သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအရေး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွတ်ဖို့ တရုတ်တိုက်တွန်း


အမေရိကန်သမ္မတ Donald Trump နဲ့တရုတ် သမ္မတ Xi Jinping တို့ ဧပြီလတုန်းက တွေ့ဆုံစဉ်
အမေရိကန်သမ္မတ Donald Trump နဲ့တရုတ် သမ္မတ Xi Jinping တို့ ဧပြီလတုန်းက တွေ့ဆုံစဉ်

မြောက်ကိုရီးယားအရေးနဲ့ပတ်သက်လို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ အမေရိကန်သမ္မတ Donald Trump နဲ့ ဒီကနေ့ ဖုန်းပြောချိန်မှာ တရုတ် သမ္မတ ရှီကျင်းဖျင်က တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ ဒီလ အစောပိုင်းတုန်းက ခေါင်းဆောင်နှစ်ဦး တွေ့ဆုံခဲ့ကြပြီးတဲ့နောက်ပိုင်း သူတို့နှစ်ဦး ဒုတိယအကြိမ် ဖုန်းပြောကြတာပါ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာမျိုး တရုတ်အစိုးရက လက်မခံတဲ့အကြောင်းနဲ့ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာနေတဲ့ အခြေအနေကို ပိုပြီး ဆိုးရွားအောင် မလုပ်ကြဖို့နဲ့ သက်ဆိုင်ရာ ဘက်အားလုံးက ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း တွေကို သမ္မတ ရှီကျင်းဖျင်က အလေးထား ဆွေးနွေးခဲ့တဲ့အကြောင်း တရုတ်အစိုးရပိုင် ရုပ်သံမှာ ကြေညာခဲ့တာပါ။

သမ္မတ Trump ဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့လည်း မြောက်ကိုရီးယားအရေး ဖုန်းဆက် ဆွေးနွေးခဲ့ပါသေးတယ်။ မြောက်ကိုရီးယား အရေးနဲ့ပတ်သက်လို့ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖို့ လိုအပ်တယ်ဆိုတာကို ဂျပန်ခေါင်းဆောင်က သဘောတူပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေဟာ ဂျပန်နိုင်ငံရဲ့ လုံခြုံရေးကို သိသိသာသာ ခြိမ်းခြောက်နေတာ ဖြစ်တဲ့အကြောင်း သမ္မတ Trump နဲ့ ဖုန်းပြောချိန်မှာ ဂျပန် ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ မနက်ဖြန် အင်္ဂါနေ့မှာ ကျရောက်မယ့် ကိုရီးယားပြည်သူ့တပ်မတော် တည်ထောင်ခြင်း ၈၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု လုပ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ တိုးလာနေချိန်မှာပဲ အမေရိကန်သမ္မတ Trump ဂျပန်နဲ့ တရုတ်ခေါင်းဆောင်တွေကို ဖုန်းဆက်သွယ် စကားပြောခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG