သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရ ခွင့်ပြုမှ ဆန္ဒပြနိုင်တဲ့ဘဝ


မြန်မာလယ်သမားများ ဆန္ဒပြနေစဉ်
မြန်မာလယ်သမားများ ဆန္ဒပြနေစဉ်

လက်ပံတောင်းတောင် တရုတ်-မြန်မာ ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြသူ ဒေါ်နော်အုန်းလှ သြဂုတ်လနှောင်းပိုင်းမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၂) နှစ် ကျခံသွားရတာဟာ ဒီမိုကရေစီအသိုင်းအဝိုင်းမှာ အတော်လေးဂယက်ရိုက်သွားပါတယ်။ ဆန္ဒပြခွင့် အကြိမ်ကြိမ်လျှောက်ထားပေမယ့် ခွင့်ပြုချက်မရတဲ့အတွက် မူလစီစဉ်ထားတဲ့အတိုင်း ဆန္ဒပြရတာလို့ ဆိုပါတယ်။ ဆန္ဒပြသူ အမျိုးသမီးတစုကို အကြမ်းဖက်ဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့ရဲ့အပြုအမှုကို မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ်က အပြင်းအထန် ရှုတ်ချပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရွှေတိဂုံစေတီမှာ အပတ်စဉ်ဆုတောင်းပွဲ လုပ်တုန်းကလည်း ဒေါ်နော်အုန်းလှဟာ မကြာခဏ အဖမ်းခံရသူတဦး ဖြစ်ပါတယ်။

လူထုဆန္ဒပြပွဲက မွေးထုတ်တဲ့ (၈၈) ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ (၂၅) နှစ်ပြည့်တဲ့ သြဂုတ်လမှာ ဆန္ဒပြပွဲလေးတွေ နေရာအတော်များများမှာ ဖြစ်ပွားပြီး ဖမ်းဆီးထိန်းသိမ်းခံကြရပါတယ်။ မြေသိမ်းတာကို မကျေနပ်သူတစ်ဦး သံတွဲမြို့မှာ တကိုယ်တော်လမ်းလျှောက်ပြီး ဆန္ဒပြလို့ အဖမ်းခံရပါတယ်။ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်က ကြံ့ဖွံ့ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ကို မကျေနပ်သူ ၁၀၀ လောက်က ကန့်ကွက်ဆန္ဒပြကြတဲ့အတွက် ခေါင်းဆောင် (၃) ဦး တရားစွဲခံနေရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တည်ဆဲဥပဒေနဲ့အညီ နိုင်ငံသူနိုင်ငံသားဟာ လွတ်လပ်တယ်လို့ဆိုပါတယ်။ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်ကို၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့် ရှိတယ်လို့ဆိုပါတယ်။ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန့်လှည့်လည်ခွင့်ရှိတယ်လို့ ဆိုပေမဲ့ ဒီလွတ်လပ်မှုကို တည်ဆဲဥပဒေတွေက ချုပ်ချယ်ထားပါတယ်။ ခွင့်ပြုချက်မရဘဲ ဆန္ဒပြရင် ဒဏ်ငွေကျပ် ၃၀,၀၀၀ နဲ့ ထောင်ဒဏ်တစ်နှစ်အထိ ကျခံနိုင်တယ်လို့ ၂၀၁၁ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာဥပဒေ ပုဒ်မ ၁၈ မှာ ဖော်ပြပါတယ်။ ဒါပေမဲ့ ဒေါ်နော်အုန်းလှကို ထောင်ဒဏ် ၂ နှစ် ပေးချင်တဲ့အတွက် ၂၀၁၁ ဥပဒေကို မသုံးဘဲ ကိုလိုနီခေတ် ၁၈၆၁ မှာ ပြဌာန်းတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ 'အများပြည်သူ၏အကျိုးကို ပျက်စီးစေမှု' နဲ့ စီရင်ချက်ချ ကြောင်း သိရှိရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ လွတ်လပ်မှုတွေကို ၁၈၆၁ ရာဇသတ်ကြီးနဲ့ နောင်ပြဌာန်းတဲ့ ဥပဒေတွေက ချုပ်ချယ်ကန့်သတ်ထားတာမို့ ကိုလိုနီခေတ်ကို ပြန်ရောက်နေပါတယ်။ ရာဇသတ်ကြီး အခန်း (၈) မှာ နိုင်ငံတော်ငြိမ်ဝပ်ရေးကို ပျက်ပြားစေတဲ့ ပြစ်မှုတွေကိုဖော်ပြပြီး၊ အခန်း (၂၂) မှာ ရာဇဝတ်မကင်းတဲ့ ချောက်လှန့်မှု၊ စော်ကားမှု နဲ့ စိတ်ငြိုငြင်စေမှု စတာတွေကို ဥပမာနဲ့တကွ ဖော်ပြထားပါတယ်။ ကိုလိုနီအစိုးရရဲ့ ရာဇသတ်ကြီးဟာ ဗမာအစိုးရအဆက်ဆက်ရဲ့ လက်သုံးတော်ဥပဒေ ဖြစ်လာပါတယ်။ ပြည်သူ့ထောက်ခံမှုကို ရယူဖို့မလိုတဲ့ ကိုလိုနီအစိုးရဟာ ငြိမ်ဝပ်ပိပြားရေးကိုသာ ဦးစားပေးပြီး မနာခံသူကို ဒဏ်ခတ်အပြစ်ပေးဖို့သာ စိတ်ဝင်စားပါတယ်။ လက်ရှိအစိုးရဟာ ဒီမိုကရေစီပြုပြင်ရေး ကြွေးကြော်ပြီး ကိုလိုနီခေတ်ဥပဒေ ကျင့်သုံးတဲ့အတွက် လွတ်လပ်တဲ့ပြည်သူ့အသံဟာ ထောင်ဒဏ်ဖြစ်လာပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွတ်လပ်စွာ စီတန်းလမ်းလျှောက်ပြီး ငြိမ်းချမ်းစွာဆန္ဒပြခွင့် ရှိတယ်လို့ ရေးထားပြီး တကယ်ဆန္ဒပြဖို့ စီစဉ်တဲ့အခါ အာဏာပိုင်ဆီမှာ ခွင့်ပြုချက်တောင်းနေရတာဟာ တရုတ်ကွန်မြူနစ်ဆီက ကူးစက်လာတဲ့ အကျင့်ဓလေ့ဖြစ်ပါတယ်။ ၂၀၀၈ အိုလံပစ်ပွဲတော်ကာလမှာ ဆန္ဒပြနိုင်တဲ့နေရာ သတ်မှတ်ပေးတာတောင် ခွင့်ပြုချက်လိုအပ်ပါတယ်။ အဲဒီတုန်းက ခွင့်ပြုချက်လျှောက်သူ (၈၀) လောက်ရှိပေမယ့် တစ်ဦးမှဆန္ဒပြခွင့် မရကြပါဘူး။ ဒါပေမဲ့ ရင်ဖွင့်ချင်တဲ့ တရုတ်ပြည်သူတွေ များပြားလာတဲ့အတွက် ၂၀၁၀ မှာ လူထုဆန္ဒပြပွဲပေါင်း နှစ်သိန်းနီးပါးရှိတယ်လို့ ခန့်မှန်းပါတယ်။ ဒေသခံပြည်သူတွေ ကန့်ကွက်ဆန္ဒပြမှုကြောင့် ဆောက်လုပ်ရေးစီမံကိန်း ရပ်ဆိုင်းလိုက်ရတဲ့ သာဓကတွေ အများကြီး ရှိပါတယ်။ မြေယာသိမ်းပိုက်မှုကို တရုတ်ပြည်သူလူထုက အများဆုံး ကန့်ကွက်ဆန္ဒပြကြပါတယ်။

အနောက်တိုင်း ဒီမိုကရေစီမှာတော့ ဆန္ဒပြရင် ခွင့်ပြုချက်မလိုဘဲ ရဲကိုအကြောင်းကြားဖို့သာ လိုပါတယ်။ ဆန္ဒပြပွဲကြောင့် အများပြည်သူ အနှောက်အယှက်မဖြစ်အောင် ရဲအဖွဲ့က တာဝန်ယူရပါတယ်။ ရဲသားအစောင့်အရှောက်နဲ့ ငြိမ်းချမ်းစွာဆန္ဒပြတာဟာ အများပြည်သူအတွက် အန္တရာယ်အကင်းဆုံးလို့ ယူဆပါတယ်။ တိုင်းပြည်ကိုလိုက်ပြီး ကွဲပြားခြားနားတာ ရှိပေမယ့် ကမ္ဘာ့သမိုင်းမှာ ကန့်ကွက်ဆန္ဒပြပွဲတွေ ထိရောက်အောင်မြင်လို့သာ ဒီမိုကရေစီနိုင်ငံတွေမှာ လူ့အခွင့်အရေး ခံစားနေရတာ ဖြစ်ပါတယ်။

ဗီယက်နမ်စစ်ပွဲမှာ အနှစ် (၂၀) နီးပါး အမေရိကန် ပါဝင်နေတာကို နိဂုံးချုပ်စေတဲ့အကြောင်းတွေထဲမှာ စစ်ဆန့်ကျင်ရေး ပြည်သူဆန္ဒပြပွဲလည်း ပါဝင်တယ်လို့ သုံးသပ်ကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာတော့ ပြည်သူဆန္ဒပြပွဲကြီးတွေကြောင့် အစိုးရအပြောင်းအလဲ ဖြစ်တာကိုတွေ့နိုင်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြောင့် မဆလ ဆိုရှယ်လစ်အစိုးရ နိဂုံးချုပ်သွားပေမယ့် နောက်ဆုံးမှာ အကြမ်းဖက်ချေမှုန်းခံလိုက်ရပါတယ်။ ဒါပေမဲ့ ပြည်သူတွေကန့်ကွက်လို့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ဦးသိန်းစိန်အစိုးရက ရပ်ဆိုင်းလိုက်တဲ့ ဥပမာလည်း ရှိပါတယ်။ အခြေခံဥပဒေက လွတ်လပ်ခွင့်ပေးတာကို လွှတ်တော်က ဥပဒေပြဌာန်းပြီး ခွင့်ပြုချက်တောင်းခိုင်းတာဟာ သရုပ်ပျက်တဲ့လုပ်ရပ်သာ ဖြစ်ပါတယ်။

XS
SM
MD
LG