သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် ယာဉ်ကြောကြပ်တည်းမှု ပြဿနာ ဘယ်လိုအဖြေရှာမလဲ


Myanmar Yangon
Myanmar Yangon

အခုရန်ကုန်မှာ အရေးတကြီး ပြောဆိုလာကြတဲ့ပြဿနာ တစ်ခုကတော့ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာပါ။ သူ့ရဲ့ သက်တန်း မကုန်ခင် ရန်ကုန်ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းပေးနိုင်မလား ဆိုပြီး သမ္မတ ဦးသိန်းစိန်ကို မေးခွန်းထုတ်တာမျိုး ရှိလာသလို ယာဉ်ကြောပိတ်ဆို့မှု များလာတဲ့အတွက် ကားတင်သွင်းခွင့် ကန့်သတ်လျော့ချတော့မလား ဆိုပြီး စီးပွား-ကူးသန်း ဝန်ကြီးဌာနကို မေးမြန်းတာတွေလည်း ရှိလာပါတယ်။ နဂိုတုန်းကတော့ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့နဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့တွေဟာ ယာဉ်ကြောပိတ်ဆို့တဲ့ ပြသနာကို ပေါ့ပေါ့တန်တန် သဘောထားခဲ့ကြသလို တစ်ချို့ အစိုးရတာဝန်ရှိသူတွေဆိုရင် ယာဉ်ကြောပိတ်ဆို့နေတာကိုပဲ ပြောင်းလဲတိုးတက်လာတဲ့ လက္ခဏာ တစ်ခုအဖြစ် ဂုဏ်ယူပြောဆိုတာမျိုးတောင် ရှိခဲ့ပါတယ်။ ရန်ကုန်မှာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် ပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်နေပြီလဲ၊ တကယ်ပဲ မြန်မာပြည်မှာ ကားတွေ များနေပြီလား၊ ဒီ ပြသနာ ဘယ်လို ဖြေရှင်းသင့်သလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက်ပိုင်း ပြည်တွင်းကို ကားတင်သွင်းခွင့် ပိတ်ပင်ထားရာကနေ ဖြေလျော့မှု တစ်ချို့ လုပ်ပေးပါတယ်။ အိုမင်းဟောင်းနွမ်းနေတဲ့ ကားတွေကို အရည်ကြိုဖို့ ပြန်အပ်ရင် တပတ်ရစ် ကားတစ်စီး ပြန် တင်သွင်းခွင့်ပြုပါတယ်။ ဒါ့အပြင် အများပြည်သူတွေကိုလည်း ကားတင်သွင်းခွင့်ပေးခဲ့ပါတယ်။ ၃ နှစ်အတွင်း ကားအစီးရေ တစ်သိန်းကျော်ကို အစားထိုးကားတွေအဖြစ် တင်သွင်းခဲ့ပြီး အစီးရေ ၂ သိန်းနီးပါးကိုတော့ အသစ်ထပ်ပြီး တင်သွင်းခွင့်ပေးခဲ့ပါတယ်။ ဒီအတွက် အခုနောက်ဆုံး စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ လူစီးကား စီးရေ ၅ သိန်းနီးပါး အရည်အတွက်ရှိပါတယ်။ လူတထောင်ကို ကား (၉) စီး ပိုင်ဆိုင်တယ် ဆိုတဲ့ သဘောပါ။ ဒီအရည်အတွက်ဟာ ၂၀၁၀ စာရင်းအရ လူ ၁၀၀၀ ကား ၁၂ စီးပိုင်ဆိုင်ခဲ့တဲ့ ဗီယက်နမ်၊ လူ ၁၀၀၀ ကားအစီး ၂၀ ပိုင်ဆိုင်တဲ့ လာအိုလို နိုင်ငံမျိုးထက် ပြည်သူတွေရဲ့ ကားပိုင်ဆိုင်မှု အရည်အတွက် နည်းနေသေးသလို အာဆီယံ နိုင်ငံတွေထဲမှာလည်း အနိမ့်ဆုံး အနေအထားပဲ ရှိနေပါသေးတယ်။

တိုက်ရိုက် လင့်ခ်

ဒါကြောင့် ရန်ကုန်မှာ ကားများတယ်လို့ ထင်ရပြီး ယာဉ်ကြောတွေ ပိတ်ဆို့နေသလောက် နယ်တွေမှာတော့ ကားအရည်အတွက် အလွန်နည်းနေသေးတာ တွေ့နိုင်ကြပါတယ်။ ရန်ကုန်မှာ ယာဉ်ကြောပိတ်ဆို့မှုပြသနာ အတွက်ဆိုရင် ဖြေရှင်းရမယ့် ကိစ္စ အများကြီး ရှိနေပါတယ်။ ကားပါကင် ပြသနာ၊ လမ်းဘေးဈေးသည်တွေရဲ့ ပြသနာ၊ ဘတ်စ်ကား ပြေးဆွဲမှု စနစ်၊ ယာဉ်စည်းကမ်း ထိမ်းသိမ်းမှု၊ ဆောက်လုပ်ရေး လုပ်ငန်း စတဲ့ ပြသနာတွေ ဖြေရှင်းရမယ့်အပြင် မြို့ပါတ်ရထား စနစ်၊ ရေကြောင်းသွားလာမှု စတာတွေနဲ့လည်း ပံ့ပိုးပေးရမှာဖြစ်ပါတယ်။

ယာဉ်ကြောပိတ်ဆို့မှုပြသနာမှာ ကားပါကင် ပြသနာက အကြီးမားဆုံးပါပဲ။ မြန်မာပြည်ထဲကို ကားတွေသွင်း၊ ရန်ကုန်မှာ ကားတွေ များလာသလောက် ကားပါကင်ကတော့ မရှိသလောက်နည်းပါတယ်။ ပုဂ္ဂလိကပိုင် ဟော်တယ်တွေ၊ ကွန်ဒိုတွေ၊ အထပ်မြင့်တိုက်ခန်းတွေ၊ ရုံးအဆောက်အဦးတွေဆောက်ရင် ကားပါကင် ထည့်သွင်းဆောက်လုပ်ဖို့ စည်းကမ်းချက်တွေ ရှိခဲ့ပေမယ့် တကယ့်လက်တွေ့ ကားပါကင်တွေ ထည့်သွင်းတည်ဆောက်တာမျိုး မလုပ်ကြပါဘူး။ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေဟာ အရင် စစ်အစိုးရခေတ်ကနေ ဒီကနေ့ အချိန်ထိ ဈေးအလွန်ကောင်းတဲ့ မြေညီထပ်လို နေရာမှာ ကားပါကင် ထည့်သွင်းဆောက်လုပ်ဖို့ စိတ်မဝင်စားကြပါဘူး။ ရန်ကုန်မြို့တော် စည်ပင် တာဝန်ရှိသူတွေကို လာဘ်ပေးတဲ့ နည်းနဲ့ ဖြေရှင်းခဲ့ကြလို့ ဒီကနေ့ ရန်ကုန်က ကွန်ဒိုနဲ့ တိုက်ခန်းတွေမှာ ကားပါကင်တွေ ရှိမနေတာ ဖြစ်ပါတယ်။

ဒီ့အတွက် အစိုးရပိုင်၊ ဝန်ကြီးဌာနပိုင် မြေကွက်တွေ၊ အဆောက်အဦးနေရာတွေမှာ ကားပါကင်တွေ ဖော်ထုတ်ဖို့ ဆိုတာကလည်း မဖြစ်နိုင်ပြန်ပါဘူး။ အကြောင်းကတော့ ဝန်ကြီးတွေဟာ အဲဒီ မြေနေရာတွေကို သူတို့ ဘိုးဘွားပိုင်တွေ သဖွယ် သဘောထားပြီး ကိုယ်ကျိုးအတွက် အသုံးချဖို့လောက်ပဲ စဉ်းစားကြတာမို့ပါ။ ဘယ်ဝန်ကြီးကမှ ကားပါကင်အတွက် အသုံးပြုခွင့် မပေးကြပါဘူး။ ဒါကြောင့် ရန်ကုန်မှာ ကားပါကင်တွေ ပေါ်ပေါက်မလာပဲ ပြည်သူတွေ သွားလာနေတဲ့ ပလက်ဖေါင်းတွေကို လှီးတဲ့ နည်းနဲ့သာ ကားပါကင်ဖော်ထုတ်နေတာပါ။ ယာဉ်ကြော ကြပ်တည်းစေတဲ့ နောက် ပြသနာကြီးတစ်ခုက လမ်းဘေးဈေးသည်တွေ ပြသနာပါ။ တစ်နေ့တစ်ခြား များပြားလာတဲ့ လမ်းဘေးဈေးသည်တွေ စနစ်တကျ ရှိရေး ရန်ကုန်စည်ပင်က စီမံခန့်ခွဲနိုင်ခြင်း မရှိပါဘူး။ လူသွားလမ်းတွေပေါ် ဈေးရောင်းတဲ့အခါ လူတွေက ကားလမ်းပေါ်ဆင်းလျှောက်ရင်း ယာဉ်ကြောပိတ်ဆို့မှု ဖြစ်နေတာကလည်း နေရာ အနှံ့အပြားမှာပါ။

နောက်ပြသနာ တစ်ခုက ဘတ်စ်ကားလိုင်း စီမံခန့်ခွဲမှုပါ။ လက်ရှိ ရန်ကုန်ဘတ်စ်ကားလိုင်း အများစုဟာ ယာဉ်ကြောအလွန်ကြပ်တဲ့ မြို့လည် ကို အခြေပြုပြီး ဆွဲနေတာမျိုးပါ။ ဘတ်စ်ကား ပြေးဆွဲမှုကို စီမံခန့်ခွဲရတဲ့ ရန်ကုန်တိုင်း အစိုးရနဲ့ မထသ လို အဖွဲ့အစည်းမျိုးဟာ ပြည်သူတွေရဲ့ လိုအပ်ချက်၊ ယာဉ်အခြေအနေ၊ လမ်းအခြေအနေ တွေနဲ့ လိုက်လျောညီထွေ ရှိမယ့် ယာဉ်လိုင်း ပြေးဆွဲမှု စနစ်တစ်ခု အကောင်အထည် ဖော်နိုင်ခြင်း မရှိပါဘူး။ အရင်ခေတ်အဆက်ဆက်က အတိုင်း အဂတိလိုက်စားမှု အခြေခံတဲ့၊ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုစနစ်နဲ့ ခွင့်ပြုထားတာ ဖြစ်လေတော့ ယာဉ်လိုင်းတွေ စနစ်ကျနမှု မရှိတာကလည်း ယာဉ်ကြောကြပ်တည်းမှုကို အားပေးစေပါတယ်။

လက်ရှိ ပေါ်ပေါက်နေတဲ့ မြေနီကုန်း ခုံးကျော်တံတား တည်ဆောက်ရေး လို ဆောက်လုပ်ရေး လုပ်ငန်းတွေကလည်း ယာဉ်ကြောကြပ်တည်းမှု ပြသနာကို ပို ဆိုးစေပါတယ်။ အကြောင်းကတော့ ဆောက်လုပ်ရေး လုပ်ငန်း လုပ်သူတွေဟာ လုပ်ငန်း မစခင် တည်ဆောက်ရေးကာလမှာ ယာဉ်တွေ အတတ်နိုင်ဆုံး သွားလာနိုင်အောင် ကြိုတင်ပြင်ဆင် စီမံခန့်ခွဲမှု လုပ်မထားနိုင်ကြလို့ပါပဲ။ နောက်တစ်ခုက ကားတွေဟာ လမ်းမကြီးတွေမှာ ယာဉ်ကြောပိတ်ဆို့ရင် ရှောင်ကွင်းလမ်းသွယ်တွေကနေ မောင်းကြရပါတယ်။ အဲဒီလမ်းတွေမှာ ယာဉ်သွားလာနိုင်ရေး အဆင်ပြေအောင် ပြင်ဆင်ပေးရမယ့် ပြသနာတွေလည်း ရှိနေပါတယ်။

တကယ်တော့ ရန်ကုန်မြို့တော်မှာ ယာဉ်ကြောကြပ်တည်းမှု ပြသနာ ဖြစ်ပေါ်နေရတာဟာ ကားအရည်အတွက် များလာတာကြောင့် အဓိက မဟုတ်ပဲ၊ အစောက တင်ပြခဲ့သလို စီမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ အာဏာပိုင်တွေဘက်က ပြသနာ ဖြေရှင်းဖို့ စေတနာ မပါတာ၊ အဂတိ လိုက်စားတာတွေကြောင့်သာ ဖြစ်ပါတယ်။ ဒီ ပြသနာတွေကို ရန်ကုန်စည်ပင် တစ်ခုတည်း၊ ရန်ကုန်တိုင်း အစိုးရတစ်ဖွဲ့တည်း၊ မထသ တစ်ဖွဲ့တည်း ဖြေရှင်းလို့ မရနိုင်ပါဘူး။ ဝန်ကြီးဌာန ပေါင်းစုံ ပူးပေါင်းဖြေရှင်းရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြို့ပါတ်ရထား စနစ် အဆင့်မြှင့်တင်တာ၊ ဘတ်စ်ကားလိုင်းတွေနဲ့ ချိတ်ဆက်ပြေးဆွဲတာ၊ ရေကြောင်းလမ်းတွေကို ပြည်သူတွေ တကယ် သွားလာနိုင်အောင် လက်တွေ့ အကောင်အထည်ဖော်တာ၊ ဘတ်စ်ကားလိုင်းတွေနဲ့ ချိတ်ဆက် ပြေးဆွဲတာ စတာတွေလည်း အကောင်အထည် ဖော်ဖို့ လိုပါတယ်။ ပြောရရင် လက်ရှိ ရန်ကုန်မှာ ဖြစ်ပေါ်နေတဲ့ ယာဉ်ကြောကြပ်တည်းမှု ပြသနာ ဆိုတာဟာ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှု အရည်အချင်း ဘယ်လောက်ရှိတယ်၊ ပြည်သူတွေအပေါ် တိုင်းပြည်အပေါ် စေတနာ ဘယ်လောက်ထားတယ်၊ အဂတိ လိုက်စားမှု ဘယ်လောက် ရှိနေတယ် ဆိုတာကို သွယ်ဝိုက်ပြီး ဖော်ပြနေတဲ့ ပြသနာ တစ်ခု ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG