သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား တပ်မတော်နေ့ စစ်ရေးလေ့ကျင့်မှု အကြီးအကျယ်ပြုလုပ်


မြောက်ကိုရီးယား တပ်မတော်နေ့ အခမ်းအနား
မြောက်ကိုရီးယား တပ်မတော်နေ့ အခမ်းအနား

မြောက်ကိုရီးယားတပ်မတော် တည်ထောင်ခြင်း ၈၅ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် မြောက်ကိုရီးယားနိုင်ငံ အရှေ့ဘက် ဆိပ်ကမ်းမြို့ Wonsan မှာ တကယ့် စစ်ပွဲတခုမှာလို အစမ်းလေ့ကျင့် ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှုကြီးတခု လုပ်ခဲ့တဲ့အကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဌာနက ပြောပါတယ်။ နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားအနေနဲ့ ဒီ အထင်ကရ နှစ်ပတ်လည်နေ့မှာ ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု ဒါမှမဟုတ်ရင်လည်း ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုလုပ်နိုင်တယ်လို့ ဆိုပြီး လေ့လာသူတွေက အစောပိုင်း ခန့်မှန်းခဲ့ကြပေမဲ့ ဒီကနေ့ နှောင်းပိုင်းအထိ အဲဒီလို စမ်းသပ်မှုမျိုး တခုမှ မဖြစ်ခဲ့ပါဘူး။

ဒီကနေ့ မြောက်ကိုရီးယားမှာ တပ်မတော်နေ့ အခမ်းအနား ကျင်းပတဲ့ တနေ့တည်းမှာပဲ အမေရိကန်ရဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော USS Michigan တောင်ကိုရီးယားကို ရောက်ရှိလာခဲ့ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်သင်္ဘောတွေဟာ ဂျပန်ရေတပ် သင်္ဘောတွေနဲ့ ပူးပေါင်းပြီး ကိုရီယားကျွန်းဆွယ် အနောက်ခြမ်း ပင်လယ်ပြင်မှာ ပူးတွဲ စစ်ရေးလေ့ကျင့်နေကြတာဖြစ်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုတွေကို မနက်ဖြန် ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းအထိ ပြုလုပ်သွားမှာပါ။

တချိန်တည်းမှာပဲ သမ္မတ Trump က လည်း ဗုဒ္ဓဟူးနေ့မှာ မြောက်ကိုရီးယားအရေး အဓိကထား ဆွေးနွေးမယ့် အရေးကြီးဆွေးနွေးပွဲကို တက်ရောက်ဖို့ အထက်လွှတ်တော် အမတ် ၁၀၀ ကို အိမ်ဖြူတော်ကို ဖိတ်ကြားထား တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG