သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက် နဲ့ တောင်ကိုးရီးယား တွေ့ဆုံမှု အမေရိကန် နဲ့ တရုတ်တုံ့ပြန်


မြောက် နဲ့ တောင်ကိုးရီးယား တွေ့ဆုံမှု
မြောက် နဲ့ တောင်ကိုးရီးယား တွေ့ဆုံမှု

မြောက်ကိုရီးယားကို တောင်ကိုရီးယားအထူးကိုယ်စားလှယ်သွားရောက်နေချိန်မှာပဲ အမေရိကန်အစိုးရနဲ့ တောင်ကိုရီးယားအစိုးရကြား အနီးကပ်ဆက်သွယ်မှုရှိနေပြီး ကိုရီးယားကျွန်းဆွယ်မှာ Nuclear ကင်းစင်ရေးကို အဓိကဦးစားပေးလုပ်သွားမယ်လို့ အမေရိကန်က ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားနဲ့ အမေရိကန်အစိုးရကြား ဆွေးနွေးမှုတွေ ပြန်လုပ်နိုင်ဖို့ တိုက်တွန်းမယ်လို့ တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ပြောထားပါတယ်။ မြောက်ကိုရီးယားမှာ Kim Jong Un အာဏာရလာပြီးထဲက ပထမဆုံးအကြိမ် တောင်ကိုရီးယားကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှုကနေ ဘယ်လိုရလဒ်တွေ ရလာနိုင်ပါသလဲ VOA သတင်းတွေကိုစုစည်းပြီး မစုမြတ်မွန်က တင်ပြပါမယ်။

တနင်္လာနေ့က မြောက်ကိုရီးယားနိုင်ငံပြုံယမ်းမြို့တော်ဆီကို လေယာဉ်နဲ့ရောက်လာတဲ့ တောင်ကိုရီးယားအထူးကိုယ်စားလှယ်အဖွဲ့ကို မြောက်ကိုရီးယား တာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြပါတယ်။ မြောက်ကိုရီးယားဖက်က ၂ နိုင်ငံပြန်လည်ပေါင်းစည်းရေးကော်မတီဥက္ကဋ္ဌ၊ ညီညွတ်ရေးတပ်ဦးဌာန ဒုညွှန်ကြားရေးမှူးတို့နဲ့ တောင်ကိုရီးယားကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့အပြင် မြောက်ကိုရီးယား အလုပ်သမားပါတီရဲ့ ဗဟိုကော်မတီဒုဥက္ကဋ္ဌနဲ့လည်း တေ့ွဆုံခဲ့ကြပါတယ်။ ညပိုင်းမှာတော့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့အတူ ညစာစားကြတယ်လို့ တောင်ကိုရီးယားတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ Kim Jong Un အာဏာရလာတဲ့ ၂၀၁၁ ခုနှစ်ထဲက တောင်ကိုရီးယားတာဝန်ရှိသူတွေနဲ့ ပထမဆုံး တွေ့ဆုံတာဖြစ်ပါတယ်။ အထူးကိုယ်စားလှယ်အဖွဲ့အနေနဲ့ တောင်ကိုရီးယားသမ္မတ Moon Je-in ရဲ့သတင်းစကားကို သယ်ဆောင်သွားတာဖြစ်တယ်လို့ အဖွဲ့ကိုဦးဆောင်သွားတဲ့ တောင်ကိုရီးယားအမျိုးသားလုံခြုံရေးဌာန အကြီးအကဲ Chung Eui-yong က ခုလိုပြောကြားခဲ့ပါတယ်။

" ပြုံချမ်းဆောင်းရာသီအိုလံပစ်အားကစားပွဲမှာ စတင်တိုးတက်ခဲ့တဲ့ ကိုရီးယား ၂ နိုင်ငံကြားဆွေးနွေးမှုအရှိန်အဟုန်ကို ဆက်ထိမ်းထားတဲ့အနေတဲ့ ကိုရီးယားကျွန်းဆွယ်မှာ Nuclear ကင်းစင်ရေးနဲ့ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ဖို့လိုလားတယ်ဆိုတဲ့ သမ္မတ Moon ရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ ဆန္ဒကို ကျွန်တော်တို့ သယ်ဆောင်သွားမှာဖြစ်ပါတယ်။"

ပြုံချမ်းဆောင်းရာသီအိုလံပစ်အားကစားပွဲဖွင့်ပွဲတုန်းက မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က သူ့ရဲ့ညီမနဲ့ နိုင်ငံတော် ရုပ်ပြခေါင်းဆောင်တို့ကို စေလွှတ်ခဲ့ပြီး ကိုရီးယား ၂ နိုင်ငံထိပ်သီးဆွေးနွေးပွဲကို သူ့နိုင်ငံမှာလာကျင်းပပါလို့ တောင်ကိုရီးယားသမ္မတကို သတင်းစကားပါးခဲ့တာပါ။ အခု အထူးကိုယ်စားလှယ်အဖွဲ့ထဲမှာပါတဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးအကြီးအကဲ Suh Hoon ဟာဆွေးနွေးပွဲတွေမှာ အရေးပါသူဖြစ်တယ်လို့ Tufts တက္ကသိုလ်က တွဲဖက်ပါမောက္ခ Sung Yoon Lee က VOA ကိုပြောပါတယ်။

"၂၀၀၀ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်တွေတုန်းက ကျင်းပခဲ့တဲ့ ကိုရီးယား ၂ နိုင်ငံကြား ထိပ်သီးစည်းဝေးပွဲ ၂ ခုမှာ Mr. Suh က ထဲထဲဝင်ဝင် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာ နောက်ထပ် ၂ နိုင်ငံထိပ်သီးစည်းဝေးပွဲကျင်းပနိုင်ရေးအတွက်လည်း သူကြိုးစားဆောင်ရွက်နေတယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်။"

အမေရိကန်အစိုးရနဲ့ မြောက်ကိုရီးယားအစိုးရကြား ဆွေးနွေးမှုတွေ ပြန်လည်စတင်နိုင်ရေးလမ်းစရှာဖို့ မြောက်ကိုရီးယားတို့ကို တိုက်တွန်းမယ်လို့ တောင်ကိုရီးယားအထူးကိုယ်စားလှယ်အဖွဲ့က ပြောထားပါတယ်။ ဒါ့အပြင် ၂ ရက်ကြာ မြောက်ကိုရီးယားခရီးစဉ်ပြီးရင် ပြုံယမ်းမြို့မှာ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာကို အမေရိကန်တာဝန်ရှိသူတွေကို ပြောပြဖို့အတွက် တောင်ကိုရီးယား အထူးကိုယ်စားလှယ်တွေဟာ အမေရိကန်ပြည်ထောင်စုကို လာမှာဖြစ်ပါတယ်။

တောင်ကိုရီးယားအစိုးရနဲ့ အမေရိကန်အစိုးရကြား အနီးကပ်ဆက်သွယ်မှုရှိပြီး ကိုရီးယားကျွန်းဆွယ်မှာ Nuclear ကင်းစင်သွားရေးအတွက် လိုအပ်ရင် အပြင်းထန်ဆုံး ဖိအားပေးမှုလို စည်းလုံးတဲ့တုံ့ပြန်မှုတွေလုပ်သွားဖို့ သဘောတူထားတယ်လို့ အရှေ့အာရှနဲ့ Pacific ရေးရာ အမေရိကန်နိုငံခြားရေးဌာနပြောခွင့်ရ Katina Adams က တနင်္လာနေ့က ပြောပါတယ်။ မြောက်ကိုရီးယားနဲ့ ထိတွေ့ဆက်ဆံဖို့ လိုလားပေမယ့် Nuclear ကင်းစင်ရေးကိစ္စနဲ့ပတ်သက်လို့တော့ မညှိုနှိုင်းနိုင်ဘူးဆိုတဲ့ အမေရိကန်ရဲ့ ရပ်တည်ချက်ကိုလည်း သူက ထပ်ပြီး ပြောကြားခဲ့ပါတယ်။ အရင်အမေရိကန် အစိုးရတွေလုပ်ခဲ့တဲ့ အမှားမျိုးလုပ်မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

မြောက်ကိုရီယားဖက်က အမေရိကန်နဲ့ ဆွေးနွေးဖို့လိုလားတယ်လို့ အစောပိုင်းက ပြောကြားခဲ့ပေမယ့် ဆွေးနွေးမှုတွေမစခင် Nuclear ကင်းစင်ရေးကို အရင်လုပ်ရမယ်လို့ သမ္မတ Donald Trump ကတုံ့ပြန်ခဲ့ပြီးနောက်မှာတော့ ဆွေးနွေးပွဲအတွက် ကြိုတင်သတ်မှတ်ချက်တွေထားတာ ယုတ္တိမရှိဘူး၊ Nuclear ကြိုတင်သတ်မှတ်ချက်နဲ့ဆိုရင် မဆွေးနွေးဘူးလို့ မြောက်ကိုရီးယားတို့ဖက်က ဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားအနေနဲ့ သူတို့နိုင်ငံကို Nuclear ပိုင်ဆိုင်တဲ့နိုင်ငံတခုအဖြစ် အမေရိကန်ကရော ကမ္ဘာကပါ သတ်မှတ်ထားစေချင်တာဖြစ်တယ်လို့ တွဲဖက်ပါမောက္ခ Sung Yoon Lee ကသုံးသပ်ပါတယ်။

" မြောက်ကိုရီးယားဟာ Nuclear စစ်ပွဲကို အချိန်မရွေးဆင်နွဲနိုင်တော့မယ့် နိုင်ငံတခုဖြစ်တယ်လို့ အမေရိကန်ရော ကမ္ဘာကပါလက်ခံထားအောင် မြောက်ကိုရီးယားက လုပ်ထားနိုင်ပါတယ်။ အမေရိကန်ဖက်ကလည်း ဒီအချက်ကို လက်မခံချင်ပေမဲ့ လက်ခံထားပါတယ်။ တချိန်ထဲမှာ တောင်ကိုရီးယားတို့ကလည်း တောင်၊ မြောက်ကိုရီးယားကြား ထိပ်သီးစည်းဝေးပွဲကျင်းပနိုင်ရေးဆိုတဲ့ သူတု့ိရဲ့ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်အောင် ကြိုးစားနေပါတယ်။ လောလောဆယ် ပြုံယမ်းမြို့တော်မှာ ရောက်နေကြတဲ့ တောင်ကိုရီးယား အထူးကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ကိုရီးယားတာဝန်ရှိသူတွေ တေ့ွဆုံဆွေးနွေးပွဲတွေကနေ ရနိုင်တဲ့ရလဒ်ကတော့ ကိုရီးယား ၂ နိုင်ငံကြား ကွဲကွာနေကြတဲ့ မိသားစုတွေ ပြန်လည်တွေ့ဆုံနှုတ်ဆက်နိုင်မယ့် အစီအစဉ်တွေကို သတ်မှတ်ကြေညာနိုင်မယ့် ရလဒ်လို့ ကျွန်တော်ထင်ပါတယ်။"

မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကြား တွေ့ဆုံပွဲတိုင်းရဲ့ နောက်ကွယ်မှာ တောင်ကိုရီးယားဖက်က မြောက်ကိုရီးယားကို ငွေကြေးထောက်ပံ့မှုတွေလုပ်ရတဲ့အတွက် ၂ နိုင်ငံစီမံကိန်းတွေပြန်စဖို့နဲ့ ၂ နိုင်ငံထိပ်သီးစည်းဝေးပွဲတွေပြန်စဖို့အတွက် မြောက်ကိုရီးယားဖက်က ဘယ်လောက်ပမာဏလိုချင်သလဲ ဆိုတာကလည်း စိတ်ဝင်စားစရာဖြစ်တယ်လို့ တွဲဖက်ပါမောက္ခ Sung Yoon Lee က ထောက်ပြပါတယ်။ တရုတ်နိုင်ငံကတော့ ခုလိုတောင်ကိုရီးယား အထူးကိုယ်စားလှယ် မြောက်ကိုရီးယားသွားတဲ့အပေါ် ကြိုဆိုတယ်လို့ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG