သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုးလမ်းမ စီးပွားရေးဒေသ


ပိုးလမ်းမ တစိတ်တပိုင်း (Section of the Silk Roads, Tianshan corridor).
ပိုးလမ်းမ တစိတ်တပိုင်း (Section of the Silk Roads, Tianshan corridor).

လွန်ခဲ့တဲ့ နိုဝင်ဘာလက တရုတ်ဝန်ကြီးချုပ် လီခချန်း နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်က (၂၁) ရာစု ရေလမ်းကြောင်း ပိုးလမ်း တည်ဆောက်ရေး၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ် စီးပွားရေးစင်္ကြန် ထူထောင်ရေး နဲ့ အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နံှမှုဘဏ် တည်ထောင်ရေး စတာတွေမှာ မြန်မာက ပူးပေါင်းဆောင်ရွက်မယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အာဆီယံနိုင်ငံတွေရဲ့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးချေးငွေ ဒေါ်လာသန်း (၂) သောင်း မတည်မယ်လို့ တရုတ်က ဆိုပါတယ်။ တရုတ် စီးပွားရေးမှာ အလွန်အရေးပါတဲ့ ပိုးလမ်းမအတွက် အကြီးအကျယ် ရင်းနှီးပါလိမ့်မယ်။

ရှေးခေတ်က ဥရောပနဲ့ တရုတ်ပြည် ကုန်သွယ်ရေးမှာ အာရှအလယ်ပိုင်းဒေသကို ဖြတ်သွားတဲ့လမ်းကို ပိုးလမ်းကြောင်းလို့ ခေါ်ပါတယ်။ ဒီလမ်းက တောင်ဘက်ကို ဖြာထွက်သွားတဲ့ လမ်းအချို့ဟာ အိန္ဒိယနဲ့ သွားဆက်ပါတယ်။ တရုတ်ပိုးထည် ဒီလမ်းကလာလို့ ပိုးလမ်းလို့ ဥရောပမှာ အမည်တွင်သွားတာပါ။ လွန်ခဲ့တဲ့ အနှစ် (၆၀၀) က တရုတ်ရေတပ် အာဖရိကတိုက်အထိ ခရီးထွက်ခဲ့ဖူးတဲ့ အစဉ်အလာကိုယူပြီး ရေကြောင်း ပိုးလမ်းအမည်ကို တီထွင်လိုက်တာ ဖြစ်ပုံရပါတယ်။ ရေကြောင်းပိုးလမ်းဟာ အာဆီယံဒေသနဲ့ အိန္ဒိသမုဒ္ဒရာကို ဖြတ်သွားတာကြောင့် အိန္ဒိယနဲ့ရော မြန်မာနဲ့ပါ သက်ဆိုင်နေပါတယ်။

စီးပွားရေး တိုးတက်နေတဲ့ တရုတ်ပြည်အရှေ့ပိုင်ဒေသနဲ့ ဥရောပကို ရှေးခေတ်ပိုးလမ်းအတိုင်း ပြန်လည်ဆက်သွယ်နိုင်ရင် လမ်းတလျှောက်က အရပ်ဒေသအားလုံး စီးပွားရေး အကျိုးအမြတ် ခံစားရမယ်လို့ တရုတ်က ဆိုပါတယ်။ ပိုးလမ်းဖြတ်သွားမယ့် အာရှအလယ်ပိုင်းဒေသဟာ လူနေကျဲပြီး မဖွံ့ဖြိုးသေးတဲ့ ဒေသဖြစ်တဲ့အတွက် ပိုးလမ်းတလျှောက်မှာ ကားလမ်း၊ ရထားလမ်း ဖောက်လုပ်ပြီး ဆက်သွယ်နိုင်ရင် တရုတ်ရဲ့ အနောက်ပိုင်းပြည်နယ်တွေ တိုးတက်လာမယ်လို့ ယူဆပါတယ်။ ပိုးလမ်းကြောင်းတလျှောက်မှာ ချစ်ခင်ရင်းနှီးစွာ ဆက်ဆံတဲ့ဓလေ့ ထွန်းကားလာမယ်လို့လည်း တရုတ်က မျှော်လင့်ပါတယ်။ တောင်ပိုင်းမှာ ကုမင်၊ ဘောင်ရှန်၊ ရွှေလီ၊ ဗန်းမော်၊ မြစ်ကြီးနား၊ ရှာဒူဇွပ်၊ ရှင်ဘွီယန် နဲ့ လီဒို တို့ကို ကားလမ်းနဲ့ ဆက်နိုင်ရင် အိန္ဒိယပြည်ကို ရောက်သွားတာမို့ တောင်ပိုင်း ပိုးလမ်းမကြီး ဖြစ်သွားနိုင်ပါတယ်။

ပိုးလမ်းကြောင်း စီးပွားရေးဒေသဟာ ကုန်သွယ်ရေးနဲ့ သယံဇာတပစ္စည်း ထုတ်ယူရေးတင်မကဘဲ ဒေသခံတွေ တိုးတက်ဖွံ့ဖြိုးရေးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ပထမအဆင့်ကတော့ လိုအပ်တဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေး ဖြစ်ပါတယ်။ ရှင်းဂျန်ပြည်နယ်မြို့တော် အူရမ်ချီနဲ့ ချင့်ဟိုင်ပြည်နယ်က ရှင်နင်းမြို့ကို အမြန်ရထားဆွဲနေတာ တလ ရှိနေပါပြီ။ ယူနန်တောင်ကုန်းဒေသမှာ ကားလမ်း၊ ရထားလမ်းတွေ ဖောက်လုပ်နေပါတယ်။ ကုမင်မြို့တော်နဲ့ ဗိယက်နမ်နယ်စပ်ကို ရထားလမ်း ဆောင်နေတာ ဒီနှစ်ကုန်မှာပြီးမယ်လို့ မျှော်လင့်ရပါတယ်။ ကုမင် နဲ့ ရွှေလီကိုဆက်တဲ့ အမြန်လမ်းမကို တည်ဆောက်နေပါတယ်။ အာရှအလယ်ပိုင်းမှာ အခြေခံအဆောက်အအုံအတွက် ဒေါ်လာသန်း (၅) သောင်းသုံးဖို့ သတ်မှတ်ထားကြောင်း ငွေကိုလမ်းခင်းပြီး တည်ဆောက်မယ့် ပိုးလမ်းမလို့ ပြောရပါလိမ့်မယ်။

ပိုးလမ်းကြောင်းရဲ့ တောင်ဘက်စွန်းဖြစ်တဲ့ ယူနန်ဟာ တရုတ်ပြည်မျာ တတိယအဆင်းရဲဆုံး ပြည်နယ်ဖြစ်တာမို့ ပိုးလမ်းသစ်နဲ့ ဆက်သွယ်နိုင်အောင် အခြေခံ အဆောက်အအုံ တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ ဒေါ်လာသန်း (၂) သောင်း (၄) ထောင် အကုန်ခံပြီး အိမ်နီးချင်းတွေနဲ့ ဆက်သွယ်ရေး ကောင်းမွန်ဖို့ ရည်ရွယ်ပါတယ်။ ယူနန်ပြည်ဟာ မြန်မာ၊ လာအို၊ ဗိယက်နမ် နဲ့ နယ်စပ်ချင်းဆက်နေပြီး ထိုင်းနဲ့ ကမ္ဘောဒီးယားကိုတော့ မဲခေါင်မြစ်ကတဆင့် ဆက်သွယ်ထားပါတယ်။ ကျောက်ဖြူ-ကုမင် ရေနံဓါတ်ငွေ့ ပိုက်လိုင်းဟာ ယူနန်အတွက် အဓိကကျတာမို့ ကျောက်ဖြူဆိပ်ကမ်းကို တိုးချဲ့ဖို့ ကြိုးပမ်းနေပါတယ်။ ကျောက်ဖြူ-ကုမင် မီးရထားလမ်းကို ဒေါ်လာသန်း (၂) သောင်းသုံးပြီး တည်ဆောက်ဖို့ နားလည်မှု ယူထားတာ (၃) နှစ်ကျော်လာပြိဖြစ်လို့ အကောင်အထည်ဖော်ဖို့ အလားအလာနည်းသွားပြီလို့ ပြောနိုင်ပါတယ်။

ဒါပေမဲ့ တရုတ်ကတော့ ကျောက်ဖြူ-ကုမင် ရထားလမ်း ကားလမ်း စီမံကိန်း အကောင်အထည်ပေါ်အောင် ဆက်လက်ကြိုးပမ်းမယ့် ပုံပေါက်နေပါတယ်။ ပိုးလမ်းမ စီးပွားရေးဒေသကို တရုတ်အစိုးရပိုင် စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်ပြီး တည်ဆောက်မှာမို့ တရုတ်အစိုးရရဲ့ ဘဏ္ဍာငွေ ထောက်ပံ့မှု အများကြီးလိုအပ်ပါတယ်။ ဒါပေမဲ့ ငွေကိုလမ်းခင်းတိုင်း ပြေလည်တာ မဟုတ်ပါဘူး။ ဥပမာ ပိုးလမ်းဖြတ်မယ့် ရှင်းဂျန်ပြည်နယ်ဟာ ဝီးဂါတိုင်းရင်းသားတွေ ပုန်ကန်ရာဒေသ ဖြစ်ပါတယ်။ တရုတ်အစိုးရ သယံဇာတ တူးဖော်ချိန်ကစပြီး အကျိုးမခံစားရတဲ့ ဒေသခံတွေ ဆူပူလာကြပါတယ်။ စီးပွားရေးကိုသာကြည့်ပြီး အမျိုးသားရှု့ထောင့်က မမြင်နိုင်တာဟာ တရုတ်ရဲ့ အားနည်းချက် ဖြစ်ပါတယ်။

ဥပမာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဟာ တရုတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးပေမယ့် မြန်မာနယ်စပ်မှာလို လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေရင် တရုတ်ရဲ့ မဟာစီမံကိန်း အောင်မြင်ဖို့အလားအလာ နည်းသွားနိုင်ပါတယ်။ တရုတ်-မြန်မာ နယ်စပ်တိုက်ပွဲတွေဟာ မြန်မာအစိုးရကို မထိခိုက်နိုင်ဘဲ တရုတ် မဟာဗျူဟာကိုသာ ထိခိုက်နိုင်ပါတယ်။ အခြားကိစ္စက အရေးမကြီးဘဲ နယ်စပ်တည်ငြိမ်ရေးသာ အရေးကြီးတယ်လို့ တရုတ်ဘက်က ယူဆနေသ၍ လက်နက်ကိုင် ပဋိပက္ခ သက်ဆိုးရှည်ဖွယ် ရှိပါတယ်။ ဒေသခံတွေရဲ့ အကျိုးစီးပွား ပါဝင်မှသာ ပိုးလမ်းမ စီးပွားရေးဒေသ ဖြစ်ထွန်းဖွယ် ရှိပါတယ်။

XS
SM
MD
LG