သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုးရီးယား ကမ်းလှမ်းမှု Trump သတိထားကြိုဆို


နျူးကလီးယား ကင်းစင်ပပျောက်ရေးနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရနဲ့ ဆွေးနွေးဖို့ လိုလားတယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင်က ပြောခဲ့တဲ့အပေါ် အမေရိကန်က သတိထား တုံ့ပြန်နေပါတယ်။ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ဖို့ လိုတယ်လို့ သမ္မတ Donald Trump က ပြောကြားခဲ့သလို အမေရိကန် ထောက်လှမ်းရေး အကြီးအကဲတွေကလည်း သတိနဲ့ စောင့်ကြည့်သွားရမယ်လို့ ပြောကြပါတယ်။ တောင်ကိုရီးယား အထူးကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးစဉ် Kim Jong Un ပြောကြားခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ တုံ့ပြန်မှုကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

မြောက်ကိုရီးယား နိုင်ငံ ပြုံယမ်းမြို့တော်ကို ၂ ရက်ကြာသွားခဲ့တဲ့ တောင်ကိုရီးယား အထူးကိုယ်စားလှယ် အဖွဲ့ဟာ အင်္ဂါနေ့က တောင်ကိုရီးယားကို မပြန်ခင် မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un နဲ့တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ မြောက်ကိုရီးယား နိုင်ငံထဲမှာရှိတဲ့ Panmunjom နယ်စပ်မြို့မှာ လာမယ့် ဧပြီ လကုန်ပိုင်းကျရင် တတိယအကြိမ် တောင်မြောက်ကိုရီးယား ထိပ်သီးစည်းဝေးပွဲကျင်းပဖို့ ၂ နိုင်ငံကြား သဘောတူခဲ့ကြပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားအပေါ် စစ်ရေးအရခြိမ်းခြောက်မှုတွေ မရှိဘူး၊ မြောက်ကိုရီးယားအစိုးရရဲ့ လုံခြုံရေးကို အာမခံမယ်ဆိုရင် နျူးကလီးယား လက်နက်တွေထားရှိစရာ အကြောင်းမရှိတဲ့အတွက် နျူးကလီးယား လက်နက် ကင်းစင်ပပျောက်ရေးကို မြောက်ကိုရီးယားတို့ ဖက်က လိုလားကြောင်း ရှင်းရှင်းလင်းလင်း အသိပေးခဲ့တယ်လို့ တောင်ကိုရီးယား အထူးကိုယ်စားလှယ် ခေါင်းဆောင်က ပြန်လည် ပြောပြခဲ့ပါတယ်။ မြောက်ကိုရီးယားတို့အနေနဲ့ အမေရိကန်နဲ့ ဆွေးနွေးဖို့ လိုလားတယ်လို့လည်း ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Chung Eui-yong က ဆိုးလ် မြို့တော်ကို ပြန်ရောက်စဉ်မှာ ခုလိုပြောကြားခဲ့ပါတယ်။

“ နျူးကလီးယား ကင်းစင်ပပျောက်ရေးနဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယား ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ရေး အတွက် အမေရိကန်နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ မြောက်ကိုရီးယားဖက်က ပြောကြားခဲ့ပါတယ်။”

မြောက်ကိုရီးယားတို့ရဲ့ ပြောကြားချက် ထွက်ပေါ်လာခဲ့ပြီးနောက် စောင့်ကြည့်ရမယ်လို့ သမ္မတ Donald Trump ကအင်္ဂါနေ့က တုံ့ပြန်ခဲ့ပါတယ်။

“ ကမ္ဘာကြီးအတွက် သိပ်ကောင်းတဲ့ ကိစ္စဖြစ်ပါလိမ့်မယ်။ မြောက်ကိုရီးယား အတွက် သိပ်ကောင်းတဲ့ ကိစ္စဖြစ်ပါလိမ့်မယ်။ ကိုရီးယားကျွန်းဆွယ်အတွက် သိပ်ကောင်းတဲ့ ကိစ္စဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်။ အခုလက်ရှိဖြစ်နေတဲ့ အခြေအနေမျိုး မရောက်အောင် ဟိုးအရင်ထဲက ဖြေရှင်းခဲ့သင့်တာပါ။ ဆိုင်းမထားဘဲ နှစ်ပေါင်းများစွာထဲက ဖြေရှင်းခဲ့သင့်ပါတယ်။ ကျွန်တော်တို့ကတော့ အပြတ်ရှင်းမှာဖြစ်ပါတယ်။”

မြောက်ကိုရီးယားတို့ရဲ့ ပြောကြားမှုဟာ တိုးတက်မှုဖြစ်ကောင်းဖြစ်နိုင်သလို မျှော်လင့်ချက် အမှားလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အမေရိကန် ဖက်ကတော့ ဘယ်လမ်းပဲဖြစ်ဖြစ် ပြင်းပြင်းထန်ထန် ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ Donald Trump က တွစ်တာ လူမှုကွန်ယက်ပေါ်မှာ အစောပိုင်းကလည်း ရေးသားခဲ့ပါတယ်။

အမေရိကန် အမျိုးသားထောက်လှမ်းရေး အကြီးအကဲကတော့ နျူးကလီးယား ကင်းစင်ရေးနဲ့ပတ်သက်လို့ မြောက်ကိုရီးယားဖက်က အမေရိကန်နဲ့ ဆွေးနွေးဖို့ လိုလားတယ်ဆိုတာကို တိုးတက်မှုလို့ သူ့အနေနဲ့ မမှတ်ယူနိုင်ဘူးလို့ ပြောပါတယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ အရင် အားထုတ်မှုတွေ အားလုံး မအောင်မြင်ခဲ့ဘဲ မြောက်ကိုရီးယားတို့ အတွက်သာ လုပ်ချင်တာလုပ်ဖို့ အချိန်ပေးသလို ဖြစ်ခဲ့တဲ့ အတွက် သူ့အနေနဲ့ သံသယရှိတယ်လို့ ထောက်လှမ်းရေးအကြီးအကဲ Dan Coats က လုံခြုံရေးဆိုင်ရာ အထက်လွှတ်တော် ကြားနာပဲွဲမှာ ပြောကြားခဲ့တာပါ။

“ မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ သတင်းကို ဒီမနက်ကြားရပါတယ်။ ဖြစ်လာမယ်လို့ မျှော်လင့်ရပေမဲ့ လက်တေ့ွ မဖြစ်နိုင်တဲ့ကိစ္စပါ။ ဒီဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ အများကြီး လေ့လာဖို့ လိုပါသေးတယ်။ ကျွန်တော်တို့ ထောက်လှမ်းရေး အသိုင်းအဝိုင်းအနေနဲ့ မြောက်ကိုရီးယား နိုင်ငံထဲမှာ ဖြစ်နေတဲ့ အခြေအနေတွေကို ဆက်ပြီး အတတ်နိုင်ဆုံး သတင်းအချက်အလက် စုဆောင်း သုံးသပ်သွားမှာ ဖြစ်ပါတယ်။”

မြောက်ကိုရီးယားဖက်က နျူးကလီးယား စွမ်းရည် မပိုင်ဆိုင်တော့ပါဘူးဆိုတဲ့ သဘောတူညီချက်မရသရွှေ့ အမေရိကန်ဖက်က သူတို့နဲ့ သဘောမတူနိုင်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ စစ်ထောက်လှမ်းရေးဌာန အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Robert Ashley ကလည်း မြောက်ကိုရီးယားဖက်က နျူးကလီးယား လက်နက် ထုတ်လုပ်စမ်းသပ်မှုတွေ ရပ်ပြီး ညှိနှိုင်းဆွေးနွေးဖို့ အသင့်ဖြစ်နေပြီလို့ မယုံကြည်ကြောင်း အင်္ဂါနေ့က အထက်လွှတ်တော် ကြားနာပွဲမှာ ပြောသွားပါတယ်။

မြောက်ကိုရီယားနိုင်ငံ အနေနဲ့ တောင်ကိုရီးယားနဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နေသမျှ နောက်ထပ် နျူးကလီးယား စမ်းသပ်မှု ပဲ့ထိန်းဒုံး စမ်းသပ်မှုတွေကို လုပ်မှာ မဟုတ်တဲ့အပြင် ရန်စတဲ့လုပ်ရပ်တွေလည်း လုပ်မှာမဟုတ်ဘူးလို့ တောင်ကိုရီးယား အထူးကိုယ်စားလှယ်အဖွဲ့ကို ပြောကြားခဲ့ပါတယ်။

အနာဂတ် ကိုရီးယားကျွန်းဆွယ်မှာ ပိုပြီး တည်ငြိမ်လာတဲ့ အခါကျရင် အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်တို့ကြား နှစ်စဉ်လုပ်နေတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို သင့်သလို အပြောင်းအလဲ လုပ်မယ်လို့ မျှော်လင့်ကြောင်းလည်း မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ကတောင်ကကိုရီးယား အထူးကိုယ်စားလှယ်အဖွဲ့ကို ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့ဝင် သောင်းချီပါဝင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီလကျရင် ပြုလုပ်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG