သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရသန့်စင်ရေး ဘယ်လဲ ဘာလဲ


အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေး အရေးယူမှု လုပ်ဆောင်လာတာကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ နိုင်ငံခြားကုမ္ပဏီတွေရဲ့ ယုံကြည်မှုကို ပိုရလာစေမှာ ဖြစ်တယ်လို့ မြန်မာ့အရေးလေ့လာသူ တချို့က သုံးသပ်သလို NLD ပါတီတွင်း အဆင်မြင့်အရာရှိတချို့ကို အခုရက်ပိုင်းအတွင်း အရေးယူမှု လုပ်ဆောင်လာတာဟာ ပါတီတွင်း အုပ်စုတိုက်ပွဲရဲ့ လက္ခဏာ တရပ် ဖြစ်တယ်လို့ သုံးသပ်သူတွေလည်းရှိပါတယ်။ အကြောင်းစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးခင်မောင်ချိုကို ရာထူးက နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သမ္မတဦးဝင်းမြင့်က ဇူလိုင်လ ၂၆ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ အဂတိလိုက်စားမှုတွေ ရှိခဲ့တယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် အခုလို အနားပေးခံရတယ်ဆိုပြီး ပြည်တွင်းက လာတဲ့ သတင်းတွေမှာဖေါ်ပြပေမယ့် VOA ကသီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။ အလားတူပဲ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ကိုလည်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဂတိလိုက်စားမှုကို တိုက်ဖျက်သွားမယ်လို့ NLD ပါတီက ၂၀၁၅ ရွေးကောက်ပွဲမှာ ကတိပြုခဲ့တဲ့အတိုင်း ခုလို အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့ကို အရေးယူ ဆောင်ရွက်လာတာကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ နိုင်ငံခြားကုမ္ပဏီတွေရဲ့ ယုံကြည်မှုကို ပိုရလာစေမှာ ဖြစ်တယ်လို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

"တကယ်က အာဂတိလိုက်စားမှုဖြစ်အောင် ဘယ်သူတွေက စီမံဆောင်ရွက်ပေးခဲ့သလဲ ဝန်ကြီးဆိုတဲ့သူက အားလုံးကို သူသိနိုင်မှာ မဟုတ်ဘူးလေ။ အောက်ကနေပြီးတော့ တင်ပြလာတဲ့အပေါ်မှာ စီမံဆုံးဖြတ်ရတဲ့ ကိစ္စဖြစ်တော့ကား ဒီလိုမျိုး ဆုံးဖြတ်နိုင်ဖို့အတွက် ဒီတင်ဒါ ကိစ္စပဲဖြစ်ဖြစ်၊ တခြား လမ်းဖောက်တဲ့ကိစ္စ၊ ကုမ္ပဏီကိစ္စပဲ ဖြစ်ဖြစ်ပေါ့.... အဓိကကျတဲ့ အတွင်းဝန်တို့ ညွှန်ချုပ်တို့က ပိုပြီးတော့ အရေးပါတယ်။ ဒါတွေကို အရေးယူနိုင်ဖို့အတွက်လည်း အခုလို ဆောင်ရွက်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်ခင်ဗျာ။

ဒီ အာဂတိလိုက်စားမှုတွေ များနေလို့သာ ရင်းနှီးမြှုပ်နှံမှုတွေက ဆုတ်ယုတ်ကျဆင်းနေတာလေ။ အဲဒီတော့ အာဂတိလိုက်စားမှုကို ဟန့်တားနိုင်တယ်ဆိုလို့ရှိရင် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံတဲ့သူတွေက ယခုထက်ပိုပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ ရောက်လာမယ်လို့ ကျနော်တော့ မြင်တယ်။"

အစိုးရအဖွဲ့ ဝန်ကြီးတွေသာမက ပါတီတွင်းမှာလည်း ခေါင်းဆောင်တချို့ကို အခုရက်ပိုင်းအတွင်း စစ်ဆေးအရေးယူတာတွေ လုပ်လာပါတယ်။ အခုလို ပါတီတွင်း အရေးယူဆောင်ရွက်မှုတွေ လုပ်လာတာဟာ ပါတီတွင်း အုပ်စုအားပြိုင်ပွဲရဲ့ သင်္ကေတဖြစ်ကြောင်း အမေရိကန်က မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ တင့်ဆွေက မြင်ပါတယ်။

"NLD ပါတီရဲ့ ဒီ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ မတိုင်ခင် ပထမဦးဆုံး ပါတီညီလာခံလုပ်တုန်းကလည်း အုပ်စုဖွဲ့မှုဖြစ်ခဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ပေါ့နော်.... ဥက္ကဋ္ဌကနေပြီးတော့ CEC ခေါ်တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ရွေးချယ်တဲ့အခါမှာ သူကိုယ်တိုင်ပဲ ရွေးခဲ့ရတယ်ပေါ့။ အဲဒီတော့ ဒါကိုကြည့်လို့ရှိရင် ပါတီဟာ တလျှောက်လုံး ပါတီတွင်းမှာ အပြောင်းအလဲတွေရှိသလို အုပ်စုဖွဲ့မှုလည်း ရှိခဲ့တယ်လို့ ဒါတော့ မငြင်းနိုင်တဲ့ အချက်ပေါ့။ NLD ပါတီက အစထဲက ပါတီဖွဲ့စည်းပုံနဲ့ ပါတီ စည်းကမ်းထိန်းသိမ်းရေးဆိုတာက ရှိပြီးသားဖြစ်တဲ့အတွက် အဲဒါနဲပ မညီရင်တော့ တာဝန်ရှိတဲ့ ပါတီ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက အရေးယူမှာ အမှန်ပါပဲ ခင်ဗျ။"

ဒါပေမဲ့ NLD ပါတီဟာ ပါတီရေရှည်အနာဂတ်အတွက် ပြည်သူတွေရဲ့အားကိုးလေစားမှု ပိုရအောင်လို့ ပါတီစည်းကမ်းတွေအတိုင်း အရေးယူ လုပ်ဆောင်ခြင်းသာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ကရင်ပြည်နယ် ပါတီစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင် ကော့ကရိတ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေးက ပြောပါတယ်။

"အမှားလုပ်တဲ့လူက သူဟာသူ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ထွက်သွားတဲ့သဘောမျိုး ပြောကြတာကိုး။ ဒါကောင်းတဲ့ဘက်ထဲကို ရောက်သွားတာပေါ့။ ဘာမှတော့ ထွက်သွားတဲ့အတွက် ပါတီကိုတော့ မထိခိုက်ပါဘူး။ သူက ပါတီကို ကြည့်တဲ့အခါမှာ ခေါင်းဆောင်ကိုပဲကြည့်တာကိုး.. ခေါင်းဆောင်လုပ်ဆောင်ချက်နဲ့ ခေါင်းဆောင်ရဲ့ အနစ်နာခံမှုပေါ့။ လုပ်ငန်းတွေက တိုးတက်မှုကတော့ ကျနော်တို့က မြင်နေရပါတယ်။ တိုင်လာရင်တော့ စုံစမ်းစစ်ဆေးမှုလုပ်တဲ့သဘော ရှိပါတယ်။ ပါတီရဲ့ စည်းကမ်းအရ အရေးယူတဲ့ သဘောပါပဲ။ အားပြိုင်တဲ့ သဘောတော့ ကျနော်မတွေ့ရဘူးလေ။"

NLD ပါတီ တနင်္သာရီတိုင်း ဥက္ကဋ္ဌလည်းဖြစ် NLD ပါတီရဲ့ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် (CEC) လည်းဖြစ်တဲ့ ဦးအောင်စိုးကတော့ မိမိ သဘောအလျှောက် ဒီရက်ပိုင်းအတွင်း နုတ်ထွက်သွားပါတယ်။ သူဟာ ထုတ်ပယ်ခံရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဒေါ် လဲ့လဲ့မော်ရဲ့ ခဲအိုတော်စပ်သူ ဖြစ်ပါတယ်။ ဒီအတောတွင်း NLD ပါတီ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းကိုလည်း ပါတီ တာဝန်တွေကနေ ခေတ္တရပ်ဆိုင်းထားပြီး စစ်ဆေးမှုလုပ်နေပါတယ်။

NLD အစိုးရသန့်စင်ရေး ဘယ်လဲ ဘာလဲ
please wait

No media source currently available

0:00 0:04:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG