အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဗဟိုသုတေသန အတွင်းရေးမှူးကို ပါတီ တာဝန်ကရပ်ဆိုင်းထားသလို၊ ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တဦးကိုလည်း တိုင်ကြားချက်တွေအရ စုံစမ်းအရေးယူခဲ့တယ်လို့ သိရပါတယ်။
ဗွီအိုအေ သတင်းထောက် ကိုထက်အောင်ခန့် မေးမြန်း သတင်းပေးပို့ထားပါတယ်။
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဗဟိုသုတေသန အတွင်းရေးမှူး ကိုမျိုးရန်နောင်သိမ်းကို တိုင်ကြားတာတွေရှိခဲ့လို့ ပါတီတာဝန်ကနေ ခေတ္တရပ်ဆိုင်းထားပြီး၊ ဒီကြားထဲ ပါတီတွင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။ ကာယကံရှင် ကိုမျိုးရန်နောင်သိမ်းက သူ့ကို တာဝန်ကရပ်ဆိုင်းပြီး ပါတီတွင်းစုံစမ်းစစ်ဆေးမယ်ဆိုတာ အကြောင်းကြားထားတယ်လို့ အတည်ပြု ပြောပါတယ်။
"တိုင်ကြားတဲ့လူရှိလို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့တာပေါ့ဗျာ။ တိုင်ကြားတဲ့လူရှိလို့ပေါ့။ ဘယ်သူတိုင်တယ် ဘာကြောင့်တိုင်တယ်ဆိုတာတော့ ကျွန်တော်မသိဘူး။ ဆိုတော့ ကျွန်တော်က အမြန်ဆုံး စစ်စေချင်တယ်။ ဘာလို့ဆိုတော့ လောလောဆယ်မှာ ကျွန်တော်တို့က အလုပ်အရမ်းများတဲ့ အချိန်ဖြစ်နေတယ်။ စပြီးတော့ ကျွန်တော်ဒီနေ့ အန်ကယ် ဦးဉာဏ်ဝင်း ဆီသွားတယ်။ အန်ကယ်ဦးဉာဏ်ဝင်းက သူတို့လူစုံရင် စစစ်မှာ ပေါ့နော်။ စစစ်ရင်တော့ သိရမှာပဲ။ ဒါပေမယ့် ကျွန်တော်က ဘယ်သူတိုင်လည်းဆိုတာ သိပ်စိတ်မဝင်စားဘူး။ ဒီကိစ္စကို အရမ်းကြီး သိပ်စိတ်မဝင်စားဘူး။ ကျွန်တော်လက်ရှိလုပ်နေတဲ့ အလုပ်တွေက အနည်းငယ် နှောင့်နှေးသွားမှာ တော့ စိုးရိမ်တယ်။"
ဘယ်အချက်တွေနဲ့ စွပ်စွဲတိုင်ကြားလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါ့အပြင် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တဦးဖြစ်တဲ့ တနင်္သာရိတိုင်း ဒေသကြီး NLD ပါတီဥက္ကဌ ဦးအောင်စိုးကိုလည်း ပါတီတွင်း စုံစမ်းအရေးယူမှုတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။
ဦးအောင်စိုးကတော့ ပါတီကနေ နုတ်ထွက်စာတင်ထားပါတယ်။ ဦးအောင်စိုးဟာ မကြာခင်က အရေးယူခံခဲ့ရတဲ့တနင်္သာရီတိုင်းဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်ရဲ့ ခဲအိုတော်စပ်သူပါ။ ဒီအရေးယူမှုတွေနဲ့ပတ်သက်လို့ NLD တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းလို့မရပါဘူး။
အစိုးရအဖွဲ့အတွင်းမှာဆိုရင်တော့ လျှပ်စစ်နဲ့စွမ်းအင် ပြည်ထောင်စုဝန်ကြီးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးနေသလို၊ စက်မှု ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ကိုလည်း ရာထူးကနေ ဖယ်ရှားလိုက်တယ်လို့ ဧရာဝတီသတင်းဌာနက ရေးသားထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသ့ပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ NLD အနေနဲ့ လူရွေးချယ်ခန့်ထားမှုတွေမှာ သေချာစီစစ်သင့်ပြီလို့ သုံးသပ်ပြောဆိုပါတယ်။
"တကယ်တမ်းပြောမယ်ဆိုရင် နောက်တောင်ကျနေသေးတယ်လို့ ပြောလို့ရတယ်။ တကယ်တမ်းကတော့ တချို့အစိုးရအဖွဲ့ဝင်တွေဆိုရင် အစိုးရစဖွဲ့ကတည်းကိုက အသေအချာကို စိစစ်ရွေးချယ်ပြီးတော့မှ တာဝန်ပေးခဲ့သင့်တယ်ပေါ့။ အဲ့ဒီလိုပဲ ပါတီထဲမှာလည်းပဲ အစကတည်းကကို သေချာစိစစ်ပြီးတော့ ရွေးချယ် တာဝန်ပေးခဲ့ဖို့ ကောင်းတဲ့လူတွေဖြစ်တယ်လို့မြင်တယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရဖွဲ့တာဝန်ယူလာတာ သက်တမ်း ၃နှစ်ကျော်လွန် လာပါပြီ။ ဒီ သုံးနှစ်အတွင်းမှာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး လျှပ်စစ်ဝန်ကြီးနဲ့ စီးပွားကူးသန်းဝန်ကြီးတို့ကို အပြောင်းအလဲလုပ်ခဲ့ပါတယ်။
တနင်္သာရီတိုင်းဝန်ကြီးချုပ်ကိုလည်း အရေးယူဖမ်းဆီးထားပြီး အခု နောက်ဆက်တွဲ ပြည်ထောင်စု ဝန်ကြီးအချို့ကို စစ်ဆေးတာတွေပါ အရှိန်မြှင့်လုပ်လာပါတယ်။ ပါတီတွင်းမှာဆိုရင်လည်း လွှတ်တော်အမတ်အချို့ကို တိုင်ကြားချက်တွေအရ စုံစမ်းအရေးယူတာတွေရှိခဲ့ပြီး၊ အခု နောက်ဆုံးအခြေအနေ ကတော့ ပါတီထဲက အဆင့်မြင့်တာဝန်ရှိသူအချို့ကိုပါ စုံစမ်းအရေးယူမှုတွေ လုပ်လာတာဖြစ်ပါတယ်။