သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄ ဘာသာရေး လွတ်လပ်မှု အစီရင်ခံစာ


အမေရိကန်ကွန်ဂရက်လွှတ်တော်က ဖွဲ့စည်းထားတဲ့ အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်မှု ကော်မရှင်ရဲ့ နှစ်လည်အစီရင်ခံစာ မကြာမီက ထွက်လာပါတယ်။ ဒီကော်မရှင်ဟာ ဘာသာရေးနဲ့ ပတ်သက်ပြီး အစိုးရကို သြဇာလွှမ်းမိုးနိုင်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ စိုးရိမ်စရာရှိတဲ့ (၃၄) နိုင်ငံက အခြေအနေတွေကို စာမျက်နှာ (၂၀၀) ကျော် တင်ပြထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနကလည်း တိုင်းပြည် (၂၀၀) လောက်ရဲ့ ဘာသာရေးလွတ်လပ်မှုအခြေအနေကို နှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ မြန်မာပြည်က ဘာသာရေးလွတ်လပ်မှုအခြေအနေဟာ မပြောင်းလဲဘဲ ပိုမိုဆိုးဝါးလာတာကို ဖော်ပြထားပါတယ်။

ဒီအထဲမှာ (၁၆) နိုင်ငံကို အထူးစိုးရိမ်စရာအဖြစ် သတ်မှတ်ထားပါတယ်။ မြန်မာပြည်ကို ပထမဆုံးဖြစ်တဲ့ (၁၉၉၉) အစီရင်ခံစာကစပြီး အထူးစိုးရိမ်စရာအဖြစ် သတ်မှတ်လာတာ အခုအထိပါပဲ။ ဘာသာရေးလွတ်လပ်မှုကော်မရှင်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်ကိုလည်း အကဲဖြတ်ပါတယ်။ ကော်မရှင်ရဲ့ တင်ပြချက်ကို အစိုးရက အလေးအနက်စဉ်းစားရတာမို့ ဘာသာရေးလွတ်လပ်မှုကို အမေရိကန်နိုင်ငံခြားရေးလမ်းစဉ်မှာ ဦးစားပေးလာရပါတယ်။ အမေရိကန်သံတမန်တွေဟာ သူတို့တာဝန်ကျတဲ့ တိုင်းပြည်ရဲ့ ဘာသာရေးလွတ်လပ်မှု အခြေအနေကို စောင့်ကြည့်ဖို့ တာဝန်ရှိလာပါတယ်။

အမေရိကန်နိုင်ငံခြားရေးလမ်းစဉ်မှာ ဘာသာရေးလွတ်လပ်မှုကို ဦးစားပေးတခုအနေနဲ့ ဆောင်ရွက်နိုင်အောင် ဖန်တီးရာမှာ ကွန်ဂရက်လွှတ်တော်ဟာ အရေးကြီးတဲ့အခန်းက ပါဝင်ပါတယ်။ ဘာသာရေးလွတ်လပ်မှုဆိုင်ရာ ကွန်ဂရက်လွှတ်တော်ကြားနာပွဲတွေဟာ အတော်လေး ထိရောက်ပါတယ်။ ဘသာရေးလွတ်လပ်မှု အခြေအနေကိုလိုက်ပြီး (၃၄) နိုင်ငံကို အဆင့် (၃) ဆင့် ခွဲထားပါတယ်။ ဘာသာရေးလွတ်လပ်မှုမရှိလို့ အထူးစိုးရိမ်ရတဲ့အဆင့်၊ သာမန်စိုးရိမ်ရတဲ့အဆင့်နဲ့ စောင့်ကြည့်တဲ့အဆင့်ဆိုပြီး ခွဲခြားထားပါတယ်။ မြန်မာပြည်ဟာ အထူးစိုးရိမ်စရာကောင်းတဲ့ နိုင်ငံဖြစ်နေတာ (၁၅) နှစ်ရှိပါပြီ။ အထူးစိုးရိမ်ရတာက (၁၆) နိုင်ငံ။ သာမန်စိုးရိမ်ရတာက (၁၀) နိုင်ငံ။ စောင့်ကြည့်တာက (၈) နိုင်ငံ။ စုစုပေါင်း (၃၄) နိုင်ငံကို လေ့လာသုံးသပ်ပြီး ဘာသာရေးလွတ်လပ်မှု အစီရင်ခံစာကို ရေးထားတာ ဖြစ်ပါတယ်။

ဘာသာရေးလွတ်လပ်မှုမရှိလို့ အထူးစိုးရိမ်ရတဲ့ (၁၆) နိုင်ငံမှာ မြန်မာ၊ တရုတ်၊ မြောက်ကိုးရီးယား နဲ့ ဗိယက်နမ်ပါဝင်ပြီး ကျန်နိုင်ငံတွေဟာ မွတ်စလင်အများစုရှိတဲ့ ဒေသတွေ ဖြစ်ပါတယ်။ စိုးရိမ်ရတဲ့ (၁၀) နိုင်ငံစာရင်းမှာတော့ အိန္ဒိယ၊ လာအို၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက်က ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေကို ဖိနှိပ်ချုပ်ချယ်ခဲ့ပါတယ်။ အရပ်သားတပိုင်းအစိုးရ တက်လာတဲ့အခါမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ရှိလာခဲ့ပေမယ့် ဘာသာရေးလွတ်လပ်မှုကို ဥပဒေအရ အကာအကွယ် မေပးနိုင်သေးဘူးလို့ ဆိုပါတယ်။ မွတ်စလင် ဆန့်ကျင်ရေးအကြမ်းဖက်မှုတွေကို အစိုးရက ဟန့်တားနိုင်စွမ်း မရှိဘူးလို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်က မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုဟာ အစိုးရကိုယ်တိုင် မျက်နှာလွှဲခဲပစ် လုပ်ထားတဲ့ကိစ္စဖြစ်တယ်လို့ မှတ်ချက်ချထားပါတယ်။

လူနည်းစုရဲ့ ဘာသာရေးလွတ်လပ်မှုကို ချိုးဖျက်သူနဲ့ တိုင်းရင်းသားကို တိုက်ခိုက်တဲ့ စစ်မှုထမ်းကိုအရေးယူဖို့ အစိုးရမှာ အင်အားမရှိဘဲ ဖြစ်နေပုံရပါတယ်။ ကချင်ပြည်နယ်မှာ အစိုးရတပ် စစ်ဆင်တဲ့နေရာတွေမှာ ဘာသာရေးချုပ်ချယ်မှုတွေ ရှိပါတယ်။ ဘာသာရေးအဆောက်အဦးတွေကို ဖျက်ဆီးသူ၊ မုဒိမ်းကျင့်သတ်ဖြတ်သူ၊ အတင်းအဓိမ္မခိုင်းစေသူတွေဟာ အရေးယူမခံရတဲ့အပြင် တချို့ဆိုရင် ဒေသခံနိုင်ငံရေးခေါင်းဆောင်တောင် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက ခရစ်ယာန်ဘာသာဝင်တိုင်းရင်းသားတွေ ဒုက္ခရောက်ပုံကိုလည်း ဖော်ပြပါတယ်။ အရပ်သားတသိန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်လို့ ဆိုပါတယ်။ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ရဲ့ (၂၀၁၃) အစီရင်ခံစာကို ကိုးကားတင်ပြထားတာ တွေ့ရပါတယ်။

ဘာသာရေးနဲ့ အခြားလူ့အခွင့်အရေးတွေမှာ ချုပ်ချယ်ကန့်သတ်မှုနဲ့ ဖိနှိပ်မှုတွေ ရှိနေသေးတာမို့ ဒဏ်ခတ်အရေးယူမှုအားလုံးကို ရုတ်သိမ်းဖိုပ အချိန်မတန်သေးဘူးလို့ အပြည်ပြည်ဆိုင်ရုာ ဘာသာရေးလွတ်လပ်မှုကောင်မရှင်က ဆိုပါတယ်။ တရားဥပဒေစိုးမိုးရေး၊ ဘာသာရေးလွတ်လပ်ရေးနဲ့ ဒီမိုကရေစီအသွင်ပြောင်းနိုင်ရေးမှာ အမေရိကန်ပါဝင်ဖို့ လိုတယ်လို့ အကြံပေးထားပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာမဟုတ်သူကို ခွဲခြားဆက်ဆံမှု ရပ်ဆိုင်းရေးနဲ့ ဘာသာရေးအကြမ်းဖက်မှုတွေကို စစ်ဆေးနိုင်ရေးအတွက် တာဝန်ယူထားတဲ့ သဘောတူညီချက်ကို မြန်မာနဲ့ အမေရိကန်တို့ ရယူသင့်တယ်လို့ အကြံပေးထားပါတယ်။

မြန်မာအရာထမ်များကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ပြီး နာမည်ပျက်စာရင်းသွင်းတာမျိုးတွေကို ဆက်လုပ်ရမယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ ကူညီထောက်ပံ့နေတဲ့ ကုလသမဂ္ဂအဖွဲ့ကို ရန်ပုံငွေတိုးပြီးထောက်ပံ့ဖို့နဲ့ ကမ္ဘာဘဏ်လိုအဖွဲ့အစည်းရဲ့ ငွေကြေးထောက်ပံ့မှုကို သာတူညီမျှအကျိုးခံစားနိုင်အောင် ဆောင်ရွက်ဖို့ အမေရိကန်အစိုးရကို တိုက်တွန်းထားပါတယ်။ တိုင်းရင်းသားနဲ့ ဘာသာရေးလူနည်းစုကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ဒေသခံမဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ညှိနှိုင်းဆောင်ရွက်ဖို့လည်း အမေရိကန်ဘာသာရေးလွတ်လပ်မှုကော်မရှင်က အမေရိကန်အစိုးရကို တိုက်တွန်းထားပါတယ်။
XS
SM
MD
LG