သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သုံးမကုန်တဲ့ ရခိုင်ပြည်နယ် ဘဏ္ဍာငွေအကြောင်း တစေ့တစောင်း


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဟာ သုံးမကုန်တဲ့အတွက် ပြည်ထောင်စုအစိုးရကို ကျပ်ငွေ (၁၃) ဘီလျံကျော် ပြန်အပ်ခဲ့တယ်ဆိုတာ မမှန်ကန်ဘူးလို့ ရခိုင်ပြည်နယ် ဘဏ္ဍာရေးဝန်ကြီးက ငြင်းဆန်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ငြိမ်ဝပ်ပိပြားရေး အခြေအနေကောင်းမွန်မှ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဖြစ်ထွန်းနိုင်မယ်လို့လည်း ဆိုပါတယ်။ ရခိုင်ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာအောင်ကျော်မင်း နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။ သုံးမကုန်တဲ့အတွက် ပြည်ထောင်စုအစိုးရကို ငွေပြန်ပေးခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြကျော်က အခုလို စတင်ပြောဆိုခဲ့ပါတယ်။

ဦးအောင်မြကျော် ။ ။ ရခိုင်ပြည်နယ်လွှတ်တော်မှာ ဘဏ္ဍာရေးဝန်ကြီးက အဲဒီလိုမျိုး ဘဏ္ဍာရေးအစီရင်ခံစာ၊ စာရင်းချုပ်အစီရင်ခံစာတွေကို တင်သွင်းကြပါတယ်။ အဲဒီ အစီရင်ခံစာထဲမှာ အခုလိုမျိုး ပါလာတာပါ။ ကျနော်တို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အစည်းရဲ့  စီမံခန့်ခွဲချက်အရ ဌာန (၂၅) ခုအတွက် အဲဒီလိုမျိုး တနှစ်စာအတွက် (၁၀၉) ဘီလျံ ချပေးတဲ့အထဲက (၁၃.၁၈) ဘီလျံကို ပြန်အပ်လိုက်ရတယ့် သဘောမျိုး ဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်မှာတော့ ကျနော်တို့ ပြင်းပြင်းထန်ထန် ဆွေးနွေးပြီးရင် ဒီဟာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်တဲ့အချိန်မှာ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးက ဒီငွေတွေဟာ ပြည်ထောင်စုက တောင်းတဲ့အချိန်မှာ၊ ပြည်ထောင်စုက ချပေးတဲ့အချိန် နှောင့်နှေးတဲ့အတွက်ကြောင့် ဒီလိုမျိုး လုပ်ငန်းတွေ ပြီးစီးအောင် မလုပ်ရဘူးဆိုပြီးတော့ သူကတော့ အဲဒီလိုမျိုး ဖြေကြားပါတယ်။

ဦးကျော်ဇံသာ။ ။ ရခိုင်ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာအောင်ကျော်မင်း ခင်များ။ ဘယ်လို ဖြစ်သလဲဆိုတာကို အကျဉ်းရုံး နည်းနည်းပြောပြပါ။

ဒေါက်တာအောင်ကျော်မင်း။ ။ အဲဒါ သူတို့ပြောတဲ့ (၁၃) ဘီလျံ မဟုတ်ဘူးခင်များ။ ကျနော်တို့ တကယ် ငွေသားပြန်အပ်ရတာက (၄၃၂) သန်း။ (၀.၄၃၇) ဘီလျံပေါ့။ ဒါပေမဲ့ ကျနော်တို့က လုပ်ငန်းအနေနဲ့ ပြန်အပ်ရတယ်ဆိုတော့ အဲဒီ ဘဏ္ဍာရေးရှင်းတမ်းမှာ ဘယ်လိုဖြစ်သလဲဆိုရင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှာ ကျနော်တို့ လုပ်ဖို့လို့ စီမံကိန်းမှာ တင်ပြထားတာက စစ်တွေခရိုင်ကဆိုရင် သန်းပေါင်း (၁) သောင်း (၇) ထောင်ကျော်။ .. လုပ်ငန်း စီမံကိန်း တင်ပြတယ်။ တင်ပြပေမယ့် သူတို့ စစ်တွေခရိုင် ဆောက်လုပ်ရေးလုပ်ငန်းက လုပ်နိုင်တာက (၅) ဘီလျံလောက်ပဲ လုပ်နိုင်တယ်။ သူ မလုပ်နိုင်တာက မလုပ်နိုင်တဲ့ လုပ်ငန်းကြရင် ကျနော်တို့က ပြည်ထောင်စုက လုပ်နိုင်တဲ့ ကုမ္ပဏီအဖွဲ့ကို အပ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မလုပ်တတ်လုပ်တတ်၊ ပစ္စည်းမရှိဘဲနဲ့ လုပ်တယ်၊ နည်းပညာမရှိဘဲလုပ်ရင် quality ညံ့မယ်လေ။ ညံ့မယ်ဆိုတော့ ကျနော်တို့က လမ်းအထူးအဖွဲ့ဆိုတာကို၊ တံတားအထူးအဖွဲ့ဆိုတာကို အပ်လိုက်ရတယ်။ ပြည်ထောင်စုကို ကျနော်တို့ သုံးလို့မကုန်လို့ ပြန်အပ်ရတာ မဟုတ်ဘူး။

ဦးကျော်ဇံသာ။ ။ ဆိုတော့ ပြည်ထောင်စုကို သုံးလို့မကုန်လို့ ပြန်အပ်တယ်ဆိုတဲ့ ငွေအမှန် တကယ်ကတော့ (၄၃၇) သန်းပဲ ရှိတယ်ဆိုတဲ့သဘောပေါ့။

ဒေါက်တာအောင်ကျော်မင်း။ ။ သုံးလို့ မကုန်ဘူးဆိုတာ လခမှာ ကျန်တဲ့ဟာတွေ၊ ပင်စင်မှာ ကျန်တဲ့ဟာတွေ၊ ချေးငွေအတွက် အတိုး - တနှစ်စာချုပ်ထားတယ်။ ဒါပေမဲ့ ချေးငွေကို ကိုးလနဲ့ကျေအောင် ဆပ်လိုက်တဲ့အခါ တွက်ထားတဲ့ငွေတွေကို၊ ပိုတဲ့ငွေ ပြန်အပ်တာက (.၄၃၇) ဘီလျံလောက်ရှိတယ်။ ဌာနပေါင်း (၂၅) ဌာနက ငွေစာရင်းခေါင်းစဉ် အမျိုးမျိုးကပေါ့လေ။

ဦးကျော်ဇံသာ။ ။ ဆောက်လုပ်ရေးအတွက် ပြည်နယ်အတိုင်းအတာအနေနဲ့ မလုပ်နိုင်ဘူးဆိုပြီးတော့ အဲဒီ ပိုက်ဆံကို အထူးလုပ်ငန်းအဖွဲ့ကိုပေးတယ် ပြောတယ်။ အဲဒါက ပြည်နယ်မှာ ဆက်လက်ပြီးတော့ တည်ဆောက်သွားမလား။ အဲဒီ့ အဖွဲ့က။

ဒေါက်တာအောင်ကျော်မင်း။ ။ ဆောက်ပြီးပြီ။ လမ်းကြီး ကတ္တရာ၊ ကွန်ဂရစ်လမ်း (၁၃) (၁၄) မှာ (၁၅) မိုင်လား၊ (၁၆) မိုင်လား လုပ်ထားပြီးပြီ။ ကျနော်ကတော့ မိုင်အတိအကျ မသိဘူး။ ဆောက်လုပ်ရေးဝန်ကြီးတော့ သိမယ်။ မင်းပြား ရာမောင်တံတားကနေ ရန်ကုန်-စစ်တွေလမ်းကို ခင်းထားတဲ့ဟာ လုပ်ပြီးပြီ။

ဦးကျော်ဇံသာ။ ။ နောက်တခု မေးချင်တာက အခု အရင် အငြိမ်းစားယူသွားတဲ့ ဦးလှမောင်တင်နဲ့ အခု ဝန်ကြီးချုပ်အသစ် ဖြစ်လာတဲ့ ဦးမောင်မောင်အုန်းတို့ရဲ့  လုပ်ရပ်နှစ်ရပ်ကို ဘယ်လို နှိုင်းယှဉ်လိုပါသလဲ။ လွှတ်တော်အမတ်တွေ၊ ပြည်သူတွေကတော့ စောင့်ကြည့်ရအုံးမှာဖြစ်တယ်။ ဘာညာ ပြောနေကြပါတယ်။ တကယ် ထဲထဲဝင်ဝင် ဆောင်ရွက်နေရတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ဒေါက်တာအောင်ကျော်မင်း ဘာပြောချင်ပါသလဲ။ ဘယ်လို နှိုင်းယှဉ်လိုပါသလဲ။

ဒေါက်တာအောင်ကျော်မင်း။ ။ နှိုင်းယှဉ်ရရင်တော့ တစ်ယောက်တစ်မျိုးစီပေါ့။ ဥပမာ ဦးလှမောင်တင်ဆိုရင် ကိုယ့်ရခိုင်ပြည်နယ်က ရခိုင်တစ်ယောက်ဖြစ်တဲ့အခါ ရခိုင်အစိုးရအနေနဲ့ဆိုရင် ကိုယ့်ရခိုင်တွေကို ဘက်လိုက်မယ်လို့ သံသယနဲ့ ကြည့်ခံရတယ်။ ပြင်ပနဲ့ တခြားအဖွဲ့အစည်းတွေ၊ တခြားလူတွေက ဘင်္ဂလီနဲ့ ကျနော်တို့နဲ့ ဖြစ်နေတာဟာမှာ ကျနော်တို့က ကြားကအစိုးရလို မနေဘဲ၊ ရခိုင်ပြည်သူတွေအတွက် ဘက်လိုက်တယ်လို့ အများအားဖြင့်မြင်တယ်။ ကျနော်တို့ ရခိုင်တွေက ဘယ်လိုမြင်သလဲဆိုရင် ရခိုင်လုပ်ပြီး ရခိုင်ဖက်ကို ဦးစားမပေးဘူးလို့ မြင်တယ်။ သူ့နေရာမှာ ဘယ်လောက် ကြပ်လိုက်မလဲဆိုတာကို စဉ်းစားကြည့်ပါ။ အခုက third party သူက ရခိုင်လည်း မဟုတ်ဘူး။ မူစလင်လည်း မဟုတ်ဘူး။ ဒီကြားထဲက သူက လုပ်တဲ့ဟာမှာ သံသယနည်းပါတယ်။ နောက်တခုက သူကိုလဲ ပြည်ထောင်စုက ရခိုင်အရေးဟာ တကယ့်ကို ရေရှည်မှာ အရေးအကြီးဆုံး၊ ဗမာပြည်နဲ့ဆိုရင် ဒီ issue ဟာ အရေးအကြီးဆုံးကြောင့် ဒီဟာအတွက် တတ်နိုင်သလောက် ကိုယ်ဖိရင်ဖိ လုပ်ပေးပါပေါ့။ နောက် ပြည်ထောင်စုက လိုအပ်တာက ထောက်ပံ့ပေးပါမယ်လို့ ဆိုတယ်။ အဲဒီတော့ ကျနော်တို့က ဒီနှစ်ဆိုရင် သမ္မတရဲ့  အထူးထောက်ပံ့ငွေ ဘီလျံ (၅၀) ပေးတယ်။ ဘီလျံ (၅၀) မှာ ကျနော်တို့က (၁၅) ဘီလျံရတယ်။ ကျနော်တို့က ပြဿနာအဖြစ်ဆုံဆိုပြီး ကျနော်တို့နဲ့ ကချင်ကို အများကြီး ပေးထားတယ်။ အထူးတပ်ဖွဲ့ဝင်အနေနဲ့။ ဆိုတော့ သူ့အနေနဲ့ လုပ်ရတာပို့အတွက် ငွေကြေးထောက်ပံ့မှုများစွာ လုပ်နိုင်တာပေါ့။ ဦးလှမောင်တင်တုန်းက (၁) ဘီလျံပဲရတယ်။ အဲဒီ ထောက်ပံ့ငွေနဲ့ပဲ လုပ်ရတဲ့ဟာက အများကြီး ကွာသွားခဲ့ပြီပေါ့။ ဒါပေမဲ့ အခြေအနေက မတူကြဘူးလေ။ ဦးလှမောင်တင်နဲ့ လုပ်ခဲ့တဲ့ အခြေအနေက ကမ္ဘာက၊ ပြည်ထောင်စုက စိတ်ဝင်စားမှု၊ ထောက်ပံ့မှု၊ ပံ့ပိုးမှုတွေက တော်တော်ကွာတယ်။

ဦးကျော်ဇံသာ။ ။ ရခိုင်ပြည်နယ်အကျိုးအတွက် ထိထိရောက်ရောက် လုပ်နိုင်မယ့် အလားအလာ ပိုရှိတယ်လို့ မြင်သပေါ့။ အခု ဝန်ကြီးချုပ်အသစ်က။

ဒေါက်တာအောင်ကျော်မင်း။ ။ မြင်တယ်။ ကောင်းတဲ့ဖက်ကကြည့်ရင် အထောက်အပံ့တွေ ပိုပြီးရတယ်။ အဲဒါကို အကျိုးရှိရှိ အသုံးချမယ်ပေါ့။ သေချာအကျိုးရှိရှိ အသုံးချမယ်ဆိုရင် ကျနော်တို့တွေအတွက် ကောင်းတဲ့တခုပဲ။

ဦးကျော်ဇံသာ။ ။ အခု တစ်ခု မေးချင်တာက ရခိုင်ပြည်နယ်ဟာ ပြည်ထောင်စုမှာ ဒုတိယအဆင်းရဲဆုံး။ အဖက်ဖက်က လိုအပ်နေတယ်ဆိုတာလဲ သိပါတယ်။ ဒါပေမဲ့ ပြည်နယ်ဝန်ကြီးတစ်ဦးအနေနဲ့ ဘယ်ကဏ္ဍဟာ အဆိုးဝါးဆုံးလို့ ထင်ပါသလဲ။ ကျန်းမာရေး၊ ပညာရေးလား စသည်ဖြင့် လမ်းပန်းဆက်သွယ်ရေးလား။ စီးပွားရေး လုပ်ပိုင်ခွင့်လား။

ဒေါက်တာအောင်ကျော်မင်း။ ။ အားလုံးကတော့ အဆိုးဆုံးပါပဲ။ အားလုံးကတော့ တခြားနေရာတွေထက်စာရင် ကျနော်တို့က အခွင့်အရေး နည်းတယ်။ ပညာရေး ဘာရေး ကျနော်တို့ ဒေသရဲ့  အခြေအနေက ကျန်းမာရေးဆိုလဲ ကျနော်တို့ အများကြီး ဆောက်ထားပေမယ့် လမ်းပန်းဆက်သွယ်ရေးက ကျန်တဲ့သူတွေထက် ပိုခက်တဲ့သဘောမျိုးရှိတယ်။ မြစ်တွေ၊ ချောင်းတွေ၊ ပင်လယ်ကို ဖြတ်တဲ့အခါ ဆက်သွယ်ရေးက အခုအချိန်မှာ တခြားပြည်နယ်တွေထက်စာရင် အများကြီးခက်သေးတယ်။ ဒါပေမဲ့ အရင်ကထက်စာရင် အများကြီး တိုးတက်မှုရှိပါတယ်။

ဦးကျော်ဇံသာ။ ။ ပြည်နယ်မှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ဝန်ကြီးအစိုးရအဖွဲ့ထဲမှာ ပါနေတယ်ဆိုတော့ နိုင်ငံရေးအာဏာ ခွဲဝေမှုကိုတော့ ကျနော် အထွေအထူး မပြောလိုပါဘူး။ ဒါပေမဲ့ စီးပွားရေးအားဖြင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ပိုင်ခွင့်က ဘယ်နေရာမှာ ဘယ်လောက်ပေးထားပါသလဲ။ ပြည်ထောင်စုအစိုးရက ခွဲတမ်းချပေးထားတာ လုံလောက်ပါသလား။ ဘယ်နေရာမှာ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်ပိုင်ခွင့် ပိုလိုအပ်တယ်လို့ ထင်ပါသလဲ။

ဒေါက်တာအောင်ကျော်မင်း။ ။ အဓိကတော့ ကျနော်တို့မှာ တကယ် လိုတာက စက်မှုဇုန်တို့ ဘာတို့ လိုတယ်။ စက်မှုဇုန်ဖြစ်ဖို့က ဘာကြောင့် မဖြစ်လဲဆိုတော့ လျှပ်စစ်မရနိုင်လို့ပေါ့။ လျှပ်စစ်ဆိုရင် ကျနော်တို့ လောလောဆယ် စစ်တွေမှာဆိုရင် ယူနစ် (၂၀) လောက်ကတော့ အစိုးရဈေးနဲ့ ရတယ်။ ယူနစ် (၂၀) ထက် ပိုသွားရင် ဒီဇယ်နဲ့ ပေးထားတဲ့ နှုန်းနဲ့ဆိုရင် (၄၅၀) ယူနစ် (၄၆၀) လောက်ဆိုတော့ ဒီမှာလုပ်မယ့် အအေးခန်းတို့ ဘာတို့ဆိုရင် ဘယ်လိုမှ မလုပ်နိုင်တော့ဘူး။

ဦးကျော်ဇံသာ။ ။ အခု လျှပ်စစ်ဆိုတော့ သဘာဝဓါတ်ငွေတွေ ရခိုင်ပြည်နယ်က အများဆုံး ထွက်ပြီးတော့ နိုင်ငံခြားကိုတောင် အဲဒီကနေ ပိုက်လိုင်းနဲ့ ဖြတ်ပြီး ရောင်းနေပြီ ဖြစ်ပါတယ်။ ဒီ စီမံကိန်းက ရခိုင်အတွက် အကျိုးအမြတ် ပါသလား။ ဒီ စီမံကိန်းကနေ ရခိုင်တပြည်နယ်လုံးကို ဓါတ်အားအလုံအလောက် ပေးနိုင်တဲ့ အခြေအနေ မရှိဘူးလား။

ဒေါက်တာအောင်ကျော်မင်း။ ။ ရှိပါတယ်။ ရှိပေမယ့် လောလောဆယ် ဂတ်စ် ထွက်လာတဲ့အချိန်မှာ ဂတ်စ်က ကျနော်တို့ကို သုံးခွင့်ပေးထားတဲ့ဟာက ကျနော်တို့ one percent ပဲ သုံးနိုင်သေးတယ်။ အဲဒါတောင်မှ ဂတ်စ် တာဘိုင် ကို ငှားပြီး လည်ပတ်နေလို့ ကျောက်ဖြူလောက်မှာ ဂတ်စ် ရတာပေါ့။ အခုတော့ ကျနော်တို့ ဓါတ်အားလိုင်းတွေကို ရခိုင်တပြည်နယ်လုံးဆိုရင် စီမံကိန်းမှာ တင်ထားတဲ့အတိုင်းဆိုရင် ဒီဇင်ဘာဆိုရင် စစ်တွေအထိ ဓါတ်အားလိုင်းရောက်မယ်။ ပုဏ္ဏားကျွန်းမှာ ဓါတ်အားခွဲရုံး (၁) ခုထားမယ်။ နောက် အခုလောလောဆယ်မှာ နောက်နှစ်ကျရင် ကုလားတန်မြစ် အိန္ဒိယကို ဘက်စုံဖွံ့ဖြိုးရေးထဲ ပါလာရင် ကျနော်တို့ ကျောက်တော်၊ မင်းပြားက ပစ္စည်းတွေဘာတွေဟာ မီဇိုယမ်တို့ ဘာတို့ကို ပို့နိုင်သွားမယ်။ အဲဒါက တဖြည်းဖြည်းသွားမယ်။ ဒါပေမဲ့ တည်ငြိမ်မှုက အပြင်ကလူတွေ စိတ်ချရတဲ့ဟာမျိုး မဟုတ်သေးဘူးလေ။ သိပ်ပြီး မယုံကြသေးဘူး။ မဝင်ရဲကြသေးဘူး။ ရာနှုန်းပြည့် အေးချမ်းသွားပြီလို့ ပြောလို့မရသေးဘူး။ အခုက ဝင်ချင်တဲ့လူတွေရဲ့  စိတ်ထဲမှာ ဒီကလူတွေထက် အပြင်ကလူတွေ ကြားနေရတာက ဒီမှာနည်းနည်းဆိုရင် အပြင်ကလူကကြားတာက အများကြီးလို့ကြားတာ။ ဒီမှာ လူ (၁) ယောက်သေရင် ဟိုမှာ အယောက် (၁၀၀) သေပြီလို့ အပြင်ကလူကကြားတာ။ နည်းနည်းမကောင်းတာဖြစ်ရင် အဆ (၁၀၀) လောက်ဖွပြီး ချဲ့ ပြီးပြောတဲ့လူကလည်း အများကြီး။

ဦးကျော်ဇံသာ။ ။ ဟုတ်ပါတယ်။ အဲဒါတွေလည်း ရှိတယ်။ ဆိုတော့ အဲဒီ တည်ငြိမ်မှုပြဿနာတွေ ပြေလည်ဖို့ ဘယ်လောက် အလားအလာ ရှိပါသလဲ။ အခု ပြည်နယ်တာဝန်ရှိ တစ်ယောက်အနေနဲ့ ဘယ်လောက်အထိ ပြေလည်နိုင်မယ့် အလားအလာ ရှိတယ်လို့ မြင်ပါသလဲ။

ဒေါက်တာအောင်ကျော်မင်း။ ။ အဲဒီလောက်အထိတော့ မမှန်တတ်ဘူး။ ဒါပေမဲ့ နောက်ထပ် ဒီလို conflict မပေါ်ဖို့အတွက်၊ နောက်ထပ် အရေးအခင်းတစ်ခု မပေါ်ဖို့အတွက်တော့ တတ်နိုင်သလောက်တော့ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် လုပ်နေတယ်။ ပြည်ထောင်စုကလည်း ဒီအတွက် လိုတဲ့အကူအညီမှန်သမျှကို ပေးနေတယ်။

ဦးကျော်ဇံသာ။ ။ တရားဥပဒေ စိုးမိုးမှုမရှိလို့ ဘာပဲဖြစ်ဖြစ်၊ တခုခု ပြဿနာအစလေး မီးပွားလေး ပေါ်လာရင် တရားဥပဒေနဲ့အညီ အတိအကျ ဆောင်ရွက်အရေးယူခဲ့ရင် ဒါမျိုး ဖြစ်စရာမဟုတ်ဘူးလို့ တချို့ တွက်ကြပါတယ်။ ဆိုတော့ ရခိုင်ပြည်နယ်မှာ တရားဥပဒေ စိုးမိုးမှု ဘယ်လောက်အထိ ရှိပါသလဲ။ တော်တော်လေး ဆိတ်သုဉ်းနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေ မှန်ပါသလား။

