သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ချက် အတည်ပြုမှု NNER ကန့်ကွက်


နိုင်ငံလုံးဆိုင်ရာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကွန်ရက် NNER ထုတ်ပြန်ကြေညာချက်။ (ဇွန် ၂၉၊ ၂၀၁၅)
နိုင်ငံလုံးဆိုင်ရာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကွန်ရက် NNER ထုတ်ပြန်ကြေညာချက်။ (ဇွန် ၂၉၊ ၂၀၁၅)

သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်လိုက်တဲ့ ဥပဒေကြမ်းဟာ အစောပိုင်း သဘောတူညီချက်နဲ့ ကွဲလွဲနေတဲ့အတွက် ပြန်လည်ပြင်ဆင်ပေးဖို့ NNER နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက်က တောင်းဆိုလိုက်ပါတယ်။ လွှတ်တော်နဲ့အစိုးရကပါ အတည်ပြုထားပြီးဖြစ်တဲ့အတွက် ပြင်ဆင်နိုင်မယ့် အခွင့်အလမ်းကတော့ နည်းပါး နေပြီလို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက မြင်ကြပါတယ်။ အသေးစိတ်ကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

သမ္မတဦးသိန်းစိန် ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ လက်မှတ် ရေးထိုးထားပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေဟာ ဒီမိုကရေစီပညာရေးဦးဆောင်ကော်မတီက ကျောင်းသား ကိုယ်စားလှယ်တွေ၊ လွှတ်တော်၊ အစိုးရနဲ့ လေးပွင့်ဆိုင် သဘောတူညီချက်နဲ့ ပေးပို့လိုက်တဲ့ ပြင်ဆင်ချက် ဥပဒေမူကြမ်းနဲ့ အကြီးအကျယ် ကွဲလွဲနေတယ်ဆိုပြီးနိုင်ငံလုံးဆိုင်ရာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကွန်ရက် NNER က ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆို ခဲ့ရတာ ဖြစ်တဲ့အကြောင်း NNER က ဒေါက်တာအာကာမိုးသူက ပြောပါတယ်။

“လေးပွင့်ဆိုင်သဘောတူညီချက်က ကိုက်ညီမှုမရှိဘူးဆိုတဲ့ဟာကို ထောက်ပြချင်တာရယ်၊ နောက်ပြီးတော့ ပြည်သူလူထုကို အဓိက message ပေးချင်တာရယ်၊ ကွဲလွဲချက်ကို အဓိကထောက်ပြတာပါပဲ။”

ဒါပေမဲ့လည်း ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ပြင်ဆင်ချက်တွေနဲ့အတူ လွှတ်တော် ဥပဒေကြမ်းပြင်ဆင်ရေး ကော်မတီရဲ့ဆုံးဖြတ်ချက်နဲ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းလိုက်ပြီဖြစ်တဲ့အတွက် ပြဋ္ဌာန်းပြီးဥပဒေတရပ်ကို ပြန်လည် ပြင်ဆင်ဖို့ဆိုတာ အခုတကြိမ်လွှတ်တော်အစည်းအဝေးအတွင်းမှာ မဖြစ်နိုင်တဲ့အကြောင်း ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းစဉ်က ဝင်ရောက်ဆွေးနွေးခဲ့တဲ့ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းကပြောပါတယ်။

“လက်မှတ်ထိုးပြီးပြီဆိုရင် ဒါက ဥပဒေတခုဖြစ်သွားပြီ။ ဗြုန်းစားကြီးတော့ လွှတ်တော်မှာ ပြင်ဆင်စရာအကြောင်းမရှိတော့ပါဘူး။ နောင်တချိန်ချိန်မှာပဲ ဒါကို ပြင်ဆင်ဖို့ ထပ်ပြီးတော့ကြိုးစားပေါ့။ တချို့ဥပဒေတွေဆို တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ် အဲဒီလို ပြင်ဆင်ရတာတွေ အများကြီးပါ။ ဒါပေမယ့် ဒီဥပဒေကတော့ တော်တော့်ကိုလည်း ဆွေးနွေးခဲ့ကြပြီးပြီ။ ဒီရလဒ်ပေါ်ထပ်ပြီးတော့ ဒီလွှတ်တော်သက်တမ်းမှာ နောက်ထပ် တကြိမ်ပြင်ဆင်ဖို့ဆိုတာ တော်တော့ကို အခက်အခဲရှိပါတယ်။”

အရင် လေးပွင့်ဆိုင်သဘောတူညီချက်ထဲ လက်ခံသဘောတူညီခဲ့တဲ့ အချက်တွေကို အခုပြန်လည်ပြင်ဆင်ပြဌာန်းတဲ့ အမျိုးသားပညာရေး ပြန်လည်ပြင်ဆင်သည့် ဥပဒေထဲ မပါဝင်တာ၊ ငြင်းပယ်ထားတာ၊ နောက် ပညာသင်ကြားရေးဆိုင်ရာတွေမှာ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်လိုမျိုး ဗဟိုချုပ်ကိုင်မှုရှိတဲ့အချက်ပါဝင်လာတာ၊ ခိုင်မာတဲ့ပညာရေး အာမခံချက်မရှိတာ၊ ပညာရေးအသုံးစားရိတ်နဲ့ပတ်သက်ပြီး အချိန်ကာလသတ်မှတ်ချက် တိကျမှုမရှိတာ စသဖြင့် တချက်ချင်းဆီကို ထောက်ပြထားတယ်လို့ ဒေါက်တာ အာကာမိုးသူကပြောပါတယ်။

“အကုန်လုံးက စကားလုံးပဲပြင်ထားတာပဲပေါ့။ ဥပမာ- တက္ကသိုလ်ဆိုတဲ့စကားလုံးမှာ ထပ်ထည့်လိုက်တဲ့စကားလုံးမျိုးပေါ့။ ဥပမာ- ပဋိဉာဉ်နဲ့အညီ ကျောင်းသားသမဂ္ဂကို ကျောင်းသားကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းရမယ်ဆိုတဲ့ဟာမျိုး။ အဲဒါကကျတော့ အပေါ်မှာ လွတ်လပ်ခွင့်ကို နည်းတနည်းနဲ့ထပ်ချုပ်တဲ့စကားလုံးတွေ အပိုပါလာတယ်။ နောက်ပြီးတော့ ကျောင်းသားသမဂ္ဂကိုကိုယ်စားပြုတဲ့ ကျောင်းသားကိုယ်စားလှယ်….ပြောတဲ့အခါမှာ institution ကို အားနည်းအောင်လုပ်လိုက်တယ်။ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်တို့၊ ဆရာသမဂ္ဂကိုယ်စားလှယ်တို့ … institutionalization နဲ့ ကိုယ်က institution နဲ့သာလျှင် check and balance လုပ်နိုင်တာလေ။ ကျောင်းသားတယောက်က institution ကို ကိုယ်စားမပြုဘူးဆိုလို့ရှိရင်၊ ကျောင်းသားရဲ့ education ကို ကိုယ်စားမပြုဘူးဆိုရင် ဘာမှ လုပ်လို့မရဘူး။ ကိုယ်စားလှယ်နဲ့ institution နဲ့ စကားလုံးနှစ်ခုကို ရောထွေးအောင် လုပ်လိုက်တဲ့သဘောသဘာ၀ တွေ ပါလာတယ်။ နောက်ပြီးတော့ ကျောင်းသူကျောင်းသားတွေကို ကျောင်းတက်ခွင့်ပေးဖို့ရယ်။ နိုင်ငံရေးကြောင့် ကျောင်းမတက်ခဲ့တဲ့ကျောင်းသားတွေကို ကျောင်းတက်ခွင့်ပေးဖို့ဆိုတဲ့ဟာတွေ၊ အဲဒါတွေကို ဥပဒေထဲမှာ ထည့်သွင်းဖို့ပါတယ်။ အလယ်တန်းကနေ အခမဲ့ပညာသင်ကြားခွင့် ပညာရေးစနစ်ကို အကောင်အထည်ဖော်ရမယ်လို့ ကတိပေးခဲ့တဲ့ဟာ ..ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မူလတန်းပဲပါလို့ပါ ဆိုပြီး ပြောဆိုချက်နဲ့ …။ ကျနော်တို့က အခြေခံဥပဒေကို ကျော်လွန်တာမဟုတ်ဘူး။ ပြောရမယ်ဆိုလို့ရှိရင် ကောင်းတာကို လုပ်ခွင့်မပေးတော့ဘူးလား ဆိုတဲ့အဓိပ္ပာယ်က မေးခွန်းထုတ်စရာဖြစ်နေတယ်လေ။”

ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေထဲမှာပါတဲ့အချက်နဲ့ လေးပွင့်ဆိုင်သဘောတူညီချက်ထဲမှာ ပါဝင်ခဲ့တဲ့ သဘောတူညီချက်တွေကို နှိုင်းယှဉ်ချက်တွေနဲ့ NNER ပညာရေးမူဝါဒဆိုင်ရာ လုပ်ငန်းအဖွဲ့က သမ္မတဦးသိန်းစိန်ထံကို ဒီကနေ့ ပေးပို့ခဲ့တာ ဖြစ်ပြီး နိုင်ငံအတွက် အရေးကြီးတဲ့ ပညာရေးဥပဒေပြဋ္ဌာန်းချက်တွေကို သမ္မတအနေနဲ့ အလေးထားလိုက်နာပြီး ပြင်ဆင်မယ်လို့ မျှော်လင့်ကြောင့်လည်း NNER က ပြောဆိုပါတယ်။

XS
SM
MD
LG