သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်စွာပြောဆိုခွင့် နှုတ်ပိတ်ခံနေရပြီလား


၂၀၁၈ မတ်လတုန်းက လွတ်လပ်စွာ ထုတ်ဖော်ခွင့်အတွက် လူထုဆန္ဒပြ
၂၀၁၈ မတ်လတုန်းက လွတ်လပ်စွာ ထုတ်ဖော်ခွင့်အတွက် လူထုဆန္ဒပြ

NLD အရပ်သားအစိုးရလက်ထက် တိုင်းရင်းသားလူငယ်တွေအပါအဝင် ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဥပဒေပုဒ်မမျိုးစုံနဲ့ ဖမ်းဆီးတရားစွဲဆို ထောင်ချမှုတွေ ပိုများလာတဲ့အနေအထားဟာ ရည်ရွယ်ချက်ရှိရှိ ဒီမိုကရေစီအင်အားစုတွေကို ချိုးနှိမ်နေတာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာနေတယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အသံက ဝေဖန်ထောက်ပြလိုက်ပါတယ်။

ဒေသတွင်းရင်ဆိုင်နေရတဲ့ စစ်ရေး၊ ငြိမ်းချမ်းရေး နဲ့ သဘာဝဘေးဒဏ် ရင်ဆိုင်နေရတဲ့ပြည်သူတွေအတွက် လှုပ်ရှားဆောင်ရွက်နေချိန်နဲ့တပြိုင်နက်တည်း သီတင်းပတ်တိုင်း လိုလို တရားရုံးတက်ပြီး ရင်ဆိုင်ဖြေရှင်းနေရတဲ့ အခြေအနေဟာ ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ အရပ်သားအစိုးရ လက်ထက် ဖြစ်သင့်တဲ့ အနေအထား မဟုတ်ဘူးလို့လည်း တရားစွဲခံတိုင်းရင်းသားလူငယ်တွေဘက် ပြောပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

တိုင်းရင်းသားဒေသတွေက ထိုးစစ်တွေ အမြန်ဆုံးရပ်တန့်ဖို့၊ ပြည်တွင်းစစ်မီးငြိမ်းဖို့၊ စစ်ပြေးစစ်ရှောင်ပြည်သူတွေအရေး အလေးထားစဉ်းစားဖို့ တိုင်းပြည် လက်ရှိရင်ဆိုင်နေရတဲ့ နိုင်ငံရေး ၊ ငြိမ်းချမ်းရေး စီးပွားရေးပြဿနာတွေ ပြည်သူလူထုရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြတဲ့ တိုင်းရင်းသားလူငယ်တွေနဲ့ သမဂ္ဂကျောင်းသားတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို NLD အရပ်သားအစိုးရလက်ထက် ဥပဒေပုဒ်မမျိုးစုံနဲ့ တရားစွဲဆိုနေတဲ့အပေါ် မြန်မာ့ဒီမိုကရေစီရေး လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်နေတဲ့အဖွဲ့တွေဘက်က သုံးသပ်ပြောဆိုလိုက်တာပါ။

ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ အာဏာပိုင်တွေဘက်ကနေ တရားစွဲဆိုမှုတွေဟာ လွတ်လပ်စွာဆန္ဒထုတ်ဖော်ပြောဆိုခွင့် ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်တဲ့လုပ်ဆောင်မှုအဖြစ် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အသံရဲ့ တည်ထောင်သူတဦးဖြစ်တဲ့ သုတေသနမန်နေဂျာ ကိုရဲဝေဖြိုးအောင်က အခုလိုရှု့မြင်ပါတယ်။

“ အခုလူငယ်တွေ တက်ကြွလှုပ်ရှားသူတွေကို အဲလိုမျိုး ရုံးချိန်းတွေ ပြီးတဲ့အခါမှာ တာဝန်ဝတ္တရားတွေနဲ့ ချည်နှောင်ထားတယ်ဆိုတာက ဖိနှိပ်မှုပုံစုံ တမျိုးပဲပေါ့နော်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်တဲ့ ပုံစံတမျိုးပဲပေါ့နော်။ ဥပမာဆိုရင် ရန်ကုန်မှာ လူငယ် ၁၇ ယောက်က ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မေလမှာ ငြိမ်းချမ်းရေးဆန္ဒပြတာနဲ့ ပတ်သက်လို့ တရားစွဲခံရတာရှိတယ်။ အခုသူတို့က တပတ်တခါနဲ့ ရုံးချိန်းပေါင်းကို ၁ နှစ်ကျော်သွားနေရတယ်။ အဲဒီအခါမှာ လူတွေက ဘာဖြစ်လဲဆိုတော့ အလုပ်ပျက်တာတွေဖြစ်တယ်။ တနည်းအားဖြင့် ခုနက ပြောတဲ့ ဝေဖန်ထောက်ပြမှုတွေ တိုင်းကျိုးပြည်အကျိုးလုပ်တဲ့ကိစ္စတွေကို သွားပြီးတော့ အနှောက်အယှက်ဖြစ်စေတာတွေကို တွေ့ရတယ်။ ကျနော်တို့တွေ မေးခွန်းထုတ်စရာရှိတာက တမင်များ ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေလားဆိုတာ မေးခွန်းထုတ်ရမှာ ။ ဥပမာ ဘယ်မှာ သွားတွေ့ရသလဲဆိုရင် ကရင်နီလူငယ်တွေက ၅၀၅(ခ) နဲ့ (ဂ) နဲ့ကို လူငယ်တဦးကို မတူတဲ့မြို့နယ် ၅ ခုလောက်ကနေပြီးမှ ဝိုင်းစွဲတာ။ ဒီမောဆိုး၊ လွိုင်ကော်တို့ အများကြီးပဲပေါ့နော် အဲဒီအခါကျတော့ လူငယ်တွေက အစပိုင်းမှာ ဘာဖြစ်သလဲဆိုတော့ အလုပ်ပျက်အကိုင်ပျက် ဖြစ်လာတယ်။ နောက်ပိုင်း တက်ကြွလှုပ်ရှားသူအဖွဲ့တွေကနေပြီးတော့ ဝိုင်းပြောကြ ဝိုင်းဆိုကြမှသာလျှင် သူတို့ အမှုတွေကို ပြန်ပေါင်းပြီးတော့ တမြို့နယ်ထဲမှာ စွဲခွင့်ပြုလိုက်တာ အဲဒီမတိုင်ခင်မှာ မြို့နယ် ၅ ခုလောက်ကနေစွဲတာ တွေ့ရတယ်။ ဥပမာ ကိုဆွေဝင်းအမှုပေါ့ ကိုဆွေဝင်းအမှုဆိုရင်လည်း ပြီးခဲ့တဲ့လကတော့ ကိုဆွေဝင်းအမှုကို တရားသူကြီးကနေပြီးတော့ ပလပ်ပေးလိုက်တယ်ပေါ့နော်။ ဒါပေမယ့် မပလပ်ခင် အချိန်မှာက ၂ နှစ်ကျော်အချိန်အထိ ကိုဆွေဝင်းက မန္တလေးအထိ သွားပြီးတော့ တရားရင်ဆိုင်ရတယ်။ ဒါက ပြောမယ်ဆိုရင် ကိုဆွေဝင်းရဲ့ မီဒီယာလုပ်ငန်းတွေကို တနည်းတဖုံ နှောင့်ယှက်ချင်တဲ့ သဘောပဲ အဲဒီတော့ ကျနော်တို့တွေ့ရတာကတော့ နောက်ပိုင်းမှာ ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းမီဒီယာလုပ်ငန်းတွေ၊ တက်ကြွလှုပ်ရှားမှုလုပ်ငန်းတွေကိုပဲ ထိခိုက်အောင်လုပ်နေသလားဆိုပြီးတော့ မေးခွန်းထုတ်စရာပေါ့နော်။”

ကချင်စစ်ရှစ်နှစ်ပြည့်ချိန် ပြည်တွင်းစစ်ရပ်ဖို့နဲ့ စစ်ရှောင်ပြည်သူတွေအရေး ငြိမ်းချမ်းစွာသရုပ်ဖော်တင်ဆက်ခဲ့တဲ့အပေါ် ပုဒ်မ ၁၉နဲ့ မြစ်ကြီးနားရဲစခန်းက တရားစွဲဆိုခံထားရတဲ့ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူ မဆိုင်းနုပန် ကလည်း သူတို့အနေနဲ့ လက်ရှိ ကချင်ပြည်နယ်တွင်း ရေကြီးရေလျှံဖြစ်နေတာတွေကို ကချင်လူငယ်တွေဘက်က သွားရောက်ကူညီပေးနေကြချိန် အပတ်စဉ်လိုလို မြစ်ကြီးနားမြို့တရားခွင်ကို သွားရောက်နေတဲ့အခြေအနေဟာ ဒေသတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို နှောင့်နှေးစေတဲ့လုပ်ရပ်အဖြစ် ဝေဖန်ပါတယ်။

“ကျမတို့ Freedom of expression ကို နိုင်ငံတော်ဘက်ကနေ တာဝန်ရှိသူတွေက လေးစားလိုက်နာပေးရမယ်လို့ ကျမတို့ မြင်တယ်။ ဘာဖြစ်လို့ဆိုရင် Freedom of expression ကို တောင်းဆိုလုပ်ဆောင်တဲ့အတွက်ကြောင့် ပုဒ်မ ၁၉နဲ့ တရားစွဲထားတဲ့ အခု တပတ်တခါ ရုံးချိန်း ဆိုတော့ ကျမ ဘယ်မှ သွားလို့မရဘူး။ အိမ်မှာပဲ လုပ်နေရတဲ့အပိုင်းတွေရှိတယ်။ ဆိုလိုတာက အချိန်အကန့်အသတ်အရရော ၊ နေရာအကန့်အသတ်အရရော အရမ်းအခက်အခဲဖြစ်တဲ့ အပိုင်းတွေရှိတယ်။ တရားရုံးမှာရောက်တာနဲ့ တခါတည်း စစ်တာမဟုတ်ပဲနဲ့ တရားလိုသက်သေကို စောင့်ရတာမျိုးပေါ့နော်။ ကျမတို့ စစ်ရတဲ့အပိုင်းဆိုတော့ တော်တော်လေး အချိန်အကန့်အသတ်အရရော လူလည်းပင်ပန်းတယ် သွားတဲ့အခါမှာလည်း ရုံးနဲ့ အိမ်နဲ့ ဝေးတယ်ဆိုတော့ ငွေလည်းကုန်တယ် အချိန်လည်းကုန်တယ် အဲလိုမျိုး အခက်အခဲတော့ အများကြီးရှိခဲ့ပါတယ်။”

အခုလို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အရပ်သားအစိုးရလက်ထက် နိုင်ငံတဝှမ်းက တိုင်းရင်းသားလူငယ်တွေနဲ့ တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေ တရားစွဲဆို ထောင်ချခံရမှု များလာနေတဲ့အနေအထားအပေါ် သက်ဆိုင်သူတွေ ပြန်လည်သုံးသပ်သင့်ပြီလို့လည်း ကရင်နီ လယ်သမားသမဂ္ဂဥက္ကဋ္ဌ ခူးသူရယ်ကလည်း ထောက်ပြပါတယ်။

“ဒီမိုကရေစီနိုင်ငံမှာ အစိုးရတရပ်ကို လွတ်လပ်စွာ ဝေဖန်ထောက်ပြပိုင်ခွင့်ရှိတယ်။ ဒါထောက်ပြတာကိုမှ မခံနိုင်ရင်တော့ ဒီမိုကရေစီလို့ခေါ်တာမဟုတ်ဘူး ဒါအာဏာရှင်လို့ခေါ်တဲ့ပုံစံမျိုး သက်ရောက်နေတယ်။ ဒီအစိုးရတရပ်အနေနဲ့ လူငယ်တွေ အခုလို တက်ကြွလှုပ်ရှားသူတွေ နိုင်ငံရေးမှာပဲ ဖြစ်ဖြစ် တိုင်းရေးပြည်ရေးမှာပဲ ဖြစ်ဖြစ် လူထုတွေကို အသိပညာပေးတဲ့အပိုင်းမှာရော လုပ်နေတဲ့ လူငယ်တွေကို မတရားပုဒ်မတွေနဲ့ တရားစွဲတာက လူငယ်တွေကို နှိပ်ကွပ် တာလို့ မြင်ပါတယ်။”

အရပ်သားအစိုးရလက်ထက် စစ်ရေးပဋိပက္ခဖြစ်နေတဲ့ တိုင်းရင်းဒေသတွေမှာ တိုင်းရင်းသား မသင်္ကာမှုနဲ့ဖမ်းဆီးစစ်ဆေးမှုတွေရှိသလို သတင်းသမားတွေ၊ ကျောင်းသားလူငယ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ငြိမ်းစုစီ၊ ပုဒ်မ ၆၆ ပုဒ်မ ၁၉ စတဲ့ပုဒ်မအသီးသီးနဲ့ တရားစွဲဆိုခံရမှုတွေ ရှိနေပြီး အကျဉ်းထောင်တွေထဲ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတဲ့အနေအထားအပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း အကျဉ်းသားအရေး လှုပ်ရှားသူတွေနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားသူတွေဘက်က သဘောထားဆန္ဒတွေ ထုတ်ဖော်ပြောဆိုနေချိန်လည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG