သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

7 July အထိမ်းအမှတ်စုဝေးတဲ့ ကျောင်းသားတွေကို တရားစွဲဆို


7 July အထိမ်းအမှတ်စုဝေးတဲ့ ကျောင်းသားတွေ (ဓါတ်ပုံ- ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( ဗကသ)

ဒီမိုကရေစီဖော်ဆောင်နေတဲ့ အရပ်သားအစိုးရလက်ထက် စစ်ဆန့်ကျင်ရေးနဲ့ တိုက်ပွဲတွေရပ်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် တောင်းဆိုသူတွေကို ပုဒ်မမျိုးစုံနဲ့ တရားစွဲဆိုနေတာကတော့ နိုင်ငံသားတို့ရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် -ဒီမိုကရေစီစံနှုန်းတွေကို ဖောက်ဖျက်ရာကျတယ်လို့ တရားစွဲခံလူငယ်တွေက ပြောဆိုလိုက်ပါတယ်။ ပြည်သူတွေ ထိခိုက်နစ်နာနေရတဲ့ ပြည်တွင်းစစ်မီးငြိမ်းဖို့ ရခိုင်စစ်ရပ်ရေး 7 July နေ့မှာ တောင်းဆိုခဲ့တဲ့ ကျောင်းသားသမဂ္ဂလူငယ်တွေကို တရားစွဲဆိုတာအပါအဝင် ကချင်စစ် ၈နှစ်ပြည့်ချိန် စစ်ရှောင်တွေအရေး ငြိမ်းချမ်းစွာ သရုပ်ဖော် ဆန္ဒထုတ်ဖော်ပြခဲ့ကြတဲ့ ကချင်တိုင်းရင်းသားလူငယ်တွေကိုပါ ငြိမ်းစုစီပုဒ်မတွေနဲ့ အသီးသီး တရားစွဲဆိုခဲ့တဲ့အပေါ် ဝေဖန်ပြောဆိုလိုက်ကြတာပါ။ တက်ကြွလှုပ်ရှားသူတွေ ရင်ဆိုင်နေရတဲ့ အမှုနောက်ဆုံးအခြေအနေတွေကို မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ 7 July နေ့က ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ကျောင်းသား လူငယ်တွေ စုဝေးချီတက်ခဲ့ကြပြီး ဗုံးခွဲဖျက်ဆီးခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံဟောင်းရှေ့စုရုံးရောက်ရှိချိန် လက်ရှိ NLD အရပ်သားအစိုးရလက်ထက် ပြည်တွင်းစစ် အပြင်းအထန်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အပါဝင် တိုင်းရင်းဒေသတွေက တိုက်ပွဲတွေ အမြန်ဆုံးရပ်ဖို့နဲ့ တိုင်းရင်းသား၊ အလုပ်သမား၊ လယ်သမားနဲ့ ပြည်သူအများ ရင်ဆိုင်နေရတဲ့မြန်မာပြည်ရဲ့ ပကတိအခြေအနေတွေဟာ အတော့်ကို ဆိုးဝါးနေပြီလို့ ထောက်ပြပြောဆိုခဲ့ကြတဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်(၈)ဦးကို ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲဆိုလိုက်ပါတယ်။

နှစ်စဉ်ပုံမှန်ချီတက်နေကြဖြစ်ပေမဲ့ ဒီ့နှစ် ၂၀၁၉ခုနှစ်မှာ ထူးထူးခြားခြား သူတို့ကို ကမာရွတ်ရဲစခန်းနဲ့ လှိုင်ရဲစခန်း တာဝန်ရှိသူတွေဘက်က အသီးသီး တရားစွဲဆိုခဲ့တဲ့အပေါ် တရားစွဲဆိုခံရသူတဦးဖြစ်တဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ) နဲ့ အိုးဝေစာသင်ကျောင်းတာဝန်ခံ ကိုမင်းသွေးသစ်က အခုလိုသုံးသပ်ပါတယ်။

“တမင်သပ်သပ် နောက်နှစ်တွေမှာ လှုပ်ရှားမှုတွေ မလုပ်နိုင်အောင် လုပ်တာမျိုးလို့ ယူဆရတယ်။ နောက်တခုကတော့ 7 July ကြေညာချက်တွေမှာ ထူးခြားတဲ့အနေနဲ့ကတော့ အရင်နှစ်တွေတုန်းကတော့ တကသအဆောက်အဦးပြန်ဆောက်ပေးဖို့ ကိစ္စ ၊ နောက် ကျောင်းသား သမဂ္ဂတွေ တရားဝင်ရှိရေးကို 7 July ကြေညာချက်တွေမှာ ကျောင်းသား သမဂ္ဂအသီးသီးက ရေးကြတယ်ပေါ့နော်။ ဒီနှစ်တော့ ရခိုင်မှာ စစ်တပ်က အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ကိစ္စ နောက်တခုကတော့ ၉ တန်းကျောင်းသားကို အောင်သပြေကျေးရွာမှာ အဖေကို ဖမ်းလို့ မမိလို့ ပြန်ပေးဆွဲသလို ဖမ်းသွားတဲ့ကိစ္စ အဲဒါတွေကိုလည်း စစ်တပ်က ရပ်တန်းက ရပ်ပေးဖို့ ဆိုတာမျိုးတွေကိုလည်းပါတယ်။ နောက် ကျောင်းပတ်ဝန်းကျင်လုံခြုံရေးနဲ့ ကျောင်းသားထုကို ဖိနှိပ်နေတဲ့ ကိစ္စတွေကိုလည်း ပြင်ဆင်ပေးဖို့ဆိုတာမျိုး ပါတယ်ပေါ့။ ဒီနှစ်ထူးခြားချက်ကတော့ ကျောင်းသား သမဂ္ဂအသီးသီးက အဲဒါကို စောင်းပေးပြီး ပြောကြပါတယ်။ စစ်တပ်က သူတို့ကို ထိပါးတဲ့အတွက် ပြည်ထဲရေးကို ဖိအားပေးပြီးတော့ ကျနော်တို့ကို တရားစွဲခိုင်းတာလားဆိုတာလည်း ကျနော်တို့ ယူဆချက်တခုပေါ့နော်။”

ရဲစခန်းမှာ အမှုသွားရင်ဆိုင်ခဲ့ကြတဲ့ တရားစွဲခံ ကျောင်းသားတွေအနေနဲ့ လာမယ့်ရုံးချိန်းတွေမှာ သူတို့အတွက် ရှေ့နေမလိုပဲ ကိုယ်တိုင်ပဲ တရားရင်ဆိုင် သွားကြဖို့ ဆုံးဖြတ်ထားကြတယ်လို့လည်း ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းသွေးသစ်က ပြောပါတယ်။

“ကျနော်တို့ကို စစ်ချက်ယူဖို့အတွက် ရဲစခန်း ခဏလိုက်ခဲ့ပါပေါ့နော်။ တယောက်ချင်းစီရဲ့အိမ်ကိုလည်း ခေါ်တယ်။ ခေါ်ပြီးတော့ ကျနော်တို့ ရဲစခန်းသွားပြီးစစ်ချက်ပေးပြီးတဲ့အခါမှာ တရားရုံးကျမှ ရင်ဆိုင်ရမှာ ဆိုတော့ ၂၃ ရက်နေ့ တရားရုံးချိန်းလိုက်တယ်ပေါ့နော်။ အားလုံးလက်ရှိစွဲထားတာက ၈ ယောက်ရှိတယ်။ တကသ အစုကတော့ သူက တံတားဖြူကနေပြီးတော့ တကသ နယ်မြေကိုလာတဲ့အခါ လှိုင်နယ်မြေဖြစ်သွားတဲ့အတွက် ရဲစခန်းက ၂ယောက်ကိုစွဲတယ်။ ကျန်တဲ့ ဗကသ အစုကိုတော့ ၃ ကြောင်းလုံးကို စွဲတယ်ပေါ့။ တကြောင်းကို ၂ ယောက်နဲ့ ဗကသ စစ်ကြောင်း ဝေယံစိုးမိုးနဲ့ သူရလင်းကို စွဲထားတယ်။ ညီလာခံပြင်ဆင်ရေးကော်မတီ အထက်မြန်မာပြည်က ကျောင်းသားကိုယ်စားလှယ်တွေပါတဲ့အဖွဲ့ မအိသီရိကျော်နဲ့ ကိုခိုင်မင်းထက်ကို စွဲတယ်ပေါ့။ အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသား သမဂ္ဂထဲက ကျနော်နဲ့ ကိုစိုင်းသုဝဏ်တို့ကို စွဲတယ်ပေါ့ ဒီနေ့မနက်အစည်းဝေးလုပ်တော့ အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသား သမဂ္ဂ အမှုဆောင်အစည်းအဝေးမှာ ဆုံးဖြတ်ချက် ချတာကတော့ ကျနော်တို့ ၂ ယောက်ကို တရားရင်ဆိုင်ဖို့အတွက် ရှေ့နေမဌားပဲ တရားရင်ဆိုင်ဖို့ ၊ နောက်ဆုံးအမိန့်ကျလာရင် ငွေဒဏ် (သို့မဟုတ်) ထောင်ဒဏ် ၂ ခုရွေးချယ်ခွင့်ရှိရင် ထောင်ဒဏ်ကိုပဲ ကျနော်တို့ နည်းဥပဒေပုဒ်မကို ဆန့်ကျင်တဲ့အနေနဲ့ ရွေးချယ်ဖို့ ဆုံးဖြတ်ချက်ချထားပါတယ်။”

တချိန်တည်းမှာပဲ ကချင်စစ် (၈)နှစ်ပြည့်ချိန် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူ့ရင်ပြင်မှာ စစ်မီးတွေ အမြန်ဆုံးရပ်ဖို့နဲ့ စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်ခဲတွေကို ငြိမ်းချမ်းစွာသရုပ်ဖော်တင်ဆက်ခဲ့ကြတာကို ဦးဆောင်ခဲ့တဲ့ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူ လူငယ်နှစ်ဦးဖြစ်တဲ့ မဆိုင်းနုပန်နဲ့ ကိုပေါလုတို့ကိုလည်း ငြိမ်းစုစီပုဒ်နဲ့ မြစ်ကြီးနားရဲစခန်းက တရားစွဲခဲ့တာကို တရားရင်ဆိုင်နေရဆဲ အခြေအနေဖြစ်ပါတယ်။ တနိုင်လုံးအတိုင်းအတာနဲ့ စစ်ပွဲတွေရပ်ရေး အခုလို ငြိမ်းချမ်းစွာလှုပ်ရှားသူတွေကို မတရားပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုနေတာကတော့ ပြည်သူက ရွေးချယ်လိုက်တဲ့ အရပ်သားအစိုးရ လက်ထက် မဖြစ်သင့်ဆုံးလုပ်ရပ်ဖြစ်တယ်လို့လည်း ကချင်လူငယ် တရားစွဲခံ ကချင်အမျိုးသမီး မဆိုင်းနုပန်က ဝေဖန်ပြောဆိုပါတယ်။

“NLD အစိုးရ တက်လာပြီးနောက်မှာ အမြဲတမ်း တရားစွဲခံရတယ်ပေါ့နော်။ အရင်တုန်းက စစ်အာဏာရှင်စနစ်တုန်းကတောင်မှ တရားမစွဲပဲနဲ့ ဒီအရပ်သားအစိုးရ တက်လာတဲ့အချိန်ကျမှ ကျမတို့ တရားစွဲခံရတယ်။ ပြီးတော့ ရန်ကုန်၊ မန္တလေးမှာ မှာ Activist တွေကိုလည်း တရားစွဲတာကို တွေ့ရတယ်။ ဆိုလိုတာက ဒီမိုကရေစီအစိုးရလို့ ကြွေးကြော်နေပေမယ့် ဒီမိုကရေစီရဲ့ လက္ခဏာတခုဖြစ်တဲ့ Freedom of Expression ကို ဒီလိုမျိုးလေးစားလိုက်နာမှုမရှိပဲနဲ့ လုပ်ဆောင်နေတဲ့အပိုင်းကတော့ တော်တော်လေး ဒီမိုကရေစီကို မလိုလားတာလားလို့ မြင်ပါတယ်။ အစိုးရဘက်က Freedom of Expression ကို ပြည်သူလူထုကို မချပြခိုင်းလို့ ဒီလိုလုပ်ဆောင်နေတာလားလို့ပေါ့နော် ကျမတို့ ဒီအတိုင်မြင်ပါတယ်။”

အခုလို ငြိမ်းချမ်းစွာလှုပ်ရှားသူတွေနဲ့ တက်ကြွလှုပ်ရှားသူ ဒီမိုကရေစီအင်အားစုတွေအပေါ် စွဲဆိုနေတဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် စီတန်းလှည့်လည်ခွင့်နဲ့ လွတ်လပ်စွာ ဆန္ဒသဘောထားတင်ပြခွင့်အပါအဝင် နိုင်ငံသားတို့ရဲ့ ဒီမိုကရေစီအခြေခံအခွင့်အရေးတွေကို ထိပါးစေမယ့် ဥပဒေပုဒ်မတွေကို ဖျက်သိမ်းဖို့ ပြင်ဆင်ဖို့ ဥပဒေပညာရှင်တွေနဲ့ နိုင်ငံသားအခွင့်အရေးလှုပ်ရှားသူတွေဘက်က တစိုက်မတ်မတ်ဝေဖန်ထောက်ပြချိန်မှာပဲ လတ်တလောမှာတော့ ပြည်ထောင်စုလွှတ်တော်တွင်း ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်ကိုယ်စားလှယ်တွေဘက် ဆောင်ရွက်နေချိန်လည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG