သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်အပေါ် တရုတ်က ရန်မလိုဖို့ အမေရိကန်နဲ့ G-7 သတိပေး


(Zawgyi / Unicode)

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌရဲ့ ခရီးစဉ်ကြောင့် ထိုင်ဝမ်အပေါ် စစ်ရေးအရ ရန်လိုတာတွေ မလုပ်ဖို့ အမေရိကန်နဲ့ ကမ္ဘာ့အင်အားကြီး ၇ နိုင်ငံ G-7 အဖွဲ့တို့က ပြောဆိုလိုက်ပါတယ်။ ထိုင်ဝမ်ကျွန်းရဲ့ ဒီမိုကရေစီလွတ်လပ်ခွင့်ကို အခိုင်အမာ ကာကွယ်မယ့်အကြောင်း ကတိပြုခဲ့တဲ့ အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ရဲ့ ခရီးစဉ် အဆုံးသတ်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ တရုတ်နဲ့ ထိုင်ဝမ်အပေါ် အမေရိကန်ရဲ့ မူဝါဒအပြောင်းအလဲ မရှိကြောင်း သမ္မတအိမ်ဖြူတော်က ထပ်မံပြောဆိုခဲ့တာပါ။

“ကာလကြာရှည် ကျင့်သုံးလာတဲ့ အမေရိကန်ရဲ့ မူဝါဒနဲ့အညီ သွားရောက်ခဲ့တဲ့ ခရီးစဉ်ကို တရုတ်နိုင်ငံက အကျပ်အတည်းပြဿနာဖြစ်အောင် ဖန်တီးစရာ အကြောင်းမရှိပါဘူး။ ထိုင်ဝမ်ဆက်ဆံရေးဆိုင်ရာ ၁၉၇၉ ခုနှစ် ဥပဒေအရ တရုတ်တပြည်ထောင်သာရှိတယ်ဆိုတာကို လက်ခံထားတဲ့ အမေရိကန် မူဝါဒမှာ အပြောင်းအလဲ မရှိကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပါတယ်” လို့ အိမ်ဖြူတော်ပြောခွင့်ရ Karine Jean-Pierre က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

အမေရိကန် လွှတ်တော်ဥက္ကဋ္ဌကတော့ ထိုင်ဝမ်ကျွန်းကို ပစ်မထားဘူးဆိုတာ ရှင်းရှင်းလင်းလင်းသိအောင် ပြသတဲ့အနေနဲ့ သွားရောက်တာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ ခရီးစဉ်အဆုံးသတ်မှာ ပြောဆိုခဲ့ပါတယ်။ ထိုင်ဝမ်ကျွန်းကို လက်အောက်ခံအဖြစ် သဘောထားတဲ့ တရုတ်အစိုးရကတော့ ခရီးစဉ်ဟာ အချုပ်အခြာထိပါးတဲ့ လုပ်ရပ်အဖြစ် အပြင်းအထန်ကန့်ကွက်ခဲ့သလို၊ ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်ဖို့လည်း ကြေညာခဲ့တာပါ။

ထိုင်ဝမ်ကျွန်းအနီး တရုတ်က စစ်ရေးလေ့ကျင့်တဲ့ အစီအစဉ်ကိုတော့ G-7 အဖွဲ့က ရှုတ်ချလိုက်ပါတယ်။ ခရီးစဉ်ကို အကြောင်းပြပြီး ထိုင်ဝမ်ကျွန်းအနီး ရန်လိုတဲ့ စစ်ရေးလှုပ်ရှားမှုတွေလုပ်တာဟာ တင်းမာမှုတွေနဲ့ ဒေသတွင်း တည်ငြိမ်မှုတွေကို ထိခိုက်နိုင်ကြောင်းလည်း ဗုဒ္ဓဟူးနေ့မှာပဲ G-7 အဖွဲ့က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG