သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရ ဖွဲ့စည်းရေး နဲ့ တိုင်းရင်းသားအမြင်


NLD ထောက်ခံသူ ဒေသခံများ။ (၂၀၁၅ ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်)
NLD ထောက်ခံသူ ဒေသခံများ။ (၂၀၁၅ ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်)

ရွေးကောက်ပွဲနိုင် NLD ပါတီ အနေနဲ့ ပြည်နယ်၊ တိုင်း အသီးသီး အစိုးရဖွဲ့စည်းတာမှာ အမျိုးသား ရင်ကြားစေ့ရေးကို အခြေခံပြီး အခြား တိုင်းရင်းသားပါတီတွေကို ဖိတ်ခေါ်ဖွဲ့စည်းသွားမယ်လို့ NLD တာဝန်ရှိသူတွေကပြောပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသ အဆင့် အစိုးရအဖွဲ့အစည်း အခြေအနေတွေနဲ့ ပတ်သက်လို့ ဒီသတင်း အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းက မေခကပေးပို့ထားပါတယ်။

မကြာခင်မှာ ရွေးကောက်ပွဲ နိုင်ထားတဲ့ NLD ပါတီအနေနဲ့ အစိုးရသစ်တရပ်ကို ဖွဲ့စည်းတော့မှာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ အရ ဒီလိုဖွဲ့စည်းပြီးရင် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း အစိုးရအဖွဲ့တွေကို ဆက်လက် ဖွဲ့စည်း သွားကြရမှာဖြစ်ပါတယ်။ လက်ရှိမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက NLD ပါတီ အနေနဲ့ မဲအရေအတွက် အများဆုံးနဲ့ အနိုင်ရရှိထားတာပါ။ ဒီလို အနိုင်ရထားတဲ့ NLD ပါတီ အနေနဲ့ ဗဟိုအစိုးရ အပြင် သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် အစိုးရ အဖွဲ့တွေ ဖွဲ့စည်းတာမှာ ကျင့်သုံးသွားမယ့် မူဝါဒနဲ့ပတ်သတ်ပြီး ပါတီဗဟိုအမှုဆောင် ဦးဝင်းထိန်က အခုလို ဗွီအိုအေကို ပြောပြပါတယ်။

"အမျိုးသားရင်ကြားစေ့ရေးက နံပတ်တစ်၊ နောက် နံပတ် နှစ်က တိုင်းရင်းသားတွေ ကိုလည်း သင့်တော်တဲ့နေရာတွေမှာ အရည်အချင်းပေါ် မူတည်ပြီး တာဝန်ပေးမယ် ဆိုတဲ့ဟာက နံပတ် နှစ်၊ အဲ့အတိုင်းပဲ လုပ်သွားမှာလေ။ ဘာမှ ထွေထွေထူးထူး စဉ်းစားစရာ မလိုဘူး။ အဲ့ဒီ့မူနှစ်ခုပေါ် မူတည်ပြီးမှ ပြည်ထောင်စုမှာရော၊ တိုင်းမှာရော အဲ့အတိုင်းပဲ လုပ်သွားမှာပဲ။"

တည်ဆဲ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းဒေသကြီးနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ကို နိုင်ငံတော်သမ္မတက ခန့်အပ်ရမှာပါ။ တိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ် တွေ ကို လွှတ်တော် ကိုယ်စားလှယ် အဖြစ်ရွေးချယ်ခံရသူတွေထဲ ကဘဲ ရွေးချယ် တင်မြှောက်ရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ပြည်နယ်ဆိုင်ရာ ဝန်ကြီးတွေကိုတော့ သမ္မတ ခန့်အပ်တဲ့သက်ဆိုင်ရာဝန်ကြီးချုပ်တွေက ခန့်အပ်ရ မှာဖြစ်ပြီး ဒီလူတွေကတော့ ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ်ဖြစ်စရာ မလိုပါဘူး။

လက်ရှိချိန်မှာ ပြည်နယ်နဲ့တိုင်းတွေမှာ သက်ဆိုင်ရာတိုင်းရင်းသား ပါတီတွေရှိနေပြီး ဒီပါတီတွေကလည်း ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ပါတီတွေလည်းပါဝင်ပါတယ်။ ဒီမှာ တိုင်းရင်းသားပါတီတွေက တိုင်းဒေသကြီး၊ပြည်နယ်အစိုးရ ဖွဲ့တာမှာ အနိုင်ရပါတီ NLD နဲ့ အတူတကွ ပါဝင်ဖွဲ့စည်းနိုင်ဖို့ လိုလားလျက် ရှိပါတယ်။

ဒီလို တိုင်းရင်းသားပါတီတွေက အနိုင်ရပါတီ NLD နဲ့ တွဲဖက်က ညှိနှိုင်း လုပ်ဆောင်လိုပေမဲ့ အနိုင်ရ ပါတီအနေနဲ့က တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးတာ မရှိသေးပါဘူး။ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်ကတော့ တိုင်းရင်းသားပါတီတွေနဲ့ပတ်သက်ပြီး အခုလိုပြောပြပါတယ်။

" အဲ့တော့ တိုင်းရင်းသားတွေ ပါလာနိုင်တာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့က အဲ့ဒီ့ဥစ္စာကို အစိုးရမဖွဲ့ခင်မှာ ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စလေးတွေ ရှိပါသေးတယ်။ ဘာလဲဆိုတော့ ကျနော်တို့ လွှတ်တော်ပေါ့နော်။ လွှတ်တော်ကိစ္စ အဲ့တာလေးတွေ ကျနော်တို့ လုပ်နေပါတယ်။ တိုင်းရင်းသားအချို့နဲ့တော့ တွေ့ဆုံတာ ရှိပါတယ်။ တိတိကျကျ ဆုံးဖြတ်ထားတာတော့ မရှိသေးပါဘူး။"

ရခိုင်အမျိုးသားပါတီက ဒုဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြည်နယ်၊ တိုင်းအစိုးရ ဖွဲ့စည်းမှု မှာ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးမှာ တိုင်းရင်းသားလူမျိုးတွေ ပါဝင်ဖို့ လိုအပ်ကြောင်း ပြည်နယ်နဲ့တိုင်း အစိုးရသစ်ဖွဲ့စည်းမှု နဲ့ပတ်သတ်ပြီး သူ့အမြင်ကို ခုလိုပြောပါတယ်။

" လာမယ့်ကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူဦးဆောင်ပြီးတော့ မှ ပြည်ထောင်စု အစိုးရကို ဆောင်ရွက်မယ့် အခင်းအကျင်း ရှိပါလိမ့်မယ်။ တိုင်းဒေသကြီးအဆင့်မှာလည်း အစိုးရသစ်ဖွဲ့စည်းနိုင်မယ့် အခင်းအကျင်း ရှိပါလိမ့်မယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကန့်သတ်ချက်တွေကတော့ ရှိပါတယ်။ သို့သော်လည်းပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကို သွားမယ်လို့ ကြွေးကြော်နေပါတယ်။ တမြန်နေ့ကလည်း ဒေါ်အောင်ဆန်း စုကြည် ပြောသွားတယ်။ အဲ့ဒီ့သဘောတရားအရ ပြည်နယ်တခုမှာ အနိုင်ရနေတဲ့ ပါတီကြီးတခု အပေါ်မှာ ဒီမိုကရေစီသဘောအရ ချဉ်းကပ်မယ်လို့ သုံးသပ်ပါတယ်။ "

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD က ဦးစိုင်းလိတ်ကတော့ ပြည်နယ်နဲ့တိုင်း အစိုးရဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး သူ့အမြင်ကို အခုလိုပြောပြပါတယ်။

"ကျနော်တို့ SNLD နဲ့ NLD ကြားထဲမှာ အစိုးရဖွဲ့ရေးနဲ့ ပတ်သက်ပြီး ဘာတခုမှ ဆွေးနွေးညှိနှိုင်းထားတာ မရှိသေးပါဘူးခင်ဗျာ။ ၂၀၀၈ အခြေခံဥပဒေကို မပြု မပြင်ဘဲနဲ့ဆိုရင် ဘယ်သူပဲ ဝန်ကြီးချုပ် တက် လုပ်လုပ်ပေါ့၊ တိုင်းရင်းသားပြည်သူလူထုအတွက် သိပ်ပြီး အကျိုးများစရာ အကြောင်း မရှိပါဘူး။ ဝန်ကြီးချုပ်ကိုယ်တိုင်က ပြည်နယ်သူ ပြည်နယ်သားတွေကိုယ်တိုင်က မဲပေး တင်မြှောက်ပြီး သူ့ကို အလိုကျရင်လည်း အလိုကျတဲ့အတိုင်း အလိုမကျရင်လည်း ပြန်ပြီး ဖြုတ်နိုင်ခွင့် Right to recall ပေါ့ အဲ့တာမျိုး ရှိမှ အဲ့လိုအနေအထားမျိုး မရောက်မချင်း ဟာ ဘယ်သူပဲ ဝန်ကြီးချုပ် လုပ်လုပ် ကျနော်တို့အတွက် သိပ်ပြီး အာရုံညွတ်စရာ အကြောင်း မရှိပါဘူးခင်ဗျ။"

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဗဟိုအစိုးရသစ် ဖွဲ့စည်းရေးအတွက် သမ္မတ၊ ဝန်ကြီးတွေရဲ့ အမည်စာရင်းများကို ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ဆုံး ထား ထုတ်ပြန်သွားဖို့ ရှိတယ်လို့ ပြောဆိုထားပါတယ်။ NLD အစိုးရဖွဲ့စည်းရာတွင် တိုင်းရင်းသား နိုင်ငံရေးသမားနဲ့ ပညာရှင်များ၊ NLD ပါတီဝင်အချို့နဲ့ လက်ရှိ အစိုးရအဖွဲ့မှ လူဟောင်းအချို့တို့ ပြန်လည် ပါဝင်လာနိုင်တယ်လို့ နိုင်ငံရေးသမား အများစုက သုံးသပ်နေကြပါတယ်။

XS
SM
MD
LG