သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ လူ့အခွင့်အရေး ပြည့်ဝဖို့


မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tomas Ojea Quintana
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tomas Ojea Quintana
ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ပြည့်ဝဖို့ဆိုရင် စစ်တပ်ရဲ့ ကြီးစိုးမှုကို ဖယ်ရှားပြီး ၂၀၀၈ ဖွ့ဲစည်းပုံအခြေခံဥပဒေကို ပြင်မှရမယ်လို့ဆိုခဲ့သူ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomás Ojea Quintana နှင့် ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပါမောက္ခ ကင်တာနား ခင်ဗျာ။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ကျနော်တို့ စပြီး ပြောရအောင်ဗျာ။ အဓိက ကျနော် ပထမ မေးချင်တာကတော့ မြန်မာနိုင်ငံရဲ့ ဟိုတုန်းက ၊ ဟိုတုန်းက ဆိုတာက စစ်အုပ်ချုပ်ရေး စစ်အစိုးရလက်ထက်တုန်းက လူ့အခွင့်အရေး အခြေအနေနှင့် အခု သမ္မတ ဦးသိန်းစိန်ရဲ့ အရပ်သားအစိုးရဆိုတဲ့ အစိုးရတက်လာပြီးတဲ့နောက် လူ့အခွင့်အရေး အခြေအနေ ဘယ်လိုကွာခြားမှု ရှိပါသလဲ။ ပထမဦးဆုံး နှိုင်းယှဉ်ပြီး။

Quintana ။ ။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကတော့ သိသိသာသာကြီး တိုးတက်လာတယ် ဆိုတာကတော့ လုံးဝသေချာပါတယ်။ သမ္မတ ဦးသိန်းစိန် ရာထူးလက်ခံခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ကို ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပြုပြီး မြန်မာနိုင်ငံကဏ္ဍ တော်တော်များများမှာ တိုးတက်မှုတွေ အများကြီး တွေ့လာရပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အများအပြား လွတ်မြောက်လာပါတယ်။ အရေးကြီးတဲ့ ဥပဒေတချို့ကို ပြန်လည်သုံးသပ်လာပါတယ်။ မီဒီယာနှင့်ပတ်သက်တဲ့ ပြဌာန်းချက်တွေကို ပြင်ဆင်လာတာ တွေ့ရပါတယ်။ မီဒီယာသမားတွေ လွတ်လပ်စွာ ရေးသားဖော်ပြခွင့် တချို့လည်း ရှိလာပါတယ် လူမှုစီးပွားရေး လွတ်လပ်ခွင့်တချို့လည်း စတင်ရရှိလာနေပါပြီ။ တိုင်းရင်းသား အင်အားစုတွေနှင့်လည်း ယုတ်စွအဆုံး အပစ်အခတ် ရပ်စဲရေး ဆန္ဒရှိလာတာမျိုး တွေ့ရပါတယ်။ ဒါတွေဟာ အရပ်သားအစိုးရလက်ထက်မှာ တွေ့လာရတဲ့ ပြောင်းလဲမှု တိုးတက်မှုတွေ ဖြစ်ပါတယ်။ ကျနော်ပြီးအောင် ဆက်ပြောပါရစေဦး။ ဒါပေမယ့် အစိုးရအဖွဲ့ထဲမှာ စစ်ဗိုလ်ဟောင်းတွေက နေရာ တော်တော်များများ ရယူထားကြဆဲ ဖြစ်ပါတယ်။ လူ့အခွင့်အရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် အဟန့်အတား တရပ်အဖြစ် ဒီအချက်ကိုတော့ ထောက်ပြရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်တို့ ရှေ့ကို ဆက်ပြီးတော့ မပြောခင်မှာ နောက်ကြောင်းပြန်ပြီး နည်းနည်း မေးချင်ပါသေးတယ်။ ပြီးခဲ့တဲ့ စစ်အစိုးရအဆက်ဆက် လက်ထက်တုန်းက လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့ လူတွေ၊ အဲဒီအတွက်ကြောင့် ဘဝပျက်စီးခဲ့ရတဲ့ လူတွေ၊ နစ်နာခဲ့ရတဲ့ လူတွေဟာ အခုထိ သူတို့ရဲ့ ဒဏ်ရာဟောင်းတွေက နာလန်မထူနိုင်ကြသေးပါဘူး။ ဒါတွေကို ကျနော်တို့ မေ့ဖျောက်ပစ်လိုက်မလား။ သို့မဟုတ် ဘယ်လိုဖြေရှင်း၊ ကိုင်တွယ်ဖြေရှင်းကြမလဲ ခင်ဗျာ။ ပြီးခဲ့တဲ့ အစိုးရအဆက်ဆက် လက်ထက်မှာ ချိုးဖောက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနှင့် ပတ်သက်ပြီးတော့။

Quintana ။ ။ ဒါက သိပ်ကို အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စကို ကျနော် မြန်မာအာဏာပိုင်တွေနှင့် နိုင်ငံရေးပါတီတွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ အင်အားစုတွေနှင့်လည်း ဆွေးနွေးဖူးပါတယ်။ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အဖြစ်အပျက်တွေ မဟုတ်ခဲ့ပါဘူး။ မကြာသေးခင်က ကာလမှာ ဖြစ်ပျက်ခဲ့တာတွေပါ။ နယ်စပ်ဒေသတွေမှာ နိုင်ငံရေးအကျဉ်းသားတွေ နိုင်ငံရေးသမားတွေ အပါအဝင် လူပေါင်းများစွာအပေါ်မှာ ကျူးလွန်ခဲ့တာတွေပါ။ ဒါကို ကျနော်တို့ မေ့ပျောက် ချန်လှပ်ထားခဲ့လို့လည်း မရပါဘူး။ ဒါ လူ့အခွင့်အရေး ရှုထောက်က၊ နိုင်ငံတကာ ဥပဒေရှုထောက်ကကြည့်ရင် သိပ်ကိုအရးကြီးပါတယ်။ ကုလသမဂ္ဂရဲ့ အမြင်မှာတော့ ဒါဟာ သက်ဆိုင်ရာ အာဏာပိုင်တွေ အခုအချိန်မှာ ကိုင်တွယ်ရမယ့် ကိစ္စပါ။ မြန်မာပြည်သူတွေ ဒါကို ရင်ဆိုင်ကြရပါလိမ့်မယ်။ တိုင်းရင်းသားခေါင်းဆောင်တွေ ရင်ဆိုင်ကြရပါလိမ့်မယ်။ ကျနော်ရဲ့ နောက်ဆုံး အစီရင်ခံစာမှာ အရင်စစ်အစိုးရလက်ထက်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနှင့် ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ အကူအညီနှင့် Truth Commission အမှန်တရားကော်မရှင် တရပ်ဖွဲ့စည်းဖို့ အကြံပြုထားပါတယ်။ အစိုးရက ဘာမှ မတုံ့ပြန်ပါဘူး။ ဒီလူ့အခွင့်အရေး ပြဿနာကို ကိုင်တွယ်ဖြေရှင်းလိုစိတ် မရှိပါဘူး။ ဒီနေရာမှာ နောက်တစ်ခု ပြောချင်တာကတော့ မြန်မာနိုင်ငံနှင့် ဆက်သွယ် အလုပ်လုပ်ချင်တဲ့ အနောက်နိုင်ငံတွေ၊ အာရှနိုင်ငံတွေကလည်း ဒါကိုစိတ်မဝင်စားကြသလို၊ NLD လို နိုင်ငံရေးပါတီတွေကလည်း ဒီအတွက် ဘာအစီအစဉ်မှ ထောက်ပြထားတာမျိုး မတွေ့ရပါဘူး။ ကျနော်ကတော့ လူ့အခွင့်အရေး ကိုယ်စားလှယ်တစ်ယောက် အနေနှင့် ဒါကို ထောက်ပြပြောဆိုရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါက အတိတ်က ကျူးလွန်ခဲ့တဲ့ ချိုးဖောက်မှုတွေနှင့် ပတ်သက်ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အခု လောလောဆယ်မှာလည်းပဲ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းကို ဆန့်ကျင်ဆန္ဒပြတဲ့ လူတွေ၊ ရဟန်းတော်တွေကို၊ သံဃာတော်တွေကို အစိုးရ နှိမ်နင်းလိုက်တာ ကြည့်မယ်ဆိုရင် အရင်နှင့် ဘာထူးသလဲ ခင်ဗျာ။ စစ်အစိုးရလက်ထက်က လုပ်ရပ်တွေနှင့် အခု လုပ်ရပ်တွေဟာလည်း ထပ်တူပဲ ဖြစ်နေသေးတယ်လို့ မဆိုနိုင်ဘူးလား။

Quintana ။ ။ ဒီကိစ္စမှာတော့ အတိတ်ကနှင့် နှိုင်းယှဉ်စရာ အကြောင်းမရှိပါဘူး။ အရေးကြီးတဲ့အချက်ကတော့ လမ်းပေါ်ထွက် ဆန္ဒပြခွင့်ကို အရပ်သားအစိုးရက အသိမှတ်ပြုရမယ်ဆိုတဲ့ အချက်ပါ။ ရဟန်းသံဃာတွေ လူပုဂ္ဂိုလ်တွေက ကြေးနီသတ္တုတွင်း လုပ်ငန်းကို ဆန့်ကျင်ပြီး ဒီလိုပဲ ဆန္ဒပြခဲ့ကြတာပါ။ အစိုးရက Reasonable Force အင်အားကို ချင့်ချင့်ချိန်ချိန် သုံးပြီး ကိုင်တွယ်ရမှာပါ။ ကျနော်တို့ ကြားသိရသမျှတော့ အခုကိစ္စမှာ ဒီလိုမဖြစ်ခဲ့ပါဘူး။ အခုတော့ အစိုးရက စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေ ဖွဲ့စည်းပေးလာပါတယ်။ ရခိုင်ကိစ္စမှာရော လက်ပံတောင်းကိစ္စမှာပါ စုံစမ်းရေးကော်မရှင်တွေ ဖွဲ့စည်းပေးပေမယ့်လည်း လွတ်လပ်တဲ့ ကော်မရှင်တွေ မဟုတ်တဲ့အတွက် ရလဒ်ကောင်းတွေ ပေါ်ထွက်လာမှာလည်း မဟုတ်ပါဘူး။ လက်ပံတောင်းကိစ္စ ကော်မရှင်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေတာကတော့ အလားအလာကောင်းပါ။ ဒါပေမယ့် ကျနော်ကတော့ သိပ်မျှော်လင့်ချက် မထားပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တစ်ခု မေးချင်တာကတော့ မြန်မာနိုင်ငံမှာ အစိုးရက ဖွဲ့စည်းပေးခဲ့တဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (Myanmar Human Rights Commission) လို့ထင်ပါတယ်။ အင်္ဂလိပ်လို။ အဲဒီ လူ့အခွင့်အရေးကော်မရှင်ကို ဦးဝင်းမရ က ဦးဆောင်ပါတယ်။ ဒီ ကော်မရှင်ရဲ့ လုပ်ရပ်တွေကိုကော ဘယ်လိုသုံးသပ်ပါသလဲ။ အတော်လေး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ပြီလို့ မစ္စတာ ကင်တာနား ထင်ပါသလား ခင်ဗျာ။

Quintana ။ ။ နိုင်ငံတကာက လူ့အခွင့်အရေးကော်မရှင်တွေအပေါ်မှာ ထားရှိတဲ့ မျှော်လင့်ချက်မျိုးအတိုင်း ဒီကော်မရှင်က လုပ်ဆောင်နိုင်လိမ့်မယ်လို့တော့ ကျနော်တော့ မမြင်ပါဘူး။ ဒီကော်မရှင်မှာ ဖွဲ့စည်းရေး၊ စီမံခန့်ခွဲရေး စသည့်တာတွေ၊ အရင်းအမြစ် အထောက်အထား ရရှိရေး၊ လုပ်နိုင်မှု စွမ်းရေးတည်ဆောက်ရေး စတာတွေအတွက် အချိန်ကုန်နေတာဘဲ ကျနော် တွေ့ရပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့ ပြဿနာတွေ ဖြစ်တဲ့ ရခိုင်ပြဿနာ၊ ကြေးနီသတ္တုတွင်း ပြဿနာနှင့် အခြားပြဿနာတွေမှာတော့ အဖြေပေါ်ထွက်လာအောင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်တာမျိုး မတွေ့ရပါဘူး။ ဒါပေမယ့် ဒီ ကော်မရှင် တည်ရှိနေတာက ကောင်းမွန်တဲ့ အချက်ပါ။ နောင်ကိုတော့ တကယ့်အရေးပါတဲ့ လူ့အခွင့်အရေး ပြဿနာတွေမှာ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်သွားနိုင်မယ်လို့တော့ ကျနော် မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံရဲ့ လက်ရှိ အစိုးရထဲမှာ အရင် စစ်အုပ်ချုပ်ရေးဟောင်းတုန်းက စစ်ဗိုလ်ဟောင်းတွေ ပါဝင်နေကြဆဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ထဲမှာ ပါဝင်အာဏာယူခဲ့တဲ့ ပုဂ္ဂိုလ်တွေက အစိုးရထဲမှာ ပါဝင်နေတာဟာ လူ့အခွင့်အရေးနှင့် ဘယ်လိုမှ မဟပ်စပ်တဲ့ ကိစ္စလို့ လူတိုင်းက သုံးသပ်နေကြပါတယ်။ မစ္စတာ ကင်တာနား လည်း စောစောက ဒါကို ထောက်ပြခဲ့ပါတယ်။ ဒီအချက်အပြင် မြန်မာနိုင်ငံ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဟန့်အတားဖြစ်နေတဲ့ တခြားအချက်တွေကော ဘာတွေ ရှိပါသေးလဲ။

Quintana ။ ။ ခင်များ ပြောတာမှန်ပါတယ်။ အရင် စစ်ခေါင်းဆောင်တွေ အာဏာရှိနေဆဲ ဆိုတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် တကယ့်ပြဿနာလို့ ကျနော်ထင်တာကတော့ စစ်တပ်ရဲ့ အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။ စစ်တပ်က ဘယ်အတိုင်းအတာအထိ အာဏာပိုင်ဆိုင်ထားသလဲ။ ဘယ်ကိစ္စတွေကို ဆုံးဖြတ်ပေးနေသလဲ ဆိုတာတွေပါ။ ဖွဲ့စည်းပုံဥပဒေအရ စစ်တပ်ရဲ့လက်ထဲမှာ အာဏာအများအပြားရှိနေတာကို တွေ့ရပါတယ်။ ပါလီမန်မှာ နေရာ ၂၅ ရာခိုင်နှုန်းကို အစိမ်းရောင်ယူနီဖောင်း ဝတ်ဆင်သူတွေက ကြီးစိုးထားတာတွေ့ရပါတယ်။ စစ်တပ်ဟာ ဒီနေရာမှာ အာဏာရှိနေဆဲပဲဆိုတာ ထင်ရှားတဲ့သက်သေပါ။ နောက်တစ်ခုကတော့ နယ်စပ်ဒေသက တိုင်းရင်းသား ပြဿနာတွေကို ကိုင်တွယ်ရာမှာလည်း စစ်တပ်က ဘယ်လောက်ထိ အာဏာချုပ်ကိုင်ထားသလဲဆိုတာပါ။ ကျနော်ဟာ မြန်မာနိုင်ငံကို အကြိမ်ပေါင်းများစွာ ရောက်ခဲ့ပြီးပါပြီ။ ဝန်ကြီးပေါင်းများစွာ၊ အရာရှိကြီးပေါင်းများစွာနှင့် တွေ့ဆုံခွင့် မေးမြန်းခွင့်တွေ ရပါတယ်။ စစ်တပ်အကြီးအကဲနှင့်တော့ တစ်ခါမှ တွေ့ခွင့်မရခဲ့ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ပါမောက္ခ ကင်တာနား အနေနှင့်ကကော အဲဒီ စစ်တပ်အကြီးအကဲနှင့် တွေ့ပါရစေဆိုပြီး သီးသန့်ခွင့် တောင်းတာမျိုး ရှိခဲ့ပါသလား။

Quintana ။ ။ အချိန်တိုင်း မြန်မာပြည်ကိုသွားတိုင်း တောင်းပါတယ်။ ဒါပေမယ့် စစ်ဦးစီးချုပ်နှင့် တစ်ခါမှ တွေ့ခွင့်မရပါဘူး။ တကယ့်တော့ တိုင်းပြည်တစ်ခုရဲ့ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်လို့ စစ်တပ်အကြီးအကဲနှင့် တွေ့ဖို့ဆိုတာက ကုလသမဂ္ဂက လူ့အခွင့်အရေး ကိုယ်စားလှယ်တွေကို အပ်နှင်းထားတဲ့ တာဝန်တရပ်လည်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တစ်ခုက အမေရိကန်ပြည်ထောင်စုအစိုးရကလည်းဘဲ မြန်မာနိုင်ငံနှင့် စစ်တပ် စစ်တပ်ချင်း ဆက်ဆံမယ်လို့ ဆိုပါတယ်။ ဒါကို သူတို့က ဘယ်လိုရှင်းသလဲဆိုရင် ဒါဟာ မြန်မာနိုင်ငံကို စစ်တပ်ချင်း ဆက်ဆံတယ်ဆိုတာဟာ စစ်လက်နက်ပစ္စည်း ကာကွယ်ရေးကိစ္စအတွက်ကြီးဘဲ မဟုတ်ဘဲ မြန်မာစစ်တပ်ကို လူ့အခွင့်အရေးနှင့်ပတ်သက်ပြီးတော့ ပညာပေးမယ်။ အရပ်သားရဲ့ ဩဇာကိုနာခံလာတဲ့ ဝန်ထမ်းအဖွဲ့အစည်းကောင်းတစ်ခု ဖြစ်အောင် လေ့ကျင့်ပေးမယ်ဆိုတဲ့ သဘောနှင့် စစ်တပ်ချင်းဆက်ဆံမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပါမောက္ခ ကင်တာနား အယုံအကြည် ရှိပါသလား။ အမေရိကန်အစိုးရရဲ့ ဒီ အစီအစဉ်ကို။

Quintana ။ ။ လူ့အခွင့်အရေး အခြေအနေကို တိုးတက်လာအောင် လုပ်နိုင်တဲ့အဆင့်ကို အမေရိကန်ပြည်ထောင်စုလို နိုင်ငံမျိုးက လုပ်ဆောင်နိုင်မယ်လို့ ကျနော်တော့ မထင်ပါဘူး။ ဘယ်လို လုပ်ရမလဲဆိုတာကိုတော့ သေသေချာချာ လေ့လာရပါလိမ့်မယ်။ ကျနော် ပြောခဲ့သလိုပါ။ ကျနော် မြန်မာပြည်ကို အကြိမ်ပေါင်းများစွာ ရောက်ခဲ့ပြီးပါပြီ။ ကာကွယ်ရေးဦးစီချုပ်နှင့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နေတဲ့ စစ်ဗိုလ်တွေနှင့်တော့ တစ်ခါမှ တွေ့ခွင့်မရသေးပါဘူး။

ဦးကျော်ဇံသာ။ ။ နောက် ပါမောက္ခ ကင်တာနားက ဆိုပါတယ်။ အနောက်နိုင်ငံတွေ အာရှနိုင်ငံတွေဟာလည်းပဲ မြန်မာနိုင်ငံနှင့် ကူးလူးဆက်ဆံမှုတွေ လုပ်လို့ရတဲ့အတွက် လူ့အခွင့်အရေးကို မျက်ကွယ်ပြုထားကြတယ်လို့လည်း ဆိုပါတယ်။ လူ့အခွင့်အရေး ကိစ္စကို သိပ်မထောက်ပြကြဘူးလို့ ဆိုတယ်။ ဆိုတော့ ဒီ နိုင်ငံတကာက မြန်မာနိုင်ငံနှင့် ဆက်ဆံချင်တဲ့ နိုင်ငံတွေအနေနှင့်က မြန်မာနိုင်ငံ လူ့အခွင့်အရေး ဖော်ဆောင်ရေးမှာ ဘယ်လောက် တာဝန်ရှိသလဲ။ သူတို့ဆီက ကျနော်တို့ ဘယ်လောက်ထိ မျှော်လင့်နိုင်မလဲ။

