သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်မူဝါဒအတိုင်း ၂၀၁၅ ဆက်ယှဉ်ပြိုင်မယ့် NLD


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထ အစည်းအဝေးမြင်ကွင်း။ (ဓာတ်ပုံ- NLD Chairperson)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထ အစည်းအဝေးမြင်ကွင်း။ (ဓာတ်ပုံ- NLD Chairperson)

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ တိုင်းရင်းသားအရေး စတဲ့၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ချမှတ်ခဲ့တဲ့ မူတွေအတိုင်း ရှေ့ဆက်ဆောင်ရွက်သွားဖို့ ဗဟိုအလုပ်အမှုဆောင်တွေက ဆုံးဖြတ်ချက်ချမှတ်လိုက်ကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအကြို လှုပ်ရှားမှုအဖြစ် အဓိကအတိုက်အခံပါတီဖြစ်တဲ့ NLD ပါတီရဲ့ မြန်မာနိုင်ငံတဝှမ်း တိုင်းနဲ့ပြည်နယ်အသီးသီးက ဗဟိုအလုပ်အမှုဆောင် ၁၀၀ ကျော် တက်ရောက်တဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ကြတာပါ။ အသေးစိတ်ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၁၅ အကြို ရွေးကောက်ပွဲပြင်ဆင်နိုင်ရေး အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD ရဲ့ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထ အစည်းအဝေးကို ရန်ကုန်မြို့မှာ ဒီဇင်ဘာလ ၁၃ ရက် ၁၄ ရက် နှစ်ရက်ဆက်တိုက် ကျင်းပခဲ့ပြီး တိုင်းနဲ့ပြည်နယ်အသီးသီးက ဗဟိုကော်မတီဝင် (၁၁၁) ယောက် တက်ရောက်ခဲ့ပါတယ်။ ဒီကနေ့ အစည်းအဝေးနောက်ဆုံးနေ့မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျင့်သုံးမယ့် ပါတီမူတွေနဲ့ပတ်သက်လို့ ကြားဖြတ် ရွေးကောက်ပွဲတုန်းက ချမှတ်ခဲ့တဲ့မူတွေအတိုင်း ကျင့်သုံးသွားမယ့်အကြောင်း အဓိကဆုံးဖြတ်ချက်ချခဲ့တာတွေနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ကော်မတီဝင် ဦးဉာဏ်ဝင်းက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“ဆုံးဖြတ်ချက်တွေထဲက အဓိကလို့ ပြောရရင်တော့ ကြားဖြတ်ရွေးကောက်ပွဲတုန်းက အန်ကယ်တို့ချမှတ်ခဲ့တဲ့ မူသုံးချက်ပေါ့၊ အဲဒါက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ တိုင်းရင်းသား၊ အမျိုးသားရင်ကြားစေ့ရေး-အဲဒီမူတွေကို ဆက်လက်ပြီး အတည်ပြုတယ်လို့ ဆုံးဖြတ်တယ်။ သဘောကတော့ လာမယ့်ရွေးကောက်ပွဲမှာ ဆက်လက်ပြီးတော့ ချမှတ်မယ့်မူတွေထဲမှာ အဲဒါတွေကို အတည်ပြုမယ်၊ အဲဒါတွေပါမယ်လို့ ဆုံးဖြတ်တာ အရေးကြီးတဲ့ဆုံးဖြတ်ချက်လို့ အန်ကယ်လ်ထင်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေးဆိုတာ ငြိမ်းချမ်းရေးအကျုံးဝင်တာပေါ့နော်၊ ငြိမ်းချမ်းရေး အခုကာလမှာ အခြေအနေတွေက မကောင်းဘူးလို့ ပြောတဲ့လူတွေလည်း အများကြီးရှိနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ အန်ကယ်လ်တို့ အပြုသဘောဆောင်ပြီးတော့ ငြိမ်းချမ်းရေးဆောင်ရွက်ဖို့လည်း အဲဒီမှာ ပါပါတယ်။”

ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်မှန်တဲ့ ဒီမိုကရေစီ စံနှုန်း စံထားတွေနဲ့ကိုက်ညီအောင် မပြောင်းလဲဘဲနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်နေပြီလို့ ပြောလို့မရနိုင်တဲ့အကြောင်း ပြောခဲ့ပါတယ်။ လာမယ့်၂၀၁၅ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ရောက်-မရောက် ဆိုတာ အဆုံးအဖြတ်ပေးမှာဖြစ်တယ်လို့ ပြောဆိုသလို တွေ့ဆုံဆွေးနွေးရေးကို ပျက်ပြားအောင် လမ်းလွဲှတဲ့ လုပ်ရပ်တွေကို NLD အနေနဲ့ လက်ခံမှာ မဟုတ်ဘူးလို့လည်း ပထမရက် အစည်းအဝေးဖွင့်ပွဲမှာ မိန့်ခွန်းပြောဆိုခဲ့တာပါ။

အမျိုးသားရင်ကြားစေ့ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဖွဲ့ပြီး စည်းလုံးညီညွတ်ရေးဆောင်ရွက်ဖို့အပြင် ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးလှုပ်ရှားမှုကိစ္စတွေနဲ့ပတ်သက်လို့ အပြန်အလှန် ဆွေးနွေးခဲ့ကြတာတွေ မန္တလေးတိုင်း ဗဟိုကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။

“တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီအဖွဲ့အစည်းတွေနဲ့၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဘယ်လိုမျိုး စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ဟာကို တိုင်းရင်းသားဒေသတွေက တင်ပြလာတာရှိတယ်။ ၂၀၁၅ ရွေးကောက်ပွဲနီးလာပြီဖြစ်တဲ့အတွက် အောင်နိုင်ရေးကိစ္စတွေကို ဘယ်လိုမျိုးလုပ်ကြမလဲဆိုတာတွေကို တင်ပြလာတာတော့ ရှိပါတယ်။”

လာမယ့် ၂၀၁၅ ကို စည်းရုံးရေးနှစ်-အဖြစ်သတ်မှတ်လိုက်ပြီး ရွေးကောက်ပွဲကာလ လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်မှုတွေနဲ့အတူ လာမယ့်ရွေးကောက်ပွဲကာလ နိုင်ငံတဝှမ်း စည်းရုံးလှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ ဒေါ်စန္ဒာမင်းပြောပြတာကတော့-

“အဓိက-ကတော့ ၂၀၁၅ ကို စည်းရုံးရေးနှစ်အဖြစ် ပြဌာန်းမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ၂၀၁၅ တနှစ်ပတ်လုံးကို ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ်ပွဲတွေကို နိုင်ငံနဲ့အဝှမ်း လုပ်ဆောင်သွားဖို့ဆိုပြီးတော့ ဒီလိုမျိုးဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ဘယ်လို STRateGY တွေနဲ့ ဘယ်လိုလုပ်ဆောင်မလဲဆိုတာကတော့ အသေးစိတ်ကိုတော့ ဘာမှ မပြဌာန်းဘူး။ နောက် လွှတ်တော်ကိုယ်စားလှယ်ရဲ့ အရည်အချင်းပေါ့- ဘယ်လိုသတ်မှတ်ထားသလဲဆိုတာ တိုင်းနဲ့ပြည်နယ်တွေက မေးတာ ရှိပါတယ်။ အဲဒီမှာကျတော့ လွှတ်တော်ကိုယ်စားလှယ်တွေ ယခင်ပေးထားတဲ့မူအတိုင်းပဲ သတ်မှတ်ထားပါတယ်လို့ ပြောတယ်။ အဲဒါကတော့ ယခင်တုန်းက ပါတီပေါ်မှာ သစ္စာရှိတဲ့လူ၊ တိုင်းရင်းသားကို ဦးစားပေးမယ်ဆိုတဲ့ နဂိုရ်တုန်းက ချမှတ်ထားတဲ့မူအတိုင်းပဲလို့ ပြန်ဖြေပါတယ်။”

နိုင်ငံတွင်း ပြည်သူတွေကြား လိုအပ်ချက်တွေကို အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေနဲ့ပတ်သက်လို့ အရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က ချမှတ်ခဲ့တဲ့ မူဝါဒအချို့ကိုလည်း ပြန်လည်ပြင်ဆင်တာတွေရှိခဲ့တယ်လို့လည်း ဒေါ်စန္ဒာမင်းကပြောပြပါတယ်။

“နဂိုရ်တုန်းကတော့ Nld က cso တွေ၊ ဒေသတွင်းမှာရှိတဲ့ Cso တွေ၊ ngo တွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ထားတဲ့ကိစ္စတွေကို ခွင့်မပြုပါဘူး။ ဒါပေမယ့် အခုကတော့ ဒေသတွင်းမှာရှိနေတဲ့ တိုင်းရင်းသားတွေက တင်ပြတာရှိပါတယ်။ nld ထက်ပိုပြီးတော့ cso တွေ၊ ngo တွေက ပြည်သူလူထုနဲ့ပိုပြီး ထိတွေ့တာတွေ များတယ်။ အဲဒီတော့ သူတို့တွေနဲ့ ပူးပေါင်းဆောင်ရွက်ချင်တယ်လို့ ပြောပါတယ်။ အဲဒီတော့ cso တွေ၊ ngo တွေနဲ့လည်း ချိတ်ဆက်ပြီးတော့ ဆောင်ရွက်လို့ ရပါတယ်-တဲ့။ အဲလိုမျိုး ခွင့်ပြုမိန့်ပေးလိုက်ပါတယ်။”

တိုင်း ဒေသကြီးအသီးသီးက အစီရင်ခံစာတွေ တင်သွင်း ဆွေးနွေးပြီးတဲ့နောက် ပါတီအတွင်း ၂၀၁၅ လှုပ်ရှားမှုတွေကို ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတာယ်။ အခုလို ရန်ကုန်မှာ နှစ်ရက်တာကျင်းပခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးအပြီးမှာတော့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

XS
SM
MD
LG