သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးကုသခွင့် မရတာကြောင့် ဒေါ်စုအသက်အန္တရာယ် ထိခိုက်မှာ NLD သတိပေး


ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို ပထမဆုံးရုံးထုတ်ခဲ့တဲ့မှတ်တမ်းဓာတ်ပုံ (မေ ၂၄၊ ၂၀၂၁)
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို ပထမဆုံးရုံးထုတ်ခဲ့တဲ့မှတ်တမ်းဓာတ်ပုံ (မေ ၂၄၊ ၂၀၂၁)

ထောင်ချခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ထိခိုက်အောင် စစ်ကောင်စီက တမင်ရည်ရွယ်ချက်နဲ့ လုံလောက်တဲ့ ဆေးကုသမှု မပေးဘူးလို့ NLD ပါတီက ပြောကြားလိုက်ပါတယ်။ စစ်ကောင်စီဟာ သူတို့အာဏာဆက်လက်တည်မြဲအောင် ဒေါ်အောင်ဆန်းစုကြည်ကို လှို့ဝှက်နေရာမှာ ထိန်းသိမ်းထားပြီး နိုင်ငံရေးအကျဉ်းသားတွေ ရသင့်တဲ့ အခွင့်အရေးတခုမှ မပေးဘူးလို့ ဒီနေ့ စက်တင်ဘာ ၁၄ ရက်နေ့စွဲနဲ့ NLD ကကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အသက် ၇၈ နှစ်ရှိနေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုံလောက်တဲ့ဆေးကုသမှု မပေးတဲ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ မကျွေးသလို၊ သင့်တော်တဲ့နေရာမှာလည်း မထားတာကိုထောက်ပြပြီး သူ့အသက်အတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ ကြေညာချက်မှာ ထောက်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေယိုယွင်းနေရုံမက၊ သူ့အသက်ကိုပါ စိုးရိမ်နေစရာဖြစ်နေတဲ့အပေါ် စစ်ကောင်စီမှာ လုံးဝတာဝန်ရှိတယ်လို့ NLD ပါတီက ပြောပါတယ်။

ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအပြင် ပြည်တွင်း ပြည်ပက တော်လှန်ရေးအင်အားစုတွေအနေနဲ့ လက်ရှိကြိုးပမ်းနေတာထက် ပိုပြီး ပြင်းထန်တဲ့တွန်းအားပေးမှုတွေလုပ်ကြပါလို့ NLD ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲမှာ သွားဖုံးနာဝေဒနာ ခံစားနေရပြီး မူးဝေ ပျို့အန်ခဲ့တယ်လို့ အခုစက်တင်ဘာလဆန်းပိုင်းက သတင်းတွေ ထွက်လာခဲ့ပါတယ်။

ခုလိုအခြေအနေကြောင့် ကောင်းကောင်းမရပ်နိုင်ဘဲ လမ်းလည်းမလျှောက်နိုင်ဘူးလို့ သိရတယ်လို့ သားဖြစ်သူ ကိုထိန်လင်း (ခေါ်) Kim Aris က VOA မြန်မာပိုင်းကို ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အရေးပေါ်ဆေးကုသစောင့်ရှောက်ခွင့်ပေးဖို့ အကျဉ်းထောင်တာဝန်ရှိသူတွေက ပန်ကြားခဲ့ပေမဲ့ စစ်ကောင်စီကပယ်ချခဲ့ကြောင်းနဲ့ မိသားစုနဲ့လည်း တွေ့ခွင့်မပေးဘူးလို့ Kim Aris ကပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG