သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆက်လက် တိုက်ပွဲဝင်နေတဲ့ တအာင်းတပ်ဦး


 တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေအထဲမှာ နောက်ဆုံးမှ ထွက်ပေါ်လာပြီး သိပ်မထင်ရှားခဲ့ဘူးလို့ဆိုရမဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးဟာ အခုအချိန်မှာ အစိုးရစစ်တပ်ဖွဲ့တွေနဲ့ မကြာခဏဆိုသလိုပဲ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ လောလောဆယ် ဖြစ်ပွါးနေတဲ့ ကိုးကန့် ဦးဖုန်ကြားရှင်နဲ့ တိုက်ပွဲတွေမှာလည်း ကိုးကန်းတို့ဘက်က ပါဝင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ ဒီၤအင်အားစု ဘယ်လို ပေါ်ထွက်လာသလဲ။ ဘာကြောင့် မပြေလည်နိုင်တာလဲ ဆိုတာကို တအာင်း (ပလောင်) တပ်ဦး ဥက္ကဌ တာအိုက်ဘုန်း နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ပထမဦးဆုံး သိချင်တာကတော့ တာအိုက်ဘုန်းတို့ရဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး ဆိုတာဟာ အခုမြန်မာနိုင်ငံမှာ ကြားခဲ့ဖူးတဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေထဲမှာ နောက်ဆုံးပေါ်ထွက်လာတဲ့၊ နောက်ဆုံးကြားလာရတဲ့ နံမည်တခုဆိုရင် မှားမယ်မဟုတ်ဘူး ထင်ပါတယ်။ ဘယ်လို ပေါ်ပေါက်လာတယ်ဆိုတာကို အကျဉ်းရုံးလေး ရှင်းပြပါလား။

တာအိုက်ဘုန်း ။ ။ ကျနော်တို့ တအာင်း (ပလောင်) တော်လှန်ရေးသမိုင်းစတာ ၁၉၆၃ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ကျနော်တို့ ပလောင်းအမျိုးသားတပ်ဖွဲ့ကနေစတယ်။ ၁၉၉၁-၇ မှာ PSLA/PSLO က အပစ်အခတ်ရပ်စဲရေးကို နဝတ/နအဖ နဲ့ လုပ်သွားတယ်။ ၂၀၀၅ ခုနှစ်မှာ လက်နက်အပ်ပွဲ အခမ်းအနားလုပ်လိုက်ရတယ်။ ကျနော် အခု ဦးဆောင်နေတဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးက ၁၉၉၂ ကနေ မယ်နပလောမှာ စပြီးတော့ တည်ထောင်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တချိန်တုန်းက တာအိုက်ဘုန်းကို မိုက်အိုက်ဘုန်းလို့ လူတွေက သိကြပါတယ်။ အဲဒီအချိန်တုန်းက မိုက်အိုက်ဘုန်းတို့က “ဝ” နဲ့ အတော်လေး နီးစပ်တဲ့ အင်အားစုဖြစ်တယ်။ ဘာသာစကားအားဖြင့်၊ ယဉ်ကျေးမှုအားဖြင့် အတော်လေး နီးစပ်တယ်လို့ ပြောဖူးတယ် ထင်ပါတယ်။ အဲဒါ ဟုတ်ပါသလား။

တာအိုက်ဘုန်း ။ ။ ဟုတ်ပါတယ်။ “ဝ” နဲ့ နီးစပ်တာ အထူးသဖြင့် ကျနော်တို့ ပိုနီးစပ်တာကတော့ အခုလက်ရှိ ဝအမျိုးသားအဖွဲ့ချုပ်၊ ဝအမျိုးသားတပ်မတော် WNO, WNA ကျနော်တို့ ပိုပြီးတော့ နီးစပ်တယ်။ “ဝ” ၊ ပလောင်၊ မွန်ဆိုတာ မွန်-ခမာ မျိုးနွယ်စုဖြစ်တယ်ဆိုတော့ ဘာသာရေးအရ၊ စကားအရ တော်တော်နီးစပ်တယ်လို့ ပြောလို့ရတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ မြန်မာနိုင်ငံအစိုးရက သူတို့ ဖွဲ့စည်းပုံဥပဒေအရ ပြည်နယ်ဒေသကြီးတွေမှာရှိတဲ့ လူမျိုးစုတချို့ ပလောင် အပါအဝင်ကို ကိုယ်ပိုင်အုပ်ချုပ်ရေးအရ အထူးဒေသအဖြစ် အုပ်ချုပ်ခွင့် ပေးထားတယ်ဆိုတာကို သိရပါတယ်။ အဲဒါကို ကျန်တဲ့လူမျိုးစုတွေ တော်တော်များများက လက်ခံကြပေမဲ့ တအာင်းတို့က ဘာကြောင့် လက်မခံနိုင်ကြတာလဲ။

တာအိုက်ဘုန်း ။ ။ ဒါတော့ သူတို့ ၂၀၀၈ ဖွဲ့စည်းပုံကနေ သတ်မှတ်ထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တယ်။ နမ့်ဆန် နဲ့ မန်တုံ က။ နမ့်ဆန် နဲ့ မိုင်းတုံ က အဓိက ပလောင်လူထုတွေ အခြေချတဲ့နေရာ ဖြစ်ပေမဲ့ ဒီလိုမျိုးနေရာက မြို့နယ်သေးသေးလေးထဲမှာပဲ ကျနော်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့နယ်ကို သတ်မှတ်ထားတယ်ဆိုတာတော့ ကျနော်အထင် အင်မတန်မှ တရားမျှတမှု မရှိဘူးလို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ရှမ်းပြည်မြောက်ပိုင်း၊ အရှေ့ပိုင်းမှာ ကျနော်တို့ ပလောင်လူထုက ပျံ့နံှပြီးနေထိုင်နေတဲ့ မြို့တွေလည်း အများကြီး ရှိတယ်။ ဆိုလိုတာက ဒီမြို့တွေကို ကျနော်တို့ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့ကိုသတ်မှတ်ဖို့ တောင်းဆိုတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုမျိုး လွယ်လွယ်လေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့နှစ်မြို့လောက် သတ်မှတ်ပြီးတော့ ကျန်တဲ့နေရာတွေတော့ အထူးသဖြင့် ပလောင်တွေ အများအပြား နေထိုင်တဲ့ မြို့တွေကြတော့ ဘာမှ သတ်မှတ်မှုမရှိဘဲနဲ့၊ ဘာမှ ပတ်သက်မှု မရှိတဲ့ပုံစံ သတ်မှတ်ထားတယ်ဆိုတော့ ကျနော်တို့က အဲဒါကို တရားမျှတမှု မရှိဘူးလို့ ဒီလိုပဲ မြင်တယ်။ ဒါကို ဆက်လက်ပြီးတော့ ပိုမို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအောင် တနည်းအားဖြင့် ပြောရရင် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်တဲ့ပုံစံနဲ့ ကျနော်တို့ ဆက်လက်ပြီး တိုက်ပွဲဝင် တောင်းဆိုမယ်လို့ ချမှတ်ထားတာဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ ဘယ်လို ဖြစ်နိုင်မလဲ။ အဲဒီလိုဆိုရင် ရှမ်းတိုင်းရင်းသားတွေနဲ့ ရောနှောနေထိုင်နေတဲ့ နေရာတွေက ပလောင် တိုင်းရင်းသားတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအောင် ဘယ်လို ဖန်တီးနိုင်မလဲ။ နယ်မြေအားဖြင့်က သူတို့က ဟိုဘက်မှာ နေတာကို။ ဆိုတော့ ဘာကို တောင်းဆိုလိုတာလဲ။ အဓိက သူတို့နေတဲ့ နေရာကိုလည်း ပလောင် အုပ်ချုပ်ရေးဒေသမှာ ထည့်ပေးပါလို့ မတောင်းဆိုဘူးလို့ တာအိုက်ဘုန်းက ပြောပါတယ်။ ဒါပေမဲ့ သူတို့ ကိုယ်ပိုင်အုပ်ချုပ်ရေးလည်း လိုချင်တယ်ဆိုတော့ ဘယ်လို ဆောင်ရွက်ရင် ဖြစ်နိုင်မယ် ထင်ပါသလဲ။ နည်းလမ်းက ဘယ်လိုနည်းလမ်းနဲ့ လုပ်ရမလဲ။ ဒါကို အကောင်အထည် ဖော်ရမလဲ။

တာအိုက်ဘုန်း ။ ။ ဒါကတော့ နည်းလမ်းက အမျိုးမျိုးရှိပါတယ်။ တွေ့ဆုံဆွေးနွေးပြီးတော့ အပြန်အလှန် နားလည်းမှုနဲ့ ပြန်လည်ညှိနှိုင်းမှုနဲ့ ကျနော်တို့ ညှိနှိုင်းလို့ရတဲ့အပိုင်းတွေလည်း အများကြီးရှိတယ်။ တဖက်မှာလည်း ဒီလိုမျိုး အချိန်မျိုးမှာတော့ ညှိနှိုင်းဖို့အတွက်ကတော့ ကျနော်တို့ အချင်းချင်းကြားထဲမှာ ညှိနှိုင်းဖို့အချိန်လည်း အင်မတန်မှ အားနည်းတယ်။ အင်မတန်မှ ခက်ခဲတဲ့ကြားထဲမှာ ဖြစ်နေတော့ ဒါကိုပြောဖို့ စောသေးတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ အခုန ကျနော် ပြောချင်တာက ကိုယ်ပိုင်အုပ်ချုပ်ခွင့် မြို့နယ်နှစ်ခု ပေးထားပေမဲ့လဲ ကျနော်တို့ ကျေနပ်ရလောက်အောင် ပေးထားတာ အနေအထားမျိုး မရှိသေးဘူးလို့ ကျနော်တို့ ပလောင်အများစုက ဒီလိုခံယူတယ်။ ဒီလိုပဲ ယုံကြည်တယ်။ ဒါကြောင့် ကျနော်တို့က ပိုပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မြို့နယ်ကို တိုးချဲ့နိုင်ဖို့ ကျနော်တို့အားလုံးက ဆန္ဒသဘောထား ရှိပါတယ်။ ဒါကိုလည်း ကျနော်တို့ ဆက်လက်ညှိနှိုင်းရမှာပါ။ ရှမ်းနဲ့ အစိုးရနဲ့။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အခု ညှိနှိုင်းနိုင်တဲ့ အလားအလာ မရှိဘူးလား။ အခု လူမျိုးစု တော်တော်များများဟာ ညှိနှိုင်းဆောင်ရွက်နေကြပါတယ်။

တာအိုက်ဘုန်း ။ ။ မရှိသေးဘူး။ ကျနော်တို့က ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ၂၀၁၃ ဇူလိုင်လတုန်းက တရားဝင်ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ တရားဝင် တင်ပြထားတာရှိတယ်။ ဒါတွေက ဦးအောင်မင်း ပြောတာကတော့ UWPC က လိုတာထက် အများကြီး တောင်းတယ်ဆိုတဲ့ဟာကို သူတို့ပြောတာဖြစ်တယ်။ အမှန်မှာတော့ ဒါကို ကျနော်တို့ တောင်းတာမဟုတ်ဘူး။ ဒီလိုမျိုး ရှစ်မြို့နယ်၊ ကိုးမြို့နယ်မှာရှိနေတဲ့ ပလောင်တွေကို ပြန့်နံှနေတဲ့ ပလောင်တွေကို ကျနော်တို့ စည်းရုံးရေး၊ စည်းရုံးခွင့်ရအောင် တောင်းဆိုတာဖြစ်တယ်။ အဲဒီလိုမျိုး စည်းရုံးခွင့်ရရင် လူထုရဲ့ ဆန္ဒသဘောထားကိုလည်း ကောက်ယူချင်တာ ဖြစ်တယ်လို့ တင်ပြတာဖြစ်တယ်။ ဒါပေမဲ့ တဘက်မှာလဲ ကျနော်တို့ရဲ့ ညီနောင် ရှမ်းတွေက ကျနော်တို့အပေါ် နားလည်းမှုလွဲအောင်ဆိုပြီး ပလောင်တွေက ရှစ်မြို့နယ် ကိုးမြို့နယ် တောင်းပြီးတော့ ကျနော်တို့ အစိုးရ ဘယ်ပေးနိုင်မလဲဆိုတာ အဲဒီလို လွယ်လွယ်နဲ့ ပြောတယ်လို့ အဲဒီလို ကျနော် သုံးသပ်ထားတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု တိုင်းရင်းသားတွေရဲ့ အဖွဲ့အစည်းကြီးတွေ UNFC တို့လို၊ တိုင်းရင်းသားတွေ စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့တွေရှိတယ်။ အဲဒီ အဖွဲ့တွေထဲမှာ တအာင်းပြည်နယ် လွတ်မြောက်ရေးတပ်ဦးလဲ အဖွဲ့ဝင်တဦးအဖြစ် ပါဝင်နေတယ် မဟုတ်ဘူးလား။

တာအိုက်ဘုန်း ။ ။ ဟုတ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါနဲ့ ဆက်ပြီးတော့ ညှိနှိုင်းလို့ မဖြစ်နိုင်ဘူးလား။ ဒီကိစ္စကို အသေးစိတ် ဆွေးနွေးမယ်ဆိုတာ။

တာအိုက်ဘုန်း ။ ။ အခြေအနေ ညှိနှိုင်းလို့ရတယ်လို့ ကျနော်တို့ မြင်တယ်။ အဓိကတော့ အစိုးရနဲ့ ပြေလည်ဖို့လိုတယ်။ နောက်ဆက်တွဲတွေက ကျနော်တို့အချင်းချင်း ညှိနှိုင်းပြီးတော့ ပိုမိုလွယ်ကူမယ်လို့တော့ ဒီလိုပဲ မြင်တယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အခုကြားနေရတာက ငြိမ်းချမ်းရေးအတွက် အလားအလာ ဘယ်လိုကောင်းတယ်။ ဘယ်လိုပြောပြော လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်တယ်။ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်တယ်ဆိုတဲ့သတင်းက တအာင်း ပြည်သူ့လွတ်မြောက်ရေးအဖွဲ့နဲ့ အများဆုံး ဖြစ်နေတာကို သတင်းတွေထဲမှာ ကျနော်တို့ ကြားနေရတယ်။ အဲဒီ လက်နက်ကိုင် ပဋိပက္ခတွေ ရုတ်တရက် ဖြစ်နေရတဲ့အကြောင်းက ဘာလဲ။ သူ့နယ်မြေ၊ ကိုယ့်နယ်မြေ ဖြတ်သန်းမှုလား။ ဘယ်လို ပဋိပက္ခမျိုးလဲ။

တာအိုက်ဘုန်း ။ ။ အဲဒါက ပြောမယ်ဆိုရင်လဲ တော်တော်ရှည်မယ့် သဘောလောက်ရှိမယ်။ ဒါပေမဲ့ တိုရှင်းလိုရင်း ပြောရမယ်ဆိုရင်တော့ ၂၀၀၅ မှာ PSLA က လက်နက်အပ်တဲ့ နောက်ပိုင်းမှာ ဦးသိန်းစိန်က အခုလက်ရှိ သမ္မတက လက်နက်အပ်ပွဲ အခမ်းအနားမှာ မိန့်ခွန်းပြောသွားတာတွေ အများကြီး ရှိပါတယ်။ ကတိတွေ အများကြီး ပေးသွားတယ်။ ပလောင်ဒေသ ဖွံ့ဖြိုးရေးတွေ လုပ်ပေးမယ်။ တည်ငြိမ်မှုရှိအောင် လုပ်ပေးမယ်။ မူးယစ်ဆေးဝါး ပပျောက်အောင် လုပ်ပေးမယ် စသဖြင့်ပေါ့ အများကြီး ကတိတွေ ပေးသွားတယ်။ ဒါပေမဲ့ လက်နက်အပ်ပြီး နောက်ပိုင်းမှာ ၂၀၀၅ - ၂၀၁၀ ကြားထဲမှာ ကျနော်တို့ ပလောင်တွေ တော်တော်လေး ဒုက္ခတွေ ရောက်သွားတယ်။ အထူးသဖြင့် မူးယစ်ဆေးဝါး သားကောင်တွေ ဖြစ်သွားခဲ့တယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ တော်တော်လေး များသွားတယ်။ ပလောင်ဒေသမှာ များပြားသွားတယ်။ နောက်တခုက မြန်မာ့တပ်မတော်ထဲကလည်း ပလောင် လူထုတွေ၊ ပလောင် လူငယ်တွေကို စုစည်းပြီးတော့ ပြည်သူ့စစ်တို့၊ မြန်မာတပ်မတော်ထဲကို အတင်းအဓမ္မ လုပ်ခိုင်းတာတွေရှိတယ်။ လူမှုရေး၊ စီးပွားရေး အဲဒီမှာ ချွတ်ခြုံကျပြီးတော့ ပညာရေး၊ ကျန်းမာရေးလည်း ဘာမှရစရာမရှိဘူး။ ပိုဆိုးတာက မူးယစ်ဆေးဝါး ပိုပြီးတော့ များပြားလာတယ်။ အဲဒါကြောင့် ကျနော်တို့က ၂၀၀၉ မှာ ပလောင်းဒေသမှာ ပြန်လည်လက်နက်ကိုင် လှုပ်ရှားမှုနဲ့ ပြန်လည်ဝင်ရောက်လာတဲ့အချိန်မှာ ကျနော်တို့ ပလောင်လူထုက ကြိုဆိုပြီးတော့ ကျနော်တို့ကို ထောက်ခံတယ်။ အဓိက မူးယစ်ဆေးဝါး တိုက်ဖျက်ပေးဖို့ အဓိကလူထုက တောင်းဆိုတဲ့အပေါ်မှာလည်း အလေးထားပြီးတော့ မူးယစ်ဆေးဝါးကို အဓိကထား တိုက်ဖျက်နေတယ်။ တချို့နေရာတွေမှာ တိုက်ပွဲဖြစ်တယ်ဆိုတာက ကျနော်တို့က လူထုစည်းရုံးရေးနဲ့ မူးယစ်ဆေးဝါးပပျောက်ရေးကို လုပ်ရင်နဲ့ တိုက်ပွဲတွေဖြစ်တဲ့နေရာတွေလည်း အတော်များတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာတွေက မြန်မာတပ်မတော်နဲ့ ပြည်သူ့စစ်တွေက သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်တယ်လို့ပဲ မြင်တော့ အမြဲတမ်း လိုက်နှောက်ယှက်နေတော့ တိုက်ပွဲလည်း အဲဒီမှာ ဖြစ်တာတွေ အများကြီးရှိတယ်။

ဦးကျော်ဇံသာ ။ ။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ကတော့ ဘယ်သူက လုပ်တယ်ဆိုတာကတော့ အပြန်အလှန် စွပ်စွဲမှုတွေ အများကြီးရှိပါတယ်။ အစိုးရဖက်ကလည်း လက်နက်ကိုင်အင်အားစုတွေက ဒီဟာနဲ့ ရန်ပုံငွေရှာတယ်။ ဘာညာဆိုပြီးတော့ ပြောကြပါတယ်။ ဒီကိစ္စကို ဘယ်လို ပြန်ပြောချင်ပါသလဲ။

တာအိုက်ဘုန်း ။ ။ ဒါကတော့ သူတို့စွပ်စွဲချက်လို့ ပြောလို့ရတယ်။ ကျနော်တို့ဆီမှာ အထောက်အထားတွေ ရှိတယ်။ မြန်မာ့လက်အောက်ခံ ပြည်သူ့စစ်တွေက မူးယစ်ဆေးဝါး ဘယ်လို ပါဝင်ပတ်သက်မှုရှိလဲဆိုတာ အထောက်အထားတွေ ရှိတယ်။ ကျနော်တို့ဖက်က လုံးဝယုံကြည်တယ်။ လုံးဝ မူးယစ်ဆေးဝါးလုပ်တာ မရှိဘူး။ ကျနော်တို့ တပ်ထဲမှာလည်း အဲဒီလိုမျိုး ပါဝင်ပတ်သက်မှုရှိရင်လည်း ကြီးလေးတဲ့အပြစ်တွေ ပေးထားတာတွေရှိတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် စဉ်းစားမိတာက ဒီ တအာင်းတိုင်းရင်းသားတွေအနေနဲ့ မကျေနပ်တဲ့အချက်တွေ၊ မူးယစ်ဆေးဝါး ပိုပြီးတော့ ပြန့်နှံနေတဲ့ ကိစ္စတွေကို မြန်မြန်ဖြေရှင်းချင်တဲ့ကိစ္စတွေ။ ဒီဟာတွေကို အပြန်အလှန် လက်ညှိုးထိုးပြီးတော့ တိုက်ခိုက်သတ်ဖျက်နေတာနဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့ ဥပဒေဘောင်အတွင်းက ဆောင်ရွက်တာ ပိုမကောင်းဘူးလား။ ဥပမာအားဖြင့် နိုင်ငံတကာအဖွဲ့အစည်းလည်း ဒီကတဆင့် ပါလာမှာပေါ့။ ကုလသမဂ္ဂ UNODC တို့ဘာတို့။ အဲဒါ မကောင်းနိုင်ဘူးလား။

တာအိုက်ဘုန်း ။ ။ မှန်ပါတယ်။ ကျနော်တို့ကလည်း အဲဒါကြောင့် တရားဝင် တွေ့ဆုံဆွေးနွေးရေးကို လုပ်ခဲ့တယ်။ ၂၀၁၃ ဇူလိုင်လမှာ ပြည်နယ်အဆင့် လုပ်ခဲ့တယ်။ နောက်ပြီးတော့ ကျနော်တို့က ပြည်နယ်အဆင့်ကနေ ပြည်ထောင်စုအဆင့် တွေ့နိုင်ဖို့အတွက်က အပစ်အခတ်ရပ်စဲရေး လုပ်နိုင်ဖို့အတွက် ဒီလောက်ထိ မျှော်မှန်းထားတာ ရှိတယ်။ ဒါပေမဲ့ နောက်ပိုင်းက မြန်မာ့တပ်မတော်တွေ အများကြီး တက်လာတယ်။ တဖက်မှာ ဦးအောင်မင်းနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ပြီးတော့ တဖက်မှာ မြန်မာ့တပ်မတော်တွေ အများကြီး အလုံးအရင်းနဲ့ တက်လာပြီးတော့ ထိုးစစ်တွေဆင်တယ်။ ကျနော်တို့ လုံးဝနားလို့မရတဲ့အဆင့် ထိုးစစ်တွေဆင်တယ်။ တဖက်ကတမျိုး၊ တဖက်ကတမျိုး လုပ်နေတော့ ကျနော်တို့က အဲဒါတွေကို အများကြီး သံသယရှိလာတယ်။ နောက်တခုက တဖက်မှာ သူတို့ပြောတာကတော့ နောက်တကြိမ်တွေ့ရင်လည်း လက်မှတ်ထိုးရမယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရမယ်လို့ ပြောတယ်။ ကျနော်တို့က အဲဒီလိုမျိုး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရမယ်။ မထိုးရဖို့ ကြိုတင်ပြီးတော့ conditional သတ်မှတ်ထားတာကို မဖြစ်သင့်ဘူးလို့ မြင်တယ်။ ကျနော်တို့ကလည်း ပြန်ပြောတယ်။ တကယ်လို့ နောက်တကြိမ် တွေ့ပြီးတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမယ်ဆိုရင်တော့ ရပါတယ်။ ထိုးနိုင်တယ်။ ဒါပေမဲ့ ကျနော်တို့ကလည်း conditional တခု ပေးထားတာက ကျနော်တို့ တောင်းဆိုချင်တာရှိတယ် ဘာလဲဆိုတာကို သူတို့က ပြန်မေးတယ်။ ကျနော်တို့ ပလောင်ဒေသမှာရှိတဲ့ မြန်မာတပ်မတော်တွေကို ပြန်ပြီးတော့ ဆုတ်ခွါပေးဖို့၊ ဆုတ်ပေးဖို့ တောင်းဆိုတယ်။ တကယ်လို့ အဲဒီလို လိုက်လျောပေးမယ်ဆိုရင် ကျနော်တို့ လက်မှတ်ထိုးဖို့တော့ အခက်အခဲ မရှိဘူးလို့ ပြန်ပြောတယ်။ အဲဒါကြောင့် ဒီ တွေ့ဆုံဆွေးနွေးရေးကတော့ မဖြစ်ဘဲနဲ့ အခု တိုက်ပွဲတွေတောက်လျှောက် ဖြစ်နေတယ်ဆိုတာ ကျနော်တို့က ဒီလို ပြန်ပြောတယ်။ တချက်တည်း အသိပေးချင်တာကတော့ ဦးသိန်းစိန်ကို ဒီလ စတ်တင်ဘာလ (၆) ရက်နေ့က တရားဝင် စာပို့ထားတယ်။ အခု စစ်ပွဲတွေ ဖြစ်နေတာကတော့ လျှော့နိုင်ဖို့အတွက် တရားဝင်စာတွေ ပို့ထားတာတွေ ရှိပါတယ်။ ဒီစာကိုလည်း ကျနော်တို့ မဟာမိတ်တပ်ပေါင်းစုတွေကိုလည်း မိတ္တူတွေ ပေးထားတာရှိတယ်။

XS
SM
MD
LG