါတယ်။ ဒီအကြံပေးချက်ကို လက်ခံကျင့်သုံးနိုင်ရင် အားလုံးသာယာဝပြောလိမ့်မယ်လို့ ဆိုပါတယ်။
တိုးချဲ့လာတဲ့ စီးပွားရေးအခွင့်အလမ်းတွေမှာ ကျေးလက်လူထု ပါဝင်လုပ်ကိုင်နိုင်မှသာ အားလုံးသာယာဝပြောရေးလမ်းစဉ် အောင်မြင်နိုင်ပါလိမ့်မယ်။ တိုင်းရင်းသားတွေအပါအဝင် လူထုအများစုဟာ ကျေးလက်မှာနေထိုင်ပြီး အမြတ်အစွန်းသိပ်မရတဲ့ စိုက်ပျိုးရေးနဲ့ အသက်မွေးနေသူတွေ ဖြစ်ပါတယ်။ ဥပမာ ဆန်စပါးတဧကမှာ မြန်မာက (၅၆) ဒေါ်လာသာ အမြတ်ရပေမယ့် ကမ္ဘောဒီယားမှာ (၁၃၈) ဒေါ်လာ၊ ဗိယက်နမ်မှာ (၁၇၄) ဒေါ်လာ အမြတ်ရပါတယ်။ လယ်ယာပြုပြင်ရေးကြောင့် လွန်ခဲ့တဲ့ (၄) နှစ်အတွင်း စိုက်ပျိုးရေးကဏ္ဍ (၂) ရာခိုင်နှုန်းကနေ (၅) ရာခိုင်နှုန်းအထိ တိုးပွားလာပါတယ်။
လယ်ယာပုဂ္ဂလိကလုပ်ငန်း နဲ့ ဝန်ဆောင်မှုလုပ်ငန်းကို မြှင့်တင်ပြီး အထွက်တိုးအောင်လုပ်ရင်း တချိန်တည်းမှာပဲ ဆင်းရဲမှု လျော့နည်းသွားအောင် လုပ်ရမယ်လို့ ဆိုပါတယ်။ ကျေးလက်လူထု ဗဟိုပြုတဲ့ မူဝါဒကျင့်သုံးဖို့ ဖြစ်ပါတယ်။
အားလုံးပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်လာအောင် လုပ်ဆောင်ရာမှာ ကုန်သွယ်မှုနဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နံှမှုဟာ အဓိကကျကြောင်း မလေးရှား၊ ထိုင်း နဲ့ ဗိယက်နမ်က သက်သေပြနေတယ်လို့ ဆိုပါတယ်။ ဒီနိုင်ငံတွေမှာ ပြုပြင်ရေးလုပ်ပြီး ပြိုင်ဆိုင်မှု စွမ်းရည်မြှင့်တင်မှု၊ မြေယာပိုင်ဆိုင်ခွင့်ရှိမှု၊ နိုင်ငံပိုင်လုပ်ငန်းပြုပြင်မှု စတာတွေဟာ မြန်မာအတွက် သင်ခန်းစာ ဖြစ်ပါတယ်။
ဒါပေမဲ့ နိုင်ငံခြားအရင်းအနှီးကို အောင်မြင်စွာအသုံးချနိုင်ဖို့အတွက် အခြေခံအဆောက်အအုံမှာ အကြီးအကျယ် ရင်းနှီးမြုပ်နံှဖို့ လိုပြန်ပါတယ်။ ပုဂ္ဂလိက ရင်းနှီးမြုပ်နံှမှုကို မြှင့်တင်ရာမှာ သိသာမြင်သာပြီး ခန့်မှန်းနိုင်တဲ့ စည်းမျဉ်းတွေရှိရင် အဂတိလိုက်စားမှုနဲ့ အာဏာပါဝါပြမှုတွေ လျော့နည်းသွားနိုင်ပါတယ်။ စီးပွားရေးစီမံချက်ကို တိုင်းရင်းသားနဲ့ ဆွေးနွေးဖို့ နဲ့ အစိုးရနဲ့ ပုဂ္ဂလိက ဆွေးနွေးနိုင်တဲ့ စီးပွားရေးဆွေးနွေးပွဲတွေ လုပ်ဖို့လည်း တင်ပြထားပါတယ်။
လွန်ခဲ့တဲ့ (၄) နှစ်အတွင်း မြန်မာဘဏ္ဍာရေးစနစ် ချဲ့ထွင်ာတာဟာ ပြည်တွင်းပြည်ပ ကုန်သွယ်မှုကို တိုးပွားစေပါတယ်။ ပုဂ္ဂလိကဘဏ်ကဏ္ဍဟာ (၅၀) ရာခိုင်နှုန်း နှစ်စဉ်တိုးပွားလာတာမို့ ဘဏ်အပ်ငွေဟာ တိုင်းပြည်အသားတင် ထုတ်လုပ်မှုရဲ့ (၁၇) ရာခိုင်နှုန်းကနေ (၃၀) ရာခိုင်နှုန်းအတိ တိုးပွားလာပါတယ်။