ဒေါက်တာအောင်ကျော်မင်း။ ။ တဖတ်ကကြည့်ရင်တော့ မှန်တဲ့သဘောပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို ဖြစ်လာတာ အခု အစိုးရသစ်လက်ထက်မှာ တရားဥပဒေ စိုးမိုးမှုမရှိတာ မဟုတ်ဘူး။ ဥပဒေကို မလိုက်နာကြတာ မဟုတ်ဘူး။ ဟိုရှေ့ အဆက်ဆက်က နည်းနည်း ..နည်းနည်း အရင်တုန်းက ရှေ့ ကလူကြီးတွေ ဥပဒေကို စည်းကမ်းဥပဒေကို လေးစားလိုက်နာခဲ့သလောက် နောက်ဆက်က သူထက်ပိုပြီး မလိုက်နာ။ ကျနော်တို့ လက်ထက်ကြတော့ ပိုဆိုး။ ဒီလို တဖြည်းဖြည်း ဘယ်လိုခေါ်မလဲ ပြည်သူ့နီတိ အဲဒါတွေကို လူတွေ တော်တော်များများ လစ်လျူရှုလာတာက ကျနော်တို့ လက်ထက်မှ မဟုတ်တာ။ အခု ကျနော်တို့ လက်ထက်မှာ ဒါကို မပြုပြင်ရင် နောက် ကျနော်တို့ မြေးလက်ထက်ကြရင် ဒီထက်တောင် ပိုဆိုးမယ်ဆိုတာကို ကျနော်တို့ သဘောပေါက်လာကြပြီ။ တော်တော်များများ သဘောပေါက်လာကြပြီ။

ဦးကျော်ဇံသာ။ ။ နောက် ဝန်ထမ်းတွေရဲ့  ခြစားပျက်စီးမှုကြောင့် အထူးသဖြင့် နယ်စပ်မှာ လူဝင်မှု့ကြီးကြပ်ရေးပြဿနာ တာဝန်ယူရတဲ့ ပုဂ္ဂိုလ်တွေက ဒါကို ပေါ့ပေါ့တန်တန် ပိုက်ဆံယူပြီးတော့ လုပ်ခဲ့တယ်။ သူတို့ ခြစားပျက်စီးမှုကြောင့် လူဝင်မှုတွေ ပိုများလာတယ်။ ဒါကြောင့် ဒီပြဿနာဟာ ပိုပြီး ကြီးထွားလာတယ်လို့ သုံးသပ်သူတွေ ရှိပါတယ်။ ဒေါက်တာအောင်ကျော်မင်းတို့ရဲ့  အစိုးရအနေနဲ့ ဝန်ထမ်းတွေ ခြစားပျက်စီးမှု၊ ဒီလို ပြဿနာမျိုး ပိုမိုမကြီးထွားအောင် ဘယ်လောက်အထိ ထိန်းနိုင်မလဲ။

ဒေါက်တာအောင်ကျော်မင်း။ ။ ကျနော်တို့ တတ်နိုင်သလောက် ထိန်းနိုင်တယ်။ ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း ဒီကိစ္စဟာ တကယ့် အမျိုးသားသစ္စာဖောက်တဲ့ ကိစ္စ။ အရင်တုန်းကဆို ဒီနယ်စပ်ကို ပို့တဲ့လူက ဝန်ထမ်း အပြစ်ရှိတဲ့ ဝန်ထမ်းကို ပို့လိုက်တာ။ ပို့လိုက်တော့ ဟိုလူတွေကလည်း ကလဲစားချေတဲ့အနေနဲ့ ပိုဂရုမစိုက်လုပ်သွားတယ်။ လုပ်ချင်သလို လုပ်သွားတယ်။ ဒါတွေဟာ အခုတော့ အဲဒီလို မဟုတ်တော့ဘူး။ အစိုးရသစ်မှာ နယ်စပ်ကို ကျနော်တို့ ရခိုင်လူမျိုးထဲက အရည်အချင်းရှိတဲ့လူတွေကို ပို့ပါတယ်။ ဟိုတခေါက်ဆိုရင် နစက အကြီးဆုံးဆိုရင် သံတွဲစာကြည်ဗိုလ်ကို ထားပါတယ်။ ဒါတွေဟာ ဒီအတွက် အလေးထားဆောင်ရွက်တဲ့ သဘောပေါ့။

XS
SM
MD
LG