Quintana ။ ။ သူတို့ဟာ ကုလသမဂ္ဂအဖွဲ့ဝင်တွေအနေနှင့် တာဝန်ရှိပါတယ်။ တရားမျှတမှုနှင့် အမှန်တရားတွေ ဆိုတာက ကုလသမဂ္ဂအတွက် အရေးကြီးတဲ့ မူဝါဒတွေ ဖြစ်ပါတယ်။ လူ့အခွင့်အရေး လေးစားမှုဆိုတာလည်း ကုလသမဂ္ဂအတွက် အရေးကြီးတဲ့ မဏ္ဍိုင်တရပ်ပါ။ ဒါကြောင့် ကုလသမဂ္ဂအဖွဲ့အဝင်တွေဖြစ်တဲ့ ဒီ နိုင်ငံတွေကို ကျနော်တို့က သတိပေးရပါလိမ့်မယ်။ ငွေရေး ကြေးရေး စီးပွားရေး လူမှုရေး ဘယ်ဟာပဲဖြစ်ဖြစ် မြန်မာအာဏာပိုင်တွေနှင့် ထိတွေ့ဆောင်ရွက်မယ်ဆိုရင် သူတို့အနေနှင့် လူ့အခွင့်အရေးအကြောင်းကို ထည့်ပြောရပါလိမ့်မယ်။ ဒါဟာ ကျနော် လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အနေနှင့် ပြောနေတာဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တာကတော့။ ဆိုတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အပြည့်အဝ ထွန်းကားလာတဲ့ အခြေအနေကို ကျနော်တို့ ဘယ်တော့ မြင်ရမလဲ ခင်ဗျာ။ ဘယ်အချိန်မှာ မြင်ရမယ်လို့ ကျနော်တို့ မျှော်လင့်နိုင်ပါသလဲ။

Quintana ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာပြည်သူတွေရဲ့ ဆန္ဒနှင့် ကိုက်ညီအောင် ပြုပြင်နိုင်တဲ့ နည်းလမ်းတရပ် အခြေအနေတရပ်ရှိမှသာ စစ်မှန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အပြောင်းအလဲတရပ်ကို တွေ့ရပါလိမ့်မယ်။ အခု လက်ရှိ ရှိနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံက ၂၀၀၈ ခုနှစ်မှာတုန်းက ဆန္ဒခံယူခွင့်နှင့် အတည်ပြုခဲ့တယ် ဆိုပေမယ့် တရားမျှတမှု လုံးဝမရှိ။ လုံးဝ တဖက်သတ် အတည်ပြုချက် ရယူထားခဲ့တာဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းကြောင့် တိုင်းပြည် ဒုက္ခရောက်နေချိန် လုပ်ခဲ့တဲ့ ဆန္ဒခံယူပွဲလည်း ဖြစ်ပါတယ်။ လူထုဆန္ဒ အစစ်မှန်လည်း မရခဲ့ပါဘူး။ ကျနော်သဘော ပြောရမယ်ဆိုရင်တော့ အစိုးရအနေနှင့် တချိန်ချိန်မှာ ဒီဖွဲ့စည်းအုပ်ချုပ်ပုံကို လူထုရှေ့မှောက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်ပေးပြီး ပြင်ဖို့စီစဉ်သင့်ပါတယ်။ ဒါဟာ မြန်မာပြည်အတွက် အင်မတန် အရေးကြီးတဲ့ ကိစ္စပါ။ ကျနော် နောက်ဆုံးတစ်ခု ပြောချင်ပါသေးတယ်။ ဒါကတော့ အခု ရခိုင်ပြည်နယ်က အကြမ်းဖက် ပဋိပက္ခအပြီးမှာ ဒုက္ခသည်စခန်းတွေမှာ နေနေကြတဲ့သူတွေရဲ့ အခြေအနေ ဆိုးဝါးမှုတွေအတွက်လည်း အထူးစိတ်မကောင်း ဖြစ်မိတယ်ဆိုတာကိုလည်း ပြောချင်ပါတယ်။
XS
SM
MD
LG