ပုဂ္ဂလိကလုပ်ငန်း၊ နိုင်ငံပိုင်လုပ်ငန်းနဲ့ မိသားစုတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တဲ့ ငွေကြေးဝန်ဆောင်မှု တိုးတက်ဖွံ့ဖြိုးဖို့ လိုပါတယ်။ အဲဒီအခါမှသာ အားလုံးပါဝင်နိုင်တဲ့ ဖွံ့ဖြိုးမှုကို ရှေ့ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘဏ္ဍာရေးဥပဒေများ အားကောင်းခိုင်မာရေး၊ ခေတ်မီ electronic ငွေပေးချေစနစ်ရှိရေး၊ ငွေကြေးအခြေခံ အဆောက်အအုံခေတ်မီဖို့အတွက် နိုင်ငံပိုင်ဘဏ်ကို ပြုပြင်ရေး၊ အသေးစားငွေချေးလုပ်ငန်းနဲ့ အာမခံလုပ်ငန်း မြှင့်တင်ရေးစတာတွေကို ဦးစားပေးဖို့ အကြံပြုထားပါတယ်။
သင့်တော်တဲ့ဈေးနှုန်းနဲ့ စွမ်းအင်အသုံးပြုနိုင်ရေးဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးတာကြောင့် လျှပ်စစ်ဓါတ်သုံးစွဲမှု အလွန်နိမ့်ကျတာကို ၂၀၁၁ ကစပြီး ပြောင်းလဲဖို့ ကြိုးစားလာခဲ့ပါတယ်။ လျှပ်စစ်ဓါတ်အားသုံးသူ နှစ်စဉ် (၅) သိန်း တိုးပွားရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ ပုဂ္ဂလိက ရင်းနှီးမြုပ်နံှမှုရှိရေး၊ စီးပွားရေးဆန်ဆန်လုပ်နိုင်အောင် ကော်ပိုရေးရှင် တည်ဆောက်ရေး၊ သဘာဝနဲ့ လူမှုရေးရာကို မထိခိုက်စေဘဲ ဓါတ်ငွေ့နဲ့ စွမ်းအင်ထုတ်လုပ်ရေး စတာတွေကို အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။
နိုင်ငံပိုင်လုပ်ငန်းကဏ္ဍမှာ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုနဲ့ ပြည်သူလူထုပါဝင်မှု အားနည်းပြီး အဂတိလိုက်စားမှုများတာမို့ တိုင်းသူပြည်သား အယုံအကြည် မရှိတာများပါတယ်။ ပြည်သူယုံကြည်လာအောင် လုပ်ရမယ့် ပြုပြင်ရေးလုပ်ငန်းတွေကို ထောက်ခံတင်ပြထားပါတယ်။ အခွန်စည်းကြပ်မှု ပြုပြင်ရေးကြောင့် လာမယ့်နှစ်တွေမှာ အစိုးရဝင်ငွေ တိုးပွားလာဖွယ်ရှိတာမို့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းမှာလည်း အသုံးစရိတ် ပိုများလာနိုင်ပါတယ်။ ဒါပေမဲ့ အခြားပြဿနာတွေကြောင့် မတိုးတက်နိုင်ဘဲ ဖြစ်သွားနိုင်ပါတယ်။ အားလုံးသာယာဝပြောရေးအတွက် မူဝါဒလမ်းစဉ်ချမှတ်ရာမှာ တိုင်းသူပြည်သားတွေ ပါဝင်ဆွေးနွေးနိုင်အောင် ရည်ရွယ်ပြီး စာတမ်းထုတ်ရတာလို့ ကမ္ဘာ့ဘဏ်အဖွဲ့က နိဂုံးချုပ်ထားပါတယ်။