သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD သင်္ကန်းကျွန်းရုံးရှေ့ လက်ပစ်ဗုံး တွေ့ရှိ


NLD သင်္ကန်းကျွန်းရုံးရှေ့ လက်ပစ်ဗုံး တွေ့ရှိ
NLD သင်္ကန်းကျွန်းရုံးရှေ့ လက်ပစ်ဗုံး တွေ့ရှိ

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ရှေ့မှာလက်ပစ်ဗုံး တွေ့တာကြောင့် လုံခြုံရေးအာဏာပိုင်တွေက လာရောက်သိမ်းဆည်းပြီး စုံစမ်းစစ်ဆေးတာတွေ လုပ်နေပါတယ်။ မနေ့ကလည်း နေပြည်တော်က လွှတ်တော်အမတ်တွေတည်းတဲ့ စည်ပင်ရိပ်သာမှာ ဗုံးလန့်တဲ့သတင်းဖြစ်ခဲ့တာကြောင့်လည်း တည်ငြိမ်ရေးနဲ့လုံခြုံရေးအတွက် စိုးရိမ်မိတယ်လို့ ရန်ကုန်တိုင်းလွှတ်တော်အမတ်တဦးက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုထက်အောင်ခန့် စုံစမ်းမေးမြန်းထားပါတယ်။

ဒီကနေ့မနက်ပိုင်းမှာတော့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးရှေ့မှာ လက်ပစ်ဗုံးတလုံး တွေ့ရှိခဲ့ပြီး တာဝန်ရှိသူတွေက ဗုံးကို မပေါက်ကွဲအောင် ပြုလုပ်ခဲ့ရပါတယ်။ ဒီတွေ့ရှိတဲ့ လက်ပစ်ဗုံးဟာ N36 နဲ့ အမျိုးအစား အလားသဏ္ဍာန်တူတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောတပ်ဖွဲ့က ပြောတဲ့ အကြောင်း သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။

ဒီကနေ့ ဗုံးတွေ့ရှိတာနဲ့ ပတ်သက်လို့ သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ဖြစ်စဉ်ကို ရှင်းပြပါတယ်။

"မနက် ၇ နာရီက မလိခ အိမ်ယာ သန့်ရှင်းရေး ဝန်ထမ်းက အဲ့ဒီဗုံးကို စတင်တွေ့ရှိပါတယ်။ ကျွန်တော်တို့ သင်္ဃန်းကျွန်းမြို့နယ် NLD ရုံးရဲ့ လွှတ်တော်ကိုယ်စားလှယ်များရုံးဆိုတဲ့ ဆိုင်းဘုတ်ရဲ့ ရှေ့နားက သစ်ပင်လေးတွေ ကြားထဲမှာ စတင်တွေ့ရှိပါတယ်။ နောက်ဆုံးအခြေအနေကတော့ မလိခအိမ်ယာမှာ တပ်ဆင်ထားတဲ့ CCTV ကို ပြန်လည်စစ်ဆေးပြီးတော့ ဒီဗုံးဘယ်သူထားခဲ့လည်းဆိုတဲ့ အဖြေကို ရှာနေပါတယ်။"

မနေ့ ဇူလိုင် ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ရုံးအခြေစိုက်ပြီး လွှတ်တော်ကိုယ်စားတွေ တည်းခိုတဲ့နေရာဖြစ်တဲ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ဗုံးတွေ့ရှိတယ်ဆိုတဲ့ သတင်းပေးချက်ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စစ်ဆေးဆောင်ရွက်တာတွေလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိက မြို့တော်တွေဖြစ်တဲ့ နေပြည်တော်နဲ့ ရန်ကုန်မှာ ဗုံးလန့်တာနဲ့ ပတ်သက်ပြီး လုံခြုံရေးအတွက် စိုးရိမ်မိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် တိုင်းဒေသကြီး ကိုယ်စားလှယ် ၂ က လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ဆိုပါတယ်။

"မနက်ကဗုံးတွေ့တယ်ပေါ့နော်။ တွေ့တော့ တော်တော်တော့ စိတ်ထဲမှာ မသက်မသာတော့ ခံစားရတယ်ဗျ။ အဲ့တော့ ဒါက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတဲ့သဘောတွေဖြစ်နေတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ လုံခြုံရေး ကတော့ ကိုယ့်လုံခြုံရေး ကိုယ့်ဟာကိုယ်တာဝန်ယူပြီးတော့ သွားလာနေရတဲ့ အနေအထားမျိုးပေါ့။ ဒီလိုမျိုးတွေလည်းဖြစ်လာတာက သွေးရိုးသားရိုးမဟုတ်ဘူးခင်ဗျ။ ကျွန်တော်တော့ အဲ့လိုပဲယူဆပါတယ်။ နောက်တချက်က တည်ငြိမ်နေတဲ့အနေအထားတွေ ပျက်ယွင်းအောင် ရည်ရွယ်ချက်ရှိရှိနဲ့ နောက်ပိုင်းဆိုရင် ဒီထက်ပိုပြီးတော့ ဖြစ်လာနိုင်ခြေတွေရှိတယ်ဗျာ။ အဲ့အတွက်ကြောင့် တာဝန်ရှိသူတွေအနေနဲ့ ဒီထက်ပိုပြီးတော့ လုံခြုံရေးကိစ္စတွေကို ဆောင်ရွက်သင့်တယ်ဗျာ။ ကျွန်တော်ကအဲ့လိုတော့မြင်ပါတယ်။"

ဗုံးတွေ့ရှိတာနဲ့ ပတ်သက်ပြီး တာဝန်ရှိ ရဲတပ်ဖွဲ့ကို ဗွီအိုအေက အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ မဖြေကြားတဲ့အတွက် ဆက်သွယ်၍ မရခဲ့ပါဘူး။

၂၀၁၆ ခုနှစ် နိုဝင်ဘာလကလည်း ရန်ကုန်တိုင်းဒေသကြီးရဲ့ လုံခြုံရေး အတင်းကျပ်ဆုံးဖြစ်တဲ့ တိုင်းအစိုးရ အဖွဲ့ရုံး အပါအဝင် ကိုးမိုင်အိုးရှင်းစင်တာ ဒေါပုံ Capital ဈေးဝယ်စင်တာနဲ့ တောင်ဒဂုံ လူဝင်မှုကြီးကြပ်ရေးရုံး အတွင်းထဲမှာလည်း M150 အချိုရည်ပုလင်းနဲ့ ဓာတုဗေဒဗုံးပေါက်ကွဲတာတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။ ဗုံးဖောက်ခွဲတဲ့သူ ၂ ဦးကိုတော့ အနောက်ပိုင်း ခရိုင် တရားရုံးက